ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်နေသော်လည်း ရင်ခွဲစစ်ဆေးမှုအဖြေကို ချက်ချင်းထုတ်ပြန်ပေးခြင်းမရှိကြောင်းသိရ

ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်နေသော်လည်း ရင်ခွဲစစ်ဆေးမှုအဖြေကို ချက်ချင်းထုတ်ပြန်ပေးခြင်းမရှိကြောင်းသိရ
Published 21 January 2015
နေထွန်းနိုင်၊ အောင်ဇော်ထွန်း

ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရခြင်းအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်နေသော်လည်း ဇန်နဝါရီ ၂၀ ရက်ကလုပ်ဆောင်ခဲ့သည့် ရင်ခွဲစစ်ဆေးမှုအဖြေကို ချက်ချင်းထုတ်ပြန်ပေးခဲ့ခြင်းမရှိကြောင်းသိရသည်။ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးရွာတွင် အသက် ၂၀ နှင့် ၂၁ နှစ်အရွယ် ကချင်ခရစ်ယာန်သာသနာပြုနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲရမှု ဇန်နဝါရီ ၁၉ ရက်ကပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။    "ဒီနေ့မှာ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ရဲအရာရှိလေးဦး၊ ရဲတပ်ဖွဲ့ဝင်အားလုံး ၂၀ ဦးဝန်းကျင်နဲ့ ကျွန်တော်တို့တွေ ကောင်းခါးရွာကိုထပ်သွားခဲ့တယ်။ ဟိုမှာတပ်စွဲထားတဲ့ဗျူဟာမှူးရယ်၊ စစ်ကြောင်းမှူးရယ်အားလုံးကို ဒီနေ့စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့တယ်။ ရွာသားတွေကိုစစ်ဆေးခဲ့သလို ခမရ (၅၀၃)က စစ်သားတွေကိုလည်းစစ်ဆေးခဲ့တယ်။ ကျွန်တော်တို့က တရားခံတော့ တွေ့အောင်ရှာပေးပါလို့တောင်းဆိုထားပါတယ်။ လောလောဆယ်စစ်ဆေးပြီးတယ်လို့တော့ မပြောသေးပါဘူး။ သူတို့စစ်ဆေးချက်လိုအပ်တာတွေကိုယူသွားတယ်။ မေးသွားတယ်။ ထပ်မေးမယ့်အစီအစဉ်လည်းရှိသေးတယ်ထင်တယ်" ဟု ကချင်ခရစ်ယာန်နှစ်ခြင်းအသင်းတော် (KBC) ၏ မိုးမောက်ဇုန်အတွင်းရေးမှူး ဦးဇော်ရာက The Daily Eleven သို့ပြောကြားသည်။    ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရချိန်တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၃) တပ်မတော်စစ်ကြောင်းရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေသဖြင့် ခမရ (၅၀၃) ကိုပါ စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်သည်။    ထိုသို့စစ်ဆေးမှုပြုလုပ်နေသည်ဆိုသော်လည်း ဇန်နဝါရီ ၂၀ ရက်က မူဆယ်မြို့ဆေးရုံကြီး၌ပြုလုပ်ခဲ့သော သေဆုံးခဲ့သူနှစ်ဦးအား ရင်ခွဲစစ်ဆေးမှုဆေးစစ်ချက်အဖြေကို ချက်ချင်းထုတ်ပြန်ပေးခဲ့ခြင်းမရှိကြောင်း ဦးဇော်ရာကဆိုသည်။    "ကျွန်တော်တို့လည်း ဆေးစစ်ချက်အဖြေကိုသိချင်တယ်။ ဒါပေမဲ့ ရင်ခွဲစစ်ဆေးပြီးတဲ့အချိန်မှာမပြောဘူး။ တစ်ရက်နှစ်ရက်လောက်စောင့်ပါဦးပြောတယ်။ ဒီအတွက်အံ့သြမိတယ်" ဟု ဦးဇော်ရာက ဆက်လက်ပြောကြားသည်။    ဆေးစစ်ချက်အဖြေ ချက်ချင်းထုတ်ပြန်ပေးခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်းပြီး မေးမြန်းရန်အတွက် မူဆယ်ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာတင်ထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းအဝေးပြုလုပ်နေသည်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။    အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦး၏ပြောကြားချက်အရ ဆေးစစ်ချက်ရလဒ်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ပေးထားကြောင်း သိရသည်။    "မနေ့တုန်းကတော့ မူဆယ်ဆေးရုံကိုပို့ပြီး ရင်ခွဲစစ်ဆေးမှုတွေလုပ်နေတယ်။ ဒီနေ့တော့ ရင်ခွဲစစ်ဆေးချက်တွေကို သက်ဆိုင်ရာရဲဌာနကိုပေးလိုက်တယ်လို့တော့သိရတယ်။ အခုက စစ်ဆေးနေတုန်းပဲရှိသေးတယ်။ စစ်ဆေးနေတဲ့အနေအထားကနေ ထူးခြားမှုတော့ထပ်မရသေးဘူး" ဟု အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိကပြောကြားသည်။    "အခုက ကောက်ချက်ဆွဲဖို့တော့ နည်းနည်းစောသေးတယ်။ ဘယ်သူဘယ်ဝါလို့မသိရသေးဘူး။ သို့သော်လည်း တပ်မတော်သားတစ်ယောက်အနေနဲ့ ဒီပြစ်မှုကိုကျူးလွန်လာပြီဆိုရင်တော့ ကျွန်တော်တို့က ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ ထိထိရောက်ရောက်အရေးယူမှာပါ။ ဒီရလဒ်အပေါ်မှာ အဖြေတစ်ခုခုထွက်လာပြီဆိုရင် ပတ်သက်တဲ့သူက တရားဥပဒေလမ်းကြောင်းအတိုင်းသွားရမှာပေါ့" ဟုအဆိုပါအဆင့်မြင့်အရာရှိက ဆက်လက်ပြောကြားသည်။    စစ်ဆေးမှုလုပ်ဆောင်ရာတွင်ပါဝင်ခဲ့သော မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးထံဆက်သွယ်ခဲ့သော်လည်း ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းအထိ ဆက်သွယ်မှုမရရှိခဲ့ပေ။    ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို ရဲတပ်ဖွဲ့ကလုပ်ဆောင်နေပြီး တစ်စုံတစ်ရာချို့ယွင်းချက်ရှိသည်ဆိုပါက စုံစမ်းစစ်ဆေးမှု၌ ပါဝင်သင့်၊ ပါဝင်ရမည်ဟု မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်ကပြောကြားသည်။    "ကျွန်တော်တို့လည်း သတင်းတော့တွေ့ရတယ်။ တစ်စုံတစ်ရာအကြောင်းကြားတာ၊ တင်ပြတိုင်ကြားတာမရှိသေးဘူး။ ကျွန်တော်တို့ကော်မရှင်အနေနဲ့ လောလောဆယ်ဆုံးဖြတ်ထားတာမျိုး မရှိသေးပါဘူး။ လောလောဆယ် သတင်းရဲ့ဖြစ်ပျက်တိုးတက်မှုတွေကို လေ့လာနေဆဲအဆင့်ပါ။ ကျွန်တော်တို့က သက်ဆိုင်ရာရဲက လုပ်သင့်တာလုပ်နေတယ်။ ဥပဒေကြောင်းအရ လုပ်နေတယ်ဆိုရင် ဒါဟာကောင်းမွန်တဲ့ဆောင်ရွက်ချက်ပဲလေ။ သူတို့ဘက်ကချို့ယွင်းရင်တော့ ကျွန်တော်တို့၀ သင့်ရင်လည်း ဝင်ရမှာပေါ့ဗျာ" ဟု ဦးစစ်မြိုင်ကပြောကြားသည်။    လက်ရှိအချိန်တွင် ဆေးစစ်ချက်အမြန်ဆုံးထုတ်ပြန်ပေးရေးနှင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရန်ကချင် ခရစ်ယာန်နှစ်ခြင်းအသင်းတော် (KBC) ကတိုက်တွန်းထားကြောင်း သိရသည်။    ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က တာဝန်ပေးစေလွှတ်ထားသော အဆိုပါခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦးသည် ကလေးငယ်များကို အခမဲ့ပညာသင်ကြားပေးရန် ကောင်းခါးကျေးရွာသို့ရောက်ရှိနေစဉ်အတွင်း ၎င်းတို့တည်းခိုနေရာကောင်း ခါးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်၌ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။    

Most Read

Most Recent