နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အစည်းအဝေး ရက်ပိုင်းအတွင်း ပြုလုပ်မည်

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အစည်းအဝေး ရက်ပိုင်းအတွင်း ပြုလုပ်မည်
Published 4 February 2015
အောင်ဇော်ထွန်း

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဖွဲ့ဝင် ၁၁ ဦးပါသော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) အစည်းအဝေးကို ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပြီး ဖေဖော်ဝါရီ ၄ ရက်တွင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ရေးအတွက် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲ ရက်သတ်မှတ်နိုင်ရန်ကိစ္စ၊ လာမည့် ပြည်ထောင်စုနေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အထောက်အကူဖြစ်စေမည့် သဘောတူညီချက် တစ်ရပ်ရပ် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စများ ညှိနှိုင်းရန် ရှိနေရာ UPCC အစည်းအဝေးမှတစ်ဆင့် ယင်းကိစ္စများအတွက် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်များအား မူဝါဒများ ချမှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ အလုပ်အဖွဲ့ဖြစ်သော Myanmar Peace Center မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၅ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံ၍ ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပနိုင်ရန်ကိစ္စ၊ ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တက်ရောက်နိုင်ရေး ကိစ္စနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က အဆိုပြုထားသည့် ပြည်ထောင်စုနေ့တွင် သဘောတူညီချက်တစ်ရပ် ပြုလုပ်နိုင်ရေး ကိစ္စတို့ကို ညှိနှိုင်းရန် စီစဉ်နေကြောင်း သိရသည်။ထို့ပြင် ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အစည်းအဝေး ရက်ပိုင်းအတွင်း ပြုလုပ်သွားမည် ဆိုသည်ကိုလည်း ကြားသိရကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက ဖြေကြားသည်။ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ၂ဝ၁၂ ခုနှစ် မေ ၃ ရက်က အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဦးဆောင်ပါဝင်သည်။ဗဟိုကော်မတီက ချမှတ်သည့် မူဝါဒများနှင့်အညီ လက်တွေ့လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဒုတိယဥက္ကဋ္ဌများအဖြစ် ပါဝင်ပြီး တပ်မတော်၊ အစိုးရနှင့် လွှတ်တော်တို့မှ အဖွဲ့ဝင် ၅၂ ဦးပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည်။ထို့ပြင် အထောက်အကူပြု လုပ်ငန်းအဖွဲ့ အနေဖြင့် ပါဝင်ရန် Myanmar Peace Center ကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Most Read

Most Recent