အရည်အသွေးဆိုတာက ဘယ်အလုပ်ပဲလုပ်လုပ် အပြစ်အနာအဆာ ကင်းစင်အောင် လုပ်ဆောင်မှု ဖြစ်ပါတယ်။ လူတွေရဲ့ နေ့စဉ်ဘဝမှာ မြင်ရနိုင်တာတွေ ရှိသလို မမြင်ရတာတွေလည်း ရှိတယ်။ အရည်အသွေးက မြင်ရတဲ့အရာတွေမှာဖြစ်စေ၊ မမြင်ရတဲ့အရာတွေမှာဖြစ်စေ လိုအပ်တယ်။ မြင်ရနိုင်တဲ့ အရည်အသွေးတွေက နေ့စဉ်နဲ့အမျှ ထုတ်လုပ်နေကြတဲ့ ထုတ်ကုန်ပစ္စည်းတွေ အားလုံးရဲ့ အရည်အသွေးတွေ၊ အရည်အသွေး ကောင်းမွန်မှုတွေ ဖြစ်တယ်။ စာရေးသူတို့နိုင်ငံက ၁၉၉၇ ခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့တယ်။ အဲဒီနှစ်မှာပဲ ၂၀၁၅ ရောက်ရင် AFTA လွတ်လပ်တဲ့ကုန်သွယ်မှု ASEAN Free Trade Area အကောင်အထည်ဖော်မယ်ဆိုတာ ကြေညာခဲ့တယ်။ အခုတော့ အဲဒီ AFTA ကနေ AEC လို့ခေါ်တဲ့ အရှေ့တောင် အာရှစီးပွားရေးအစုအဖွဲ့ (ASEAN Economic Community) လို့ အမည်ပြောင်းလိုက်တယ်။ ဘယ်လိုအမည်ပြောင်းပေမယ့် မူလရည်ရွယ်ချက်က အရှေ့တောင်အာရှ နိုင်ငံအတွင်းမှာ ထုတ်ကုန်ပစ္စည်းတွေ လွတ်လပ်စွာစီးဆင်းနိုင်စေဖို့ ဖြစ်တယ်။မမြင်ရတဲ့ အရည်အသွေးဆိုတာက လူတစ်ဦးချင်းရဲ့ ကိုယ်ကျင့်သိက္ခာ၊ အကျင့်သီလ ကောင်းမွန်စေမှု ဖြစ်တယ်။ လူတစ်ဦးချင်းမှာ မြင်ရနိုင်တဲ့အရာက အဲဒီလူရဲ့ အမူအရာသာ ဖြစ်တယ်။ အတွင်းစိတ်ခံစားမှုတွေ အတွေးစိတ်ကူးတွေနဲ့ ပင်ကိုစိတ်ရင်းတွေ ဖြစ်တယ်။ ဒါကြောင့် လူတွေရဲ့ အပြောအဆို အမူအကျင့်တွေကနေ အဲဒီလူရဲ့ ရိုးသားမှုကို ဦးစွာဖော်ထုတ်နိုင်ဖို့က ခဲယဉ်းတယ်။ တိုးတက်တဲ့နိုင်ငံတွေကို လေ့လာသုံးသပ်ကြည့်ရင် တစ်ဦးချင်းရဲ့ စိတ်ဓာတ်ကောင်းမွန်စေမှုကို ပထမပုံသွင်းပေးပြီး မြင်ရတဲ့အရာတွေရဲ့ အရည်အသွေးတွေ တိုးတက်ကောင်းမွန်လာစေတာ ဖြစ်တယ်။အရည်အသွေးပြည့် စီမံခန့်ခွဲမှု (Total Quality Management - TQM) က အမေရိကန်နိုင်ငံကနေ စတင်ခဲ့တာ ဖြစ်ပေမယ့် အဲဒီပညာကို လက်တွေ့ကျကျ ရုပ်လုံးဖော်တာက ဂျပန်နိုင်ငံဖြစ်တယ်။ ဂျပန်နိုင်ငံက သယံဇာတ ပေါကြွယ်ဝမှု မရှိပေမယ့် လူတွေရဲ့ ကောင်းမွန်တဲ့စိတ်ကောင်းတွေ မွေးမြူ ပေးနိုင်မှုကနေ နိုင်ငံကို တိုးတက်လာစေခဲ့ တာဖြစ်တယ်။ ဂျပန်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး မက်အာသာလက်ထက်မှာ အမေရိကန်နိုင်ငံက အရည်အသွေးပညာရှင်တွေဖြစ်တဲ့ Mr.Deming နဲ့ Mr.Juran တို့ကို ဂျပန်နိုင်ငံကို ဖိတ်ခေါ်ပြီး အရည်အသွေးပြည့် စီမံခန့်ခွဲမှုသင်တန်းတွေ ပေးစေပြီး အရည်အသွေးကောင်းတဲ့ ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်စေခဲ့တယ်။ ဂျပန်နိုင်ငံမှာ အလုပ်ရှင်ကနေ အလုပ်သမားတစ်ဦးကို အလုပ်တစ်ခုခု ခိုင်းလိုက်ရင် အခိုင်းခံရတဲ့ အလုပ်သမားက သူ့အနေနဲ့ အစကတည်းက ကောင်းအောင်မှန်အောင် လုပ်ရမယ်ဆိုတဲ့ ခံယူချက်ထားရှိပြီးဖြစ်တယ်လို့ စာရေးသူရဲ့ မိတ်ဆွေကြီး Mr.Urayama က ပြောဖူးတယ်။ ဒါက Do thing right first time ဆိုတာဖြစ်တယ်။ စတင်လုပ်ဆောင်ကတည်းက အမှားကင်းအောင် မှန်အောင်လုပ်ရင် နောက်ထပ်ပြန်လုပ်ဖို့ မလိုအပ်တော့တဲ့အတွက် တစ်ဖက်မှာ အရည်အသွေးကောင်းလာစေပြီး အခြားတစ်ဖက်မှာ စကတည်းက ကောင်းအောင်လုပ်ဆောင်တဲ့အတွက် ကုန်ကျစရိတ် ထပ်မံမပေါ်ပေါက်စေတော့တာ ဖြစ်တယ်။စာရေးသူတို့နိုင်ငံက ဆိုင်တွေမှာ ဈေးဝယ်လာသူတွေ မြင်သာအောင် ရေးကပ်ထားတဲ့ စာတန်းတစ်ခု ရှိတယ်။ အဲဒါက ‘ဝယ်ပြီးပစ္စည်း ပြန်လဲမပေးပါ’ ဆိုတာ ဖြစ်တယ်။ ဝယ်သူက ဝယ်ယူလိုက်တဲ့ပစ္စည်း ပြန်လဲလှယ်ခွင့် ရှိတယ်ဆိုတဲ့ စီးပွားရေးကိုယ်ကျင့်သိက္ခာ မရှိကြလို့ဖြစ်တယ်။ စာရေးသူရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ သင်္ဘောကပ္ပတိန်တစ်ဦး ပြောဖူးတယ်။ အနောက်ဘက်နိုင်ငံက တစ်နိုင်ငံမှာ သင်္ဘောညအိပ်ရပ်နားတော့ သူက မြို့ပေါ်တက်ပြီး ဆိုင်တစ်ဆိုင်မှာ အင်္ကျီတစ်ထည် သွားဝယ်တယ်။ သူဝယ်လာတဲ့ အင်္ကျီကို သူ့အခန်းပြန်ရောက်ပြီး ဝတ်ကြည့်လိုက်တော့ အဲဒီအင်္ကျီက တိုက်ဆွေးဖြစ်နေလို့ ဝယ်ယူခဲ့တဲ့ဆိုင်ကို ပြန်သွားပြီး အကျိုးအကြောင်းပြောပြတာ ဆိုင်ရှင်က အခုလို လာရောက်လဲတဲ့အတွက် သူ့ကို ကျေးဇူးတင်ကြောင်း တဖွဖွပြောပြီး အသစ်အထုပ်အတွင်းက နောက်ထပ်အင်္ကျီတစ်ထည် ပြန်လဲပေးလိုက်တယ်လို့ ဆိုတယ်။ အရောင်းလုပ်ငန်းတွေမှာ ရောင်းသူတွေက မရောင်းမီမှာ မိမိဆိုင်ရောင်းသူနေရာကနေ စဉ်းစားပြီးမှ ရောင်းပါဆိုတဲ့ ရွှေဥပဒေသ ရှိပါတယ်။ ဒါက စီးပွားရေးကိုယ့်ကျင့်သိက္ခာတွေအနက် တစ်ခုဖြစ်ပါတယ်။ ဒါက မမြင်နိုင်တဲ့ အရည်အသွေးတစ်ခုလည်း ဖြစ်ပါတယ်။Six Sigma အရည်အသွေးဆိုတာ ဘာလဲဆိုတာ ရှင်းဖို့လိုသေးတယ်။ ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်ကြရာမှာ ပစ္စည်းခုရေ တစ်သန်း ထုတ်လုပ်ရာမှာ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ အပြစ်အနာအဆာက ၃ ဒသမ ၄ သာရှိရင် လုပ်ဆောင်ချက် အကျိုးဖြစ်ထွန်းစေမှုက ၉၉ ဒသမ ၉၉၉၇ ရာခိုင်နှုန်းနဲ့ ရာနှုန်းပြည့်နီးပါး ကောင်းမွန်စေဖို့ ဒီလို အရည်အသွေးဖြစ်ထွန်းအောင် လုပ်ဆောင်မှုကို Six Sigma Quality လို့ခေါ်ဆိုပြီး ဒါကို သင်္ကေတအနေနဲ့ ‘6’ လို့ ပြဆိုကြတာ ဖြစ်တယ်။ အပြစ်အနာအဆာတွေ ဒီထက်များလာရင်တော့ 6 ရဲ့တန်ဖိုးက 5 Sigma, 4 Sigma, 3 Sigma, 2 Sigma, 1 Sigma ဆိုပြီး တန်ဖိုးက လျော့သွားတာ ဖြစ်ပါတယ်။ပထမဦးဆုံး ပေါ်ပေါက်လာခဲ့တဲ့ အရည်အသွေးပြည့် စီမံခန့်ခွဲမှုက ကိန်းဂဏန်းနဲ့ ညွှန်းဆိုလို့မရတဲ့ Qualitative Approach ဖြစ်ပါတယ်။ Six Sigma Quality ကတော့ ကိန်းဂဏန်းနဲ့ ဖော်ပြနိုင်တဲ့ Quantitative Approach ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိတို့ တစ်ဦးချင်းရဲ့ လုပ်ဆောင်ချက်တွေမှာ အပြစ်အနာအဆာကင်းအောင် လုပ်ဆောင်နိုင်စေဖို့ လိုအပ်တယ်။ ဖန်ချက်စက်ရုံတစ်ခုက ပုလင်း ၁၀၀ ထုတ်လိုက်တိုင်း ပုလင်း ၅၀ ကွဲတာတွေ ဖြစ်နေရင် အရည်အသွေး မမီဘူးလို့ ဆိုနိုင်တယ်။ လူတွေရဲ့ လုပ်ဆောင်ချက်တွေက အရည်အသွေးတွေ ပြည့်ဝစွာနဲ့ Six Sigma Quality အတိုင်း ဆောင်ရွက်နိုင်ကြရင် ထုတ်ကုန်အရည်အသွေးမှာရော ဝန်ဆောင်မှု အရည်အသွေးတွေမှာပါ တိုးတက်လာပြီး စိတ်အရည်အသွေးကပါ ကောင်းမွန်မှုတွေနဲ့ ဖြည့်ဆည်းလိုက်နိုင်ရင် နိုင်ငံတိုးတက်လာမှာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။