ဧရာဝတီ သပိတ်မှောက် စစ်ကြောင်းကို ထောက်ခံကြောင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးအရ တာဝန်မယူဟုဆိုသော ရန်ကုန်တိုင်း အဝင်ကို ရွှေညဝါ ဆရာတော်ကိုယ်တိုင် ဦးဆောင်ချီတက်မည်ဟု လာရောက်မိန့်ကြား

ဧရာဝတီ သပိတ်မှောက် စစ်ကြောင်းကို ထောက်ခံကြောင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးအရ တာဝန်မယူဟုဆိုသော ရန်ကုန်တိုင်း အဝင်ကို ရွှေညဝါ ဆရာတော်ကိုယ်တိုင် ဦးဆောင်ချီတက်မည်ဟု လာရောက်မိန့်ကြား
Published 6 February 2015
မင်းသူဝင်းထွဋ်

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်၍ ရန်ကုန်မြို့အရောက် ချီတက်နေသော ဧရာဝတီ သပိတ်မှောက်စစ်ကြောင်းကို ရွှေညဝါဆရာတော်က ဖေဖေါ်ဝါရီ ၆ ရက်တွင် သပိတ်မှောက်စစ်ကြောင်း ချီတက်လာရာ ညောင်တုန်းမြို့နယ် ကြိမ်ပင်ဆယ်ကျေးရွာ အနီးတွင် ကြွရာက်လာပြီး ဒီမိုကရေစီ ပညာရေး သပိတ်မှောက်စစ်ကြောင်းကို အပြည့်အ၀ ထောက်ခံကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကျောင်းသားများ၏ လုံခြုံရေးကို တာဝန်မယူဟုဆိုသော ရန်ကုန်တိုင်းဒေသကြီးသို့ သပိတ်စစ်ကြောင်း ဝင်ရောက်ရာတွင် ဆရာတော်ကိုယ်တိုင် ရှေ့မှဦးဆောင်ချီတက် ကာကွယ်ပေးမည်ဟု သပိတ်မှောက် ကျောင်းသားများကို မိန့်ကြားခဲ့ကြောင်း သတင်းရရှိသည်။“မနေ့က (ဖေဖေါ်ဝါရီ ၅ ရက်) ဧရာဝတီတိုင်း အစိုးရအဖွဲ့က ဘုန်းကြီးကို ဖုန်းဆက်ပါတယ်၊ ကျောင်းသားတွေကို ဆရာတော်အနေနဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေအတိုင်း သွားစေချင်တဲ့အကြောင်း၊ ဧရာဝတီတိုင်း အတွင်းမှာ ဘယ်လို အနှောင့်ယှက် အပိတ်ပင် အတားအဆီးမှ မရှိအောင် ဆောင်ရွက်ထားတဲ့အကြောင်း၊ ဧရာဝတီတိုင်းက ကျော်သွားရင် စိုးရိမ်တယ်လို့ ဘုန်းကြီးကို ဖုန်းဆက်ပါတယ်” ဟု ရွှေညဝါဆရာတော်မှ သပိတ်မှောက် ကျောင်းသားများကို မိန့်ကြားသည်။ယင်းနောက် ဆရာတော်က ဧရာဝတီ သပိတ်မှောက်စစ်ကြောင်းအတွင်း ပါဝင်သည့် ကျောင်းသားများသည် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ပြောကြားသကဲ့သို့ တိုင်းအတွင်းရှိ ကျောင်းသားကျောင်းသူများ အနည်းငယ်သာ ပါဝင်ပြီး၊ ရန်ကုန်မြို့မှ လူတစ်စု၏ ဖြားယောင်းသွေးဆောင်မှုကြောင့် သပိတ်မှောက် ချီတက်နေသည်မှာ မှန်ကန်မှု ရှိမရှိ မေးမြန်းရာ၊ ကျောင်းသားများက မှန်ကန်မှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ဆရာတော်က ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံကြောင်း၊ ပညာရေး အခြေခံခိုင်မာမှ နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ သပိတ်မှောက် ကျောင်းသားစစ်ကြောင်းကို ဆရာတော်မှ တရားပွဲများ ပြီးစီးသည်နှင့် လာရောက်ပူးပေါင်း၍ ရန်ကုန်မြို့သို့အရောက် အရှေ့မှ ကာကွယ်စောင့်ရှောက်သွားမည်ဟု ကျောင်းသားများကို မိန့်ကြားခဲ့ကြောင်း သိရသည်။“သားတို့ တိုက်ပွဲဝင်နေတာကို ဘုန်းကြီးထောက်ခံပါတယ်၊ တကယ်တော့ တို့တိုင်းပြည်မှာ နည်းလမ်းသုံးခုနဲ့ အနိုင်ကျင့်ခံနေရတယ်၊ နံပါတ်တစ်က တိုင်းပြည်ကို အာဏာရှင်လုပ်တဲ့သူ၊ မလိမ့်တပတ်နဲ့ ပြည်သူပြည်သားတွေကို အကြောက်တရားနဲ့ အုပ်ချုပ်သွားခဲ့တယ်၊ နံပါတ်နှစ် ပြည်သူပြည်သားတွေရဲ့ ပညာရေးကို ဖျက်ဆီးခဲ့ပြီး အုပ်ချုပ်သွားခဲ့တယ်၊ နံပါတ်သုံး နိုင်ငံသားတွေ အားလုံးကို အကျင့်စာရိတ္တတရားတွေ ပျက်စီးအောင် လုပ်ပြီးတော့ အုပ်ချုပ်သွားခဲ့တယ်၊ အဲဒီသုံးမျိုးနဲ့ အုပ်ချုပ်သွားခဲ့တဲ့ နိုင်ငံဟာ ကမ္ဘာမှာ အောက်ဆုံးအဆင့်ကို ရောက်သွားခဲ့ရတယ်၊ ပြောချင်တာကတော့ နံပါတ်နှစ်ဖြစ်တဲ့ ပညာရေးကောင်းရင် တိုင်းပြည်ကောင်းမယ်၊ ပညာရေးညံ့ရင် တိုင်းပြည်ညံ့မယ် ဆိုတာကို ဘုန်းဘုန်းအနေနဲ့ ပြောချင်တယ်၊ အဲဒီတော့ သားတို့အားလုံး တိုက်ရင်နိုင်အောင်တိုက် လှဲရင်လဲအောင်လှဲ၊ လှန်ရင် နိုင်အောင်လှန်လို့ မှာချင်တယ်” ဟု ရွှေညဝါဆရာတော်မှ မိန့်ကြားခဲ့သည်။ဆရာတော်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်မှ ပြောကြားထားခဲ့သည့် တိုင်းဒေသကြီးအတွင်း ကျော်လွန်ပါက တာဝန်မယူဟု ဆိုသည်နှင့် ပတ်သက်၍ ကျောင်းသားကျောင်းသူများ အန္တရာယ်ကင်းရှင်းရေးအတွက် ရန်ကုန်မြို့သို့ သပိတ်စစ်ကြောင်း ဝင်ရောက်ရာတွင် ဆရာတော်ကိုယ်တိုင် ဦးဆောင်၍ ရှေ့ဆုံးမှ ချီတက်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။ဧရာဝတီ သပိတ်စစ်ကြောင်းမှာ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းတွင် ညောင်တုန်းမြို့သို့ ရောက်ရှိလာခဲ့ပြီး သပိတ်မှောက် ကျောင်းသားများကို ညောင်တုန်းမြို့ခံများ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ အင်အား ၁၀၀၀၀ ခန့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent