ရွေးကောက်ပွဲကော်မရှင်ရုံးမှ ၂၀၁၅-၂၀၁၆ ခုနှစ်စုစုပေါင်းအသုံးစရိတ် ကျပ်သန်း ၄၉၀၀၀ ကျော်တောင်းထားသည့်အနက် ဧည့်ခံကျွေးမွေးစရိတ် ကျပ်သန်း ၅၇၀၀ ကျော်သည် အလွန်များပြားကြောင်း လွှတ်တော်ကိုယ်စားလှယ်တင်ပြ

ရွေးကောက်ပွဲကော်မရှင်ရုံးမှ ၂၀၁၅-၂၀၁၆ ခုနှစ်စုစုပေါင်းအသုံးစရိတ် ကျပ်သန်း ၄၉၀၀၀ ကျော်တောင်းထားသည့်အနက် ဧည့်ခံကျွေးမွေးစရိတ် ကျပ်သန်း ၅၇၀၀ ကျော်သည် အလွန်များပြားကြောင်း လွှတ်တော်ကိုယ်စားလှယ်တင်ပြ
Published 13 March 2015
မျိုးမင်းထက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာနှစ်တွင် စုစုပေါင်းအသုံးစရိတ် ကျပ်သန်း ၄၉၀၀၀ ကျော်တောင်းထားသည့်အနက်မှ ဧည့်ခံကျွေးမွေးစရိတ် ကျပ်သန်း ၅၇၀၀ ကျော်သည် အလွန်များပြားကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကတင်ပြသည်။ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက နေပြည်တော်တွင် မတ် ၁၃ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ မူသဘောအပါအဝင် ရငွေသုံးငွေများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။"ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့်ဌာန/အဖွဲ့အစည်းများ၏ သာမန်ရငွေနှင့် အသုံးစရိတ်တွင်ဖော်ပြထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ၂၀၁၅ -၂၀၁၆ တွင် စုစုပေါင်းအသုံးစရိတ် ကျပ်သန်း ၄၉၈၇၈ ဒသမ ၃၃၆ သန်းတောင်းထားသည့်အနက်မှ ဧည့်ခံကျွေးမွေးစရိတ် ကျပ်သန်း ၅၇၀၀ ဒသမ ၈၁၁ ဟာ အလွန်တရာများပြားလှပါသည်ဟု တင်ပြလိုပါတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောကြားသည်။ဆက်လက်ပြီး ၎င်းက "၂၀၁၅ တွင် ရွေးကောက်ပွဲအသစ်ပြုလုပ်ရန်ရှိခြင်းကြောင့် ဧည့်ခံစရိတ်များပြားရခြင်းဖြစ်သော်လည်း ကျပ်သန်းပေါင်း ၅၇၀၀ ဆိုတာ ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်နယ်ဆေးရုံပေါင်း ၁၄ ရုံ သို့မဟုတ် ကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း ၁၂၆ ခု တည်ဆောက်ခြင်းငွေပမာဏနှင့်တူနေပါသောကြောင့် ဧည့်ခံကျွေးမွေးစရိတ်ကို ကျပ်သန်းပေါင်း ၅၇၀၀ သုံးစွဲရန်မသင့်လျော်ဘဲ လျှော့၍ခွင့်ပြုသင့်ပါတယ်" ဟုပြောကြားသည်။၂၀၁၅-၂၀၁၆ အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် ပြည်ပအကူအညီရငွေနှင့် ချေးယူငွေတို့ဖြင့် ဆက်နွှယ်ထားသည့်လုပ်ငန်းအသုံးစရိတ်တွင် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံဆောက်လုပ်ရန်အတွက် ကျပ်သန်းပေါင်း ၂၅၅၀ ကို အိန္ဒိယနိုင်ငံမှ ထောက်ပံ့ထားကြောင်းတွေ့ရပြီး အကျိုးအကြောင်းဖော်ပြချက်တွင် ပညာရေးနှင့်ကျန်းမာရေးအတွက်ဟု ဖော်ပြထားသော်လည်း အမှန်တကယ်မှာ ပညာရေးနှင့်ကျန်းမာရေးအတွက် ၁၂၆၈ ဒသမ ၉၄ သန်းသာသုံးထားပြီး ဖော်ပြချက်တွင်မပါရှိသော တံတားဆောက်လုပ်မှုအတွက် ကျပ် သန်း ၄၈၀ သုံးမည်ဟုတွေ့ရှိရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးတင်ပြသည်။ဆက်လက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက "ထိုသုံးငွေများကိုစိစစ်ကြည့်ရာတွင် ပညာရေးဝန်ကြီးဌာနမှ ကျောင်းတစ်ကျောင်းဆောက်လျှင်  ၂၉ ဒသမ ၅၉ သန်း သုံးစွဲရန်ပေးနိုင်သော်လည်း အိန္ဒိယထောက်ပံ့ငွေနှင့်ဆောက်သော ကျောင်းတစ်ကျောင်းမှာ ၉၅ ဒသမ ၂၉ သန်း ကုန်ကျစရိတ်ရှိကြောင်း တွေ့ရှိရပါတယ်။ ကျန်းမာရေးဌာနခွဲအတွက်ဆိုလျှင်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဌာနခွဲတစ်ခုအတွက် ၂၅ သန်းသာသုံးသော်လည်း အိန္ဒိယထောက်ပံ့ငွေဖြင့်ဆောက်သော ကျန်းမာရေးဌာနခွဲတစ်ခုမှာ ၃၅ ဒသမ ၄၄ သန်း ကုန်ကျစရိတ်ရှိကြောင်း တွေ့ရှိပါတယ်" ဟုပြောကြားသည်။နိုင်ငံခြားထောက်ပံ့ငွေများသုံးစွဲမှုကို စာရင်းစစ်ချုပ်ရုံးမှ အင်ဂျင်နီယာပိုင်းကိစ္စရပ်များကို မစစ်ဆေးရလျှင်တောင် သုံးငွေနှင့် စီမံကိန်းအကောင်အထည်ဖော်မှု ညီမျှမှု ရှိ မရှိကို စစ်ဆေးပေးသင့်ပြီး ယင်းဒေသများသည် စာရင်းစစ်ချုပ်ရုံးမှတင်ပြထားသော ဝေးလံခေါင်ဖျားပြီး စီမံကိန်းမစစ်ဆေးနိုင်သောဒေသများဖြစ်နေသည့်အတွက် ပြည်ပအကူအညီသုံးငွေများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စစ်ဆေးခံပိုင်ခွင့်၊ တာဝန်ယူပိုင်ခွင့်ရှိရန်လိုအပ်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကဆွေးနွေးတင်ပြသည်။

Most Read

Most Recent