နိုင်ငံတစ်ဝန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထောက်ပံ့မှု ပိုမိုတိုးမြှင့်ပေးရန် လွှတ်တော်ဆုံးဖြတ်

နိုင်ငံတစ်ဝန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထောက်ပံ့မှု ပိုမိုတိုးမြှင့်ပေးရန် လွှတ်တော်ဆုံးဖြတ်
Published 10 February 2015

နိုင်ငံတစ်ဝန်း အနယ်နယ်အရပ်ရပ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အစိုးရအနေဖြင့် အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထောက်ပံ့မှု ပိုမိုတိုးမြှင့်ပေးရန် ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည်။နေပြည်တော်တွင် ဖေဖော်ဝါရီ ၉ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က “နိုင်ငံတော်တစ်ဝန်း အနယ်နယ်အရပ်ရပ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထောက်ပံ့မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံအတွင်း ဘုန်တော်ကြီးသင် အခြေခံပညာ မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၁၅၉၇ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ ၂၇၀၀၀၀ ခန့်ရှိကြောင်း သူရဦးအေးမြင့်က ဆိုသည်။“ယနေ့ နိုင်ငံတော်မှ မူလတန်းနှင့် အလယ်တန်းအဆင့်ကို အခမဲ့ပညာ သင်ကြားခွင့်ပြုထားသည့် အချိန်တွင် အခမဲ့ဆိုသော အစိုးရကျောင်းများတွင်ပင် ပညာသင်ယူရန် မတတ်နိုင်တဲ့ အတွက်ကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ပညာသင်ယူနေရသည့် ကလေးဦးရေမှာလည်း မြင့်တက်လျက် ရှိပါတယ်” ဟု လွှတ်တော်ကိုယ်စား လှယ်သူရဦးအေးမြင့်က ပြောကြားသည်။“၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်လည်း အသိအမှတ်ပြု ဖွင့်လှစ်ထားသည့်ကျောင်း တိုးမြင့်လာပြီး ကျောင်းသားဦးရေ များပြားတိုးမြင့်လာပါက တိုးမြင့်လာသော ကျောင်းသားဦးရေအလိုက် ဆရာ၊ ဆရာမများ၏ ထောက်ပံ့ငွေကို အချိုးကျ တိုးမြှင့်ထောက်ပံ့ပေးလျက် ရှိပါတယ်” ဟု သာသနာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေးက ရှင်းလင်းဖြေကြားသည်။ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကလေးငယ်များ၏ ပညာရေးအတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ အနေဖြင့် ပိုမို အလေးထားရန်နှင့် ထောက်ပံ့မှုများ တိုးမြှင့်ရန် လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ပြောကြားသည်။အလယ်တန်းအဆင့် ကလေးငယ်များအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့မှု မရှိသေးကြောင်း သိရသဖြင့် အစိုးရကျောင်းများနည်းတူ ထောက်ပံ့ပေးသင့်ကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ဆရာ၊ ဆရာမများအတွက် လစဉ်ချီးမြှင့်ငွေ မရရှိသေးသော ကျောင်းများ ကျန်ရှိနေကြောင်း သူရဦးအေးမြင့်က လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့သည်။ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် အစိုးရကျောင်းများ၏ ၃ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိသဖြင့် ပညာရေးမြှင့်တင်မှု အနေဖြင့် ဖြည့်ဆည်းထောက်ပံ့ပေးရန် အခက်အခဲ မရှိနိုင်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် တင်သွင်းသည့် အဆိုနှင့် ပတ်သက်၍ သာသနာရေးဒုဝန်ကြီးက လွှတ်တော်မှ မှတ်တမ်းတင် ထားရှိရန် တင်ပြခဲ့သော်လည်း အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူများသဖြင့် အဆိုအား အတည်ပြုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent