သူရဦးရွှေမန်း တက်ရောက်သော စစ်ကိုင်းတိုင်းဒေသကြီး တောင်သူရေးရာ တွေ့ဆုံပွဲတွင် ခရိုင်အသီးသီးမှ စိုက်ပျိုးရေး ကပ်ဆိုက်နေမှုများကို တင်ပြခဲ့သော်လည်း ကန့်ဘလူတပ်သိမ်းမြေပြဿနာ တင်ပြရန် ငြင်းပယ်ခံခဲ့ရ

သူရဦးရွှေမန်း တက်ရောက်သော စစ်ကိုင်းတိုင်းဒေသကြီး တောင်သူရေးရာ တွေ့ဆုံပွဲတွင် ခရိုင်အသီးသီးမှ စိုက်ပျိုးရေး ကပ်ဆိုက်နေမှုများကို တင်ပြခဲ့သော်လည်း ကန့်ဘလူတပ်သိမ်းမြေပြဿနာ တင်ပြရန် ငြင်းပယ်ခံခဲ့ရ
Published 26 December 2014
ရဲရင့်အောင်

ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းတက်ရောက်သော စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ တွေ့ဆုံပွဲတွင် ဒေသတွင်းခရိုင် ရှစ်ခုလုံး၌ စိုက်ပျိုးရေး ကပ်ဆိုက်နေမှုတို့ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက တင်ပြခဲ့ကြသော်လည်း ကန့်ဘလူတပ်သိမ်းမြေ ပြဿနာနှင့် မြေသိမ်းခံလယ်သမားများ၏ အရေးအတွက် တင်ပြရန် စီစဉ်မှုမှာ အချိန်နောက်ကျခြင်းကြောင့် ငြင်းပယ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ရွှေဘိုမြို့နယ် အမှတ် (၅) မင်းရပ်တွင် ဒီဇင်ဘာ ၂၆ ရက်ကပြုလုပ်သော တွေ့ဆုံပွဲတွင် ဖိတ်ကြားခြင်း မခံခဲ့ရသော်လည်း ကန့်ဘလူမြေသိမ်းခံတောင်သူတို့ တက်ရောက်ခဲ့ကြပြီး သတင်းနှင့်ပြန်ကြားရေးအဖွဲ့က စီစဉ်ထားသော အချိန်ဇယားအရ တပ်သိမ်းမြေပြဿနာကို တင်ပြရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု မြေသိမ်းခံတောင်သူ ဦးသန်းထိုက်က ပြောကြားသည်။
“ဒီဇင်ဘာ ၂၅ မှာ ရွှေဘိုကိုရောက်တယ်။ ကြံ့ခိုင်ရေးအမတ်တစ်ဦးနဲ့ ညနေပိုင်းမှာတွေ့တော့ ကန့်ဘလူ ပြဿနာအတွက် ဘာမေးမှာလဲလို့ လာစုံစမ်းသေးတယ်။ မေးခွန်းက ရှင်းနေတာပဲ။ တောင်သူတွေ ဥပဒေရဲ့ အကာအကွယ်မရဘဲ မြေသိမ်းခံ၊ တရားစွဲခံ၊ ထောင်ချခံနေရတဲ့ အတွက်ပါ။ တွေ့ဆုံပွဲနေ့မှာကျတော့ သူတို့ကအဆိုတွေ၊ မေးခွန်းတွေအတွက် အချိန်ကိုက် စီစဉ်ထားပြီးသား ဖြစ်နေတယ်လို့ပြောတယ်။ တကယ်က တွေ့ပေးချင်ရင် လွယ်လွယ်လေးပါ။ ဒါပေမဲ့ တွေ့ခွင့်မေးခွင့်မရခဲ့ဘူး” ဟု ခအုံးတာကျေးရွာ တောင်သူဦးသန်းထိုက်က ဆိုသည်။
လယ်ယာမြေ ပြဿနာများအတွက် တင်ပြလိုပါက ကြိုတင်ပြင်ဆင်ထားပြီး မေးခွန်းမေးပါက ငြင်းပယ်မည်မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဝင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဆွေးနွေးပွဲ၏ အစဉ်အလာနှင့် ပုံစံများအရ မေးခွန်းနှင့်အဆိုများကို ကြိုတင်ပေးထား ရမည်ဖြစ်ကြောင်းလည်း သိရသည်။
လယ်ယာလုပ်ငန်းခွင် နိမ့်ကျလာမှုနှင့် အဘက်ဘက်မှ ကျပ်တည်းလျက်ရှိသော တောင်သူများ၏ အခြေအနေကို ခရိုင်ရှစ်ခုရှိ တောင်သူကိုယ်စားလှယ်များက တင်ပြခဲ့ကြပြီး ကိုယ်ကျိုးရှာ မြေသိမ်းဆည်းမှုများ၊ ဥပဒေချိုးဖောက်မှုများ၊ ရာသီဖောက်ပြန်မှု၊ စိုက်ပျိုးရေပေးဝေမှုစနစ် အားနည်းချက်၊ စိုက်ပျိုးနည်းပညာ ဖြန့်ဝေနိုင်မှုမရှိခြင်း၊ ဈေးကွက်ပျက်စီးနေမှုနှင့်  စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးရာတွင် စနစ်မကျမှုများ ရှိနေကြောင်း သိရသည်။
ယင်းပြဿနာများနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက အခြားသောဒေသများတွင် ပြောကြားခဲ့သည့်အတိုင်း လွှတ်တော်တွင်း၌ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ရေးဆွဲနေကြောင်း ထည့်သွင်းပြောဆိုခဲ့ပြီး တောင်သူများ၏ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ လှုံ့ဆော်သွေးထိုးမှုများ ရှိနေခြင်းကြောင့် တောင်သူများ ဒုက္ခရောက်နေ ကြရကြောင်းလည်း ထပ်မံပြောကြားသည်။
လက်ရှိဖြစ်ပေါ်နေသော သီးနှံဈေးကွက်နှင့်ပတ်သက်ပြီး သူရဦးရွှေမန်းက “ချောင်းဦးမြို့နယ်က တောင်သူလယ်သမား ကိုယ်စားလှယ်ဒေါ်မူမူ မည်သို့လုပ်လိုက်သည်မသိ။ ကျွန်မတို့လက်ထဲကို ကုန်ပစ္စည်းတွေ၊ သီးနှံတွေရောက်လာပြီဆိုရင် မည်သို့လုပ်လိုက်သည်မသိ။ ဈေးနှုန်းတွေ တန်းကျသွားတယ်ဆိုတဲ့ စကားဟာလည်း အမှန်ပဲဖြစ်ပါတယ်။ ဒီစကားလေးကိုလည်း ကျွန်တော်တို့အနေနဲ့ မှတ်သားပြီးတဲ့အခါမှာ မည်သို့လုပ်လိုက်သည်ကို သိပြီးတဲ့အခါမှာ အဲလိုမဖြစ်ရေး အတွက်လည်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေထဲမှာ အဲလိုမဖြစ်အောင် ပြဋ္ဌာန်းဆောင်ရွက်ပြီးဖြစ်ပါတယ်” ဟု ဆိုသည်။
တောင်သူလယ်သမားများ ကြုံတွေ့နေရသော အခက်အခဲပေါင်းစုံကို ယခင်ကလည်း အထက်လူကြီးများထံ တင်ပြခဲ့ဖူးပြီး လက်တွေ့တွင် လုပ်ဆောင်ပေးခြင်း မရှိသလောက်ပင် ဖြစ်နေသည်ဟုလည်း တက်ရောက်လာကြသော ဒေသအသီးသီးမှ တောင်သူလယ်သမားများက ပြောကြားသည်။
“ကျွန်တော်တို့ကတော့ တင်ပြတာပဲ။ စပါးတွေကဆစ်ပိုးကျလိုက်၊ ဖြုတ်ပိုးကျလိုက်။ လယ်လေးရောင်းလိုက်၊ နွားလေးရောင်းလိုက်နဲ့ သုံးနှစ်လောက်ရှိပြီ။ တော်တော်အခြေအနေ ဆိုးနေတာ။ အထက်လူကြီးတွေကတော့ ကောင်းအောင်လုပ်ပေးဖို့ ညွှန်ကြားသွားတာပဲ။ အောက်မှာကျတော့ လုပ်ချင်သလိုလုပ်နေတာ။ ပြီးတော့ ညီညီညွတ်ညွတ်လည်း မရှိဘူး” ဟု ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ (ဝက် လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သူရဦးအေးမြင့်၊ တိုင်းဝန်ကြီးချုပ် ဦးသာအေးတို့ အပါအဝင် လူဦးရေ ငါးထောင်ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။                     
 

Most Read

Most Recent