တက်ကျိုးလျှင် လက်ထိုးလှော်မည်

တက်ကျိုးလျှင် လက်ထိုးလှော်မည်
Published 6 February 2015
ကိုထက်

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ မြန်မာ့အသံကနေ ညပိုင်း သူ့ကျွန်မခံပြီ ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ထုတ်လွှင့် ပြသခဲ့ပါတယ်။ဇာတ်ကားရဲ့ အထွတ်အထိပ်ကို ရောက်ချိန် မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်တွေ ကျဆုံးသွားတဲ့ အခါမှာ ဧရာဝတီမြစ်ရိုးတစ်လျှောက် ချီတက်လာတဲ့ အင်္ဂလိပ်တပ်တွေကို လှေသင်းအတွင်းဝန်မင်းကြီး ဦးစီးတဲ့ မြင်းခြံစစ်ကြောင်းက စောင့်ကြိုတိုက်ခိုက်ပါတယ်။ လက်နက်အင်အား၊ လူအင်အား ကွာခြားလို့ မြန်မာတပ်တွေ အရေးမလှတော့ဘဲ မြင်းခြံစစ်ကြောင်း ဆုတ်ခွာချိန်မှာတော့ လှေသင်းအတွင်းဝန်မင်းကြီးက တပ်မှူးငယ်တွေကို မချိတင်ကဲ လေသံနဲ့ ပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်သားမိပါတယ်။“ကိုယ်ခန္ဓာ သန်စွမ်းပါလျက်နဲ့ အသိဉာဏ်ပညာ ညှိုးနွမ်းတာကြောင့် ခြေ၊ လက်တို့ ကျိုးသလို ဖြစ်ရတယ်” တဲ့ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲတုန်းက လှေသင်းအတွင်းဝန်မင်းကြီး တကယ်ပြောကြားခဲ့ခြင်း ရှိ၊ မရှိ မသိရပေမယ့် အဲ့ဒီစကားတစ်ခွန်းဟာ ကုန်းဘောင်ခေတ်ရဲ့ နေဝင်ချိန်ကို အကောင်းဆုံး ပြသခဲ့ပါတယ်။အသိဉာဏ်ပညာဆိုတာ ခေတ်နဲ့ မျက်ခြည်အပြတ် မခံဘဲ အမြဲဆည်းပူး လေ့လာနေရတာ ဖြစ်ပါတယ်။ မင်းတုန်းမင်းလက်ထက် မြန်မာနိုင်ငံ ခေတ်နောက်ကျနေပြီ ဆိုတာကို သိသိချင်း အိမ်ရှေ့စံ ကနောင်မင်းသားကြီး ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး အင်အားစုက အထက်မြန်မာပြည်မှာ မဲနယ်စက်၊ ချည်စက်၊ ဒင်္ဂါးသွန်းစက်၊ လက်နက်စက် စုစုပေါင်း စက်ရုံ ၅၀ ကျော် တည်ဆောက်ခဲ့ပါတယ်။ စက်မှုလက်မှုလုပ်ငန်း ထွန်းကားနေတဲ့ အနောက်နိုင်ငံတွေကိုလည်း ပညာတော်သင်တွေ စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ လှေလှော်ရင်း တက်ကျိုး ဆိုသလိုပါပဲ။ အာဏာငန်းဖမ်းတဲ့ အုပ်စုလက်ချက်နဲ့ ကနောင်မင်းသားကြီး လုပ်ကြံခံရပါတယ်။ တက်ကျိုးတဲ့ အဆုံးမှာတော့ လက်ထိုးလှော်စရာ လှေလည်း မရှိတော့တဲ့အတွက် ကျွန်တော်တို့ ခြေ၊ လက်တွေ ကျိုးခဲ့ရပါတယ်။ နောက်ဆုံး နိုင်ငံပါ ကျွန်ဘ၀ ရောက်ခဲ့ပါတယ်။ခေတ်အဆက်ဆက် မျိုးချစ်တွေက ပုန်ကန်တိုက်ခိုက်ပေမယ့်လည်း ရက်ရက်စက်စက် နှိမ်နှင်းခြင်းကို ခံရပါတယ်။ နိုင်ငံရေး ထကြွနိုးကြားချိန် ၁၉ ရာစုအကျော် ကာလမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့  အာဇာနည်မျိုးချစ်တွေရဲ့ စွမ်းဆောင်မှုတွေကြောင့် နှစ် ၁၀၀ ကျော် ကိုလိုနီလက်အောက်ခံ ဘဝကနေ ပြန်လည်လွတ်မြောက် လာပေမယ့်လည်း အာဏာငန်းဖမ်းတဲ့သူတွေ လက်ချက်နဲ့ လွတ်လပ်ရေး မကြေညာနိုင်ခင် ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရပြီး ဒုတိယအကြိမ် လှေလှော်ရင်း တက်ကျိုးခဲ့ပါတယ်။ “သူများနိုင်ငံတွေထက် ခြေလှမ်းလေးငါးဆယ်လှမ်းလောက် ပိုလှမ်းမှ တော်ကာကျမယ်” ဆိုတဲ့ ဗိုလ်ချုပ်လည်း သူလှမ်းချင်တဲ့ ခြေလှမ်းတွေကို လှမ်းခွင့်မရခဲ့ရရှာပါဘူး။ နောက်လူတွေရဲ့ ခြေလှမ်းတွေကြားမှာ ပြည်တွင်းစစ် ပေါ်ပေါက်လာပြီး အာဏာရှင်စနစ် အသက်ဝင်ခဲ့ပါတယ်။ကမ္ဘာကြီးက ပြောင်းလဲခဲ့ပေမယ့် မျက်စိပိတ်၊ နားပိတ်နဲ့ နှစ်ပေါင်းများစွာ အာဏာရှင်စနစ် လက်အောက်မှာ နေခဲ့ရပါတယ်။ ကျွန်တော်တို့တင် မကပါဘူး။ လက်ရှိ အာရှကျားဖြစ်နေတဲ့ တောင်ကိုရီးယားလို နိုင်ငံလည်း အာဏာရှင်စနစ်အောက်မှာ အခြေအနေနဲ့ အချိန်အခါအရ နေခဲ့ရပါတယ်။စိတ်မကောင်းစရာက ကိုလိုနီ အပြုခံရတဲ့ နိုင်ငံတော်တော်များများမှာ လွတ်လပ်ရေးရတဲ့အခါ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမျိုးရေး၊ ငြိမ်းချမ်းရေး ပြဿနာပေါင်းများစွာကို ရင်ဆိုင်ရတာပါပဲ။ ဒီပြဿနာတွေကို အဖြေရှာနေရင်းနဲ့ပဲ နှစ်ပေါင်းများစွာ ပြဿနာတောထဲ နစ်မြုပ်ကြရပါတယ်။ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အဆုံး အာဏာသိမ်းမှု နည်းလမ်းနဲ့ ဖြေရှင်းကြပါတယ်။ ဒီလိုမျိုးတွေ ဖြစ်ပွားတဲ့အခါမှာ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ အခြေခံ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဆုတ်ယုတ်ကုန်ပါတော့တယ်။
ပြင်းထန်ရက်စက်တဲ့ စီးပွားရေးကစားပွဲမှာ သူများကစားတာကို ခံမလား၊ ကျွန်တော်တို့ ယှဉ်ပြိုင်ကစားမလား။ ကစားတာ ခံရရင်တော့ ကစားပွဲပြီးဆုံးလို့ သူတို့နိုင်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ အခွံတွေပဲ ကျန်ခဲ့မှာ . . . . .

ဆယ်စုနှစ်ပေါင်းများစွာသာ ကုန်ဆုံးလာပါတယ်။ ခေါင်းဆောင်တွေ တစ်ယောက်တက် တစ်ယောက်ဆင်းပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြပါတယ်။ ပြဿနာတွေလည်း ကျေလည်အောင် မရှင်းနိုင်တဲ့ အချိန်မှာ နိုင်ငံတိုးတက်အောင် ဆောင်ရွက်ဖို့ဆိုတာဟာ နှောင်ကြိုးတန်းလန်း အနေအထား ဖြစ်နေပါတယ်။ သူများတကာက ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ပြေးနေတဲ့ အချိန်မှာ ကိုလိုနီ အပြုခံရတဲ့ နိုင်ငံတော်တော်များများကတော့ တာယာကွင်းဆွဲပြီး ပြေးနေရပါတယ်။ အဲ့ဒီလို အနေအထားမှာ အစိုးရ အဆက်ဆက်ဟာ ကိုလိုနီပြုခဲ့တဲ့ နိုင်ငံတွေရဲ့ ကလိမ်စေ့ငြမ်းဆင်မှု၊ သူတို့ရဲ့နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေကြောင့်လို့ ပြောကြပါတယ်။ အဲဒီလိုမျိုး လုပ်ခဲ့တယ်ဆိုရင်လည်း ကျွန်တော်တို့ဟာ သူတို့ရဲ့ ပိုက်ကွန်ကနေ ဘာကြောင့် ရုန်းမထွက်နိုင်ရတာလဲလို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ကိုလိုနီပြုခဲ့တဲ့ နိုင်ငံတွေမှာ အဓိက အားသာချက်ဟာ လူအင်အား မဟုတ်ပါဘူး၊ သူတို့ရဲ့ အတတ်ပညာ၊ အသိပညာ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးကိုသာ အဓိကထား အသုံးချခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် မဖြစ်မီ အချိန်အထိ နိုင်ငံပေါင်းများစွာကို ကိုလိုနီပြုခဲ့တဲ့ နိုင်ငံတွေဟာ မျက်မှောက်ကာလ ကမ္ဘာ့ဇာတ်ခုံမှာ ပန်းပန်လျက် ရပ်တည်နိုင်တာကို တွေ့ရပါတယ်။ သူတို့ဟာ ပညာရေး၊ နည်းပညာ၊ စီးပွားရေး၊ အုပ်ချုပ်မှုဆိုင်ရာ ကဏ္ဍတွေမှာ ရှေ့ဆုံးကနေ ပြေးနိုင်အောင် အမြဲတမ်း ကြိုးစားကြပါတယ်။ ကိုလိုနီစရိုက်က ရွံ့မုန်းဖို့ ကောင်းပေမယ့် ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေဆီက စနစ်တကျ စဉ်းစားတွေးခေါ်မှုတွေ၊ အတုယူစရာတွေ အမြောက်အမြား ရှိတယ်ဆိုတာကိုတော့ ကျွန်တော်တို့ လက်ခံရပါမယ်။ခေတ်တွေပြောင်းလဲခဲ့ပါပြီ။ ပြည်တွင်းမှာ မငြိမ်းချမ်းသေးတဲ့အချိန် သတိပြုရမှာက နိုင်ငံတကာမှာ ငွေကျည်ဆန်နဲ့ ပစ်နေကြတဲ့ ခေတ်မှာ ကျွန်တော်တို့လူ ဖြစ်နေရတယ် ဆိုတာပါပဲ။ ဆွန်ဇူးရဲ့ စစ်သေနင်္ဂဗျူဟာကျမ်းကို စီးပွားရေးလမ်းညွှန်အဖြစ် ပြန်သုံးနေကြပြီ ဆိုတာကို သိရပါမယ်။ အရှေ့အနောက်နဲ့ ပတ်ဝန်းကျင် Superpower အင်အားကြီးနိုင်ငံတွေက စီးပွားရေးဗျူဟာ အစုံအလင် ခင်းကျင်းပြီး Hyperpower ဖြစ်လာဖို့အတွက် နိုင်ငံတကာမှာ စီးပွားရေး အင်ပါယာတွေကို အပြိုင်အဆိုင် ထူထောင်လာနေကြပါတယ်။ အဓိကအားဖြင့် ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးစနိုင်ငံတွေမှာ ဈေးကွက်ရှာကြပါတယ်။ တတိယနိုင်ငံတွေဟာ Powergame ကို ကစားဖို့ အဆင်သင့် အနေအထားမှာ မရှိပါဘူး။ဒီလိုမရှိတဲ့ အခြေအနေမှာ အင်အားကြီးနိုင်ငံတွေက လာရောက်ရင်းနှီး မြှုပ်နှံတာကို လက်မခံဘူးလို့ ပြောလို့မရပါဘူး။ ဈေးကွက်စီးပွားရေးဆိုပြီး လုပ်နေတဲ့ ကာလမှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ခွင့် ကျွန်တော်တို့မှာ မရှိပါဘူး။ ကစားပွဲ တစ်ခုလိုပါပဲ။ ဝင်မကစားရင်တော့ ဘေးကနေ ပွဲကြည့်ပရိသတ်ပဲ လုပ်ခွင့်ရှိမှာပါ။ပြင်းထန်ရက်စက်တဲ့ စီးပွားရေးကစားပွဲမှာ သူများကစားတာကို ခံမလား၊ ကျွန်တော်တို့ ယှဉ်ပြိုင်ကစားမလား။ ကစားတာ ခံရရင်တော့ ကစားပွဲပြီးဆုံးလို့ သူတို့နိုင်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ အခွံတွေပဲ ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ရသမျှ အကျိုးအမြတ်ကို သူတို့နိုင်ငံကို ပြန်သယ်သွားမှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ရတဲ့ ကစားပွဲ ဆိုရင်တော့ ကျွန်တော်တို့လည်း မရှုံးပါဘူး။ ထိုက်သင့်တဲ့ အကျိုးအမြတ်တွေ ကျွန်တော်တို့ဆီမှာ ကျန်ခဲ့မှာ ဖြစ်ပါတယ်။ အခုလက်ရှိ မျက်မှောက်ရေးရာ အခြေအနေကို လေ့လာကြည့်ရင် ကျွန်တော်တို့ဟာ ကစားခံနေရတာလား၊ ယှဉ်ပြိုင်ကစားနေတာလား ဆိုတာကို သုံးသပ်ကြည့်နိုင်ပါတယ်။ကစားခံနေရတာ ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အတွေးအခေါ်နဲ့ ပညာရေးစနစ်ဟာ ခေတ်နဲ့အမီ မလိုက်နိုင်ဘူးဆိုတာ သိသာပါတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကိုယ်အား၊ ဉာဏ်အားတွေကို ထိန်းချုပ်မှုဘောင်ကနေ လွတ်လပ်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ ဘောင်းတော်ကျ ခေါင်းတော်ညိတ်မယ် ဆိုရင်တော့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က တစ်ပါတီ ဆိုရှယ်လစ်စနစ် ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေရဲ့ နေဝင်ချိန်ကို ပြန်သတိရမယ်လို့ ထင်ပါတယ်။ဈေးကွက်စီးပွားရေးစနစ်မှာ ဘာသာစကား အားနည်းမှု၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်ပညာရှင်နဲ့ ကျွမ်းကျင်အလုပ်သမား အားနည်းချက်တွေကြောင့် လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြား လုပ်ငန်းရှင်တွေဆီမှာ ကျွန်တော်တို့လူမျိုး အများစုဟာ အထွေထွေလုပ်သား အဆင့်ကနေ မတက်ဘူးဆိုတာ၊ လူမျိုးခြားနဲ့ ရာထူးတူရင်တောင် လခအကျိုးခံစားခွင့် မတူညီဘူးဆိုတာ အားလုံးသိကြပါတယ်။ ၂၀၁၅ ဒီဇင်ဘာမှာ Asean Economic Community (AEC) သာ ဝင်လာရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အစိုးရပိုင်းကတောင် တွေးပူနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။ အခုလို အခြေအနေမှာ ရုပ်ရှင်ကားထဲက လှေသင်းအတွင်းဝန်မင်းကြီး ပြောခဲ့တဲ့ “ကိုယ်ခန္ဓာ သန်စွမ်းပါလျက်နဲ့ အသိဉာဏ်ပညာ ညှိုးနွမ်းတာကြောင့် ခြေ၊ လက်တို့ကျိုးသလို ဖြစ်ရတယ်” ဆိုတဲ့ စကားကို အကြိမ်ကြိမ် ကြားယောင်မိပါတယ်။အတိတ်မှာ ခေတ်အခြေအနေကြောင့် ကိုယ်ခန္ဓာ သန်စွမ်းလျက်နဲ့ ခြေလက်တွေ ကျိုးခဲ့ရပေမယ့် ကျွန်တော်တို့ခေတ်မှာတော့ ဘယ်လိုအကြောင်းနဲ့မှ ခြေ၊ လက်တွေ အကျိုးခံလို့ မဖြစ်ပါဘူး။ အာဏာငန်းဖမ်းတဲ့ အုပ်စုတွေ၊ အဖျက်သမားတွေဆိုတာ ခေတ်အဆက်ဆက် ရှိခဲ့သလို မျက်မှောက်ခေတ်မှာလည်း ရှိပါတယ်။ ဒီလို အခက်အခဲတွေကို ခေတ်အဆက်ဆက်မှာ ရအောင်ကျော်ဖြတ်ခဲ့သလို ကျွန်တော်တို့လည်း ခိုင်မာတဲ့ ဇွဲ၊ ဆန္ဒ၊ သတ္တိ၊ လုံ့လနဲ့ ရအောင် ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာ အသိဉာဏ်ပညာ ညှိုးနွမ်းရင်တော့ အနာဂတ်မှာ ခြေ၊ လက် ကျိုးမှာပါပဲ။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့အတွက် အတိတ်က ရွှေထီးဆောင်းခဲ့တဲ့ အိပ်မက်တွေကို ခဝါချပြီး နိုးထသင့်ပါပြီ။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် တက်ကျိုးရင်လည်း ကျွန်တော်တို့ လက်ထိုးလှော်ရပါမယ်။  

Most Read

Most Recent