အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ

အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ
Published 22 October 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူ မွေးဖွားခဲ့သည့် အချိန်ကာလသည် မြန်မာနိုင်ငံ၏ အနာဂတ်ကာလတွင် ဖြစ်ထွန်းပေါ်ပေါက်လာမည့် အခြေအနေ တစ် နည်းအားဖြင့် ယနေ့အချိန်တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည့် အခြေအနေများအတွက် စတင်ပေါက်ပွားရာ မြစ်ဖျားခံရာ ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့သည့် ကာလတစ်ရပ်ဖြစ်ခဲ့ပါသည်။ အတိအကျ တင်ပြရပါလျှင် တိုင်း ပြည်နိုင်ငံတစ်ခုအတွက် အရေးကြီး လှသည့်ရွေးကောက်ပွဲကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်က ဦးစီး ဦးဆောင်ပြုလုပ်ပြီး စတင်ပြုလုပ်ခဲ့သည့် အချိန်ကာလ ပြီးစအချိန်လည်း ဖြစ်ခဲ့ပါသည်။

စာရေးသူ အနည်းငယ် သိမြင် နားလည်သည့်အချိန်တွင် အမြဲတမ်းမေးဖြစ်သည့် မေးခွန်းမှာ ထိုစဉ်အချိန်အခါက တိုင်းပြည် နိုင်ငံတစ်ခုအတွက် အရေးကြီးလှသည့် ရွေးကောက်ပွဲကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ် မဟုတ်သော တည်ဆဲရွေးကောက်ခံအစိုးရ သို့မဟုတ် အခြားသော အရပ်ဘက်နိုင်ငံရေးအဖွဲ့အစည်းများ သို့မဟုတ် အရပ်ဘက် နိုင်ငံရေး အဖွဲ့အစည်း တစ်ရပ်ရပ်က အစိုးရတစ်ရပ်အနေနှင့် ယာယီအစိုးရ သို့မဟုတ် ကြားနေအစိုးရ သို့မဟုတ် ကြားဖြတ် အစိုးရ သို့မဟုတ် အိမ်စောင့် အစိုးရအဖြစ် ဖွဲ့စည်းကာ ဦးစီးဦးဆောင် ပြုလုပ်ပြီး ကျင်းပရန် အဘယ်ကြောင့် မဆောင်ရွက်ခဲ့ကြပါသလဲဆိုသည့် မေးခွန်းနှင့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်က ပြုလုပ်သည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတို့မှာ မေးခွန်း ထုတ်စရာများ ဖြစ်စေနိုင်ပါကြောင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့်အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတို့အား ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်မည့် အင်စတီကျူးရှင်းအမျိုးအစားတစ်ရပ် မဟုတ်ပါကြောင်း စသည်တို့ကို ဆွေးနွေး မေးမြန်းလေ့လာမိပါသည်။

ဖော်ပြပါမေးခွန်း၏ အဖြေများကို အတိအကျ မဟုတ်ပါသော်လည်း သွယ်ဝိုက်သောနည်းလမ်းဖြင့် ဖြေကြားထားရှိသည့်အချက်များကို (Reference: 1) တွင် တွေ့ရှိရသည့် သတင်းအချက်အလက် အချို့အား စာဖတ်သူများ လေ့လာ နိုင်စေရန် တိုက်ရိုက်တင်ပြအပ်ပါ သည်။ သတင်းအချက်အလက်

အားလုံးကိုမူ ယခုဆောင်းပါးအဆင့် နှင့် ဖော်ပြရန် မဖြစ်နိုင်ပါသဖြင့် စာဖတ်သူများကိုယ်တိုင် ဆက်လက် လေ့လာဆန်းစစ်ကြည့်ကြပါရန် အကြံပြု တိုက်တွန်းတင်ပြအပ်ပါသည်။

ဖော်ပြထားချက်အရ “၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ပါလီမန် ပြည်သူ့လွှတ်တော် အထွေထွေရွေးကောက်ပွဲကြီးကို တစ်ပြည်လုံး၌ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ပြည်နယ်များမှအပ ကျန်မဲ ဆန္ဒနယ်များ၌ သန့်ရှင်းဖဆပလတို့ကသာ အမတ်နေရာအများစုကို သိမ်းကျုံးရရှိသွားကြပြီး တည်မြဲအုပ်စုမှာ သန့်ရှင်း၏ လေးပုံ တစ် ပုံခန့်သာ အမတ်နေရာ ရရှိကာ ပမညတမှာမူ အမတ်နေရာ ရရှိခြင်း မရှိတော့သည်ကို တွေ့ရပါသည်။ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့ တွင် တတိယပြည်သူ့လွှတ်တော် ညီလာခံအစည်းအဝေးကို စတင်ကျင်းပရာ သန့်ရှင်း ဖဆပလကို အမည်ပြောင်းထားသော ပြည်ထောင်စုအဖွဲ့ဝင် အမတ် ၁၅၉ ဦး၊ တည်မြဲဖဆပလအမတ် ၄၁ ဦး၊ ရတညအမတ် ခြောက်ဦး၊ မွန်ညီ ညွတ်ရေးတပ်ပေါင်းစုအဖွဲ့အမတ် သုံးဦး၊ ရှမ်းအမတ် ၂၃ ဦးနှင့်ကယား အမတ် နှစ်ဦး၊ စုစုပေါင်း အမတ် ၂၃၄ ဦး တက်ရောက်၍ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။ ရွေးကောက်ပွဲပြီးနောက် မြန်မာ့နိုင်ငံရေးအင်အားစု အနေအထားမှာ အိမ်စောင့် အစိုးရမတိုင်မီ ဖဆပလ အကွဲအပြဲကာလ အနေအထားနှင့် ပြောင်းပြန် ဖြစ်၍သွားခဲ့သည်။” (Reference: 1, pp-28).

ဖော်ပြပါ ရေးသားတင်ပြချက်ကို လေ့လာဆန်းစစ်ခြင်းအားဖြင့် စာရေးသူ၏ အမြင်သက်သက်ဖြင့် ဝေဖန်သုံးသပ် တင်ပြရပါလျှင် အာဏာရရှိစေရန်အတွက်ဆိုပါက တိုင်းပြည် နိုင်ငံတော်နှင့် တိုင်းသူ ပြည်သားများ၏ နောင်ရေးအတွက်ထည့် သွင်းစဉ်းစားခြင်းမရှိသည့် နိုင်ငံရေးသမားကြီးများနှင့် အာဏာရယူရန်အတွက်ဆိုပါက တိုင်းပြည် နိုင်ငံတော် အလုံးစုံ ပျက်သုဉ်းစေပြီး ပြည်သူ ပြည်သား နိုင်ငံသားများ၏ အသက်ပေါင်းမြောက်မြားစွာ သေကျေ ပျက်စီးစေနိုင်သည်ကို အလေးအနက်ထား စဉ်းစားခြင်းမရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းတို့၏ အပြုအမူများကို တွေ့မြင်နိုင်ပါသည်။

စာရေးသူနှင့် ရင်းနှီးသည့် ဆရာကြီးတစ်ဦးက တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်အား လွှဲပြောင်း ပေးအပ်သည့် နိုင်ငံရေးသမားကြီးများတွင်သာ အဓိက တာဝန်ရှိကြောင်း ဆွေးနွေး ပြောကြားခဲ့ရာ စာရေးသူက လွှဲပြောင်း လက်ခံရယူခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်းတွင်လည်း လုံးဝ တာ ဝန်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်က တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ရယူခဲ့ပါက ပြည်သူပြည်သား နိုင်ငံသားများ၏ အသက်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးစေသည်မှာ သဘာဝပင်ဖြစ်ပါကြောင်း ရှင်းလင်းပြောပြခဲ့ပါသည်။

အထက်တွင်တင်ပြခဲ့သည့် အကြောင်းအရာကို ဆက်လက်တင်ပြရမည်ဆိုပါက စာရေးသူ မမွေးဖွားမီ အချိန်ကာလအစိုးရကို “အိမ်စောင့်အစိုးရ” သို့မဟုတ် “ဗိုလ်ချုပ်ကြီး အစိုးရ” သို့မဟုတ် “တပ်မတော် အစိုးရ” ဟု ခေါ်ဆိုကြပြီး စာရေးသူ မွေးဖွားချိန်တွင် တည်ရှိသည့်အစိုးရသည် “ရွေးကောက်ခံ ပါလီမန် ဒီမိုကရေစီအစိုးရ” ဖြစ်ခဲ့ပြီး စာရေးသူ မွေးဖွားပြီး ခုနစ်လအချိန်ကာလခန့်တွင်မူ စစ်ဗိုလ်ချုပ်ကြီးများက တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူပြီး ဦးစီးဦးဆောင်ဦးရွက်ပြုသည့် “တော်လှန်ရေးကောင်စီအစိုးရ” ထို့နောက် “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ” ကို ထူထောင်ကာ စစ်ဗိုလ်ချုပ်ကြီးများကပင် ဦးစီးဦးဆောင်ဦးရွက် ပြုလုပ်သည့် တစ်ပါတီ အာဏာရှင်စနစ်ကို ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ကြပါသည်။ အဆိုပါစနစ်သည် စာရေးသူ ကျောင်းဆရာ ဖြစ်သည်အထိ ကာလကြာတာရှည်ခဲ့ပါသည်။

ထို့ကြောင့် စာရေးသူ မွေးဖွားပြီးချိန်မှသည် ကျောင်းဆရာဖြစ်သည့် အချိန်ကာလအထိ စာရေးသူ လေ့လာ သင်ယူခဲ့သည့် ဘာသာရပ်များ၊ သင်ကြားခဲ့သည့် ဘာသာရပ်များတွင် ယခုဆောင်းပါး၏ ခေါင်းစဉ်ဖြစ်သည့် အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ (Stakeholder Theory) သို့မဟုတ် အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်ဆက်နွှယ်နေသူများ သီအိုရီ (Stakeholder Theory) ဆိုသည့် စကားလုံး စကားရပ်ကို တွေ့မြင်ဖူးခြင်း ကြားသိဖူးခြင်း မရှိခဲ့ပါ။ ထိုစဉ်အချိန်က ကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြသည့် နိုင်ငံရေးစနစ်များသည် အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ (Stakeholder Theory) သဘောတရားများနှင့် သက်ဆိုင်မှု မရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ (Stakeholder Theory) သဘောတရားများအစား အစိုးရရုံးများတွင် စာရေးသူ တွေ့မြင်ခဲ့ရသည်မှာ “အခွင့်မရှိ မဝင်ရ”၊ “ဝင်ခွင့်တောင်းပါ”၊ “ကိုယ်နှင့်မဆိုင် ခွင့်မပိုင်စွဲ ကိုင် မကြည့်ရ”စသည့် တားဆီးပိတ်ပင်သည့် စကားလုံး စကားရပ်များကိုသာလျှင် တွေ့မြင်ခဲ့ရပါသည်။

အထက်တွင် ရှင်းလင်းတင်ပြခဲ့သော သတင်းအချက်အလက် အကြောင်းအရာများသည် ယနေ့အချိန် မြန်မာနိုင်ငံ တွေ့ကြုံရင်ဆိုင်ရလျက်ရှိသည့် စိန်ခေါ်မှုများ၏ အခြေခံအကြောင်းရင်းတရားများ ဖြစ်ကြပါသည်။ စာဖတ်သူများ အနေဖြင့် လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲများကို ဦးစီးဦးဆောင် ပြုလုပ် ကျင်းပခဲ့သည့် အဖွဲ့အစည်းများအကြောင်းကို စနစ်တကျ လေ့လာ ဆန်းစစ် ကြည့်ကြပါရန် အကြံပြုတင်ပြအပ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ယနေ့ မြန်မာနိုင်ငံ တွေ့ကြုံရင်ဆိုင်လျက်ရှိသည့် စိန်ခေါ်မှုများ ဖြစ်သည့် ပြည်သူ ပြည်သား နိုင်ငံသားတို့၏ အသက်ပေါင်း မြောက်မြားစွာ သေကျေပျက်စီးလျက်ရှိနေခြင်း၊ အချို့သော ပြည်သူ ပြည်သား နိုင်ငံသားများမှာ အိုးအိမ်စွန့်ခွာ နေရပ်စွန့်ခွာဘဝများတွင် အသက်ရှင်သန် နေထိုင်လျက်ရှိနေခြင်း၊ တိုင်းပြည် နိုင်ငံမှာလည်း ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး သို့မဟုတ် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်လျက်ရှိနေခြင်းတို့၏ အခြေခံအကြောင်းရင်း များကို ရှာဖွေလေ့လာကြည့်ရာတွင် အကြောင်းရင်းတစ်ရပ်မှာ ပြည်သူ ပြည်သား နိုင်ငံသားများအကြားတွင် အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ပေးမည့်၊ အပြန်အလှန်နားလည်မှုနှင့် စေ့စပ်ညှိနှိုင်းမှုကို လေ့ကျင့်ပြုစုပျိုးထောင်ပေးမည့် ကော်ပိုရိတ်အုပ်ချုပ်ရေး (Corporate Governance) သဘောတရားများ ထွန်းကားပြန့်ပွားလာစေရေး ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်း တစ်နည်းအားဖြင့် အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ (Stakeholder Theory) သဘောတရားများအား ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်စေရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် ဖြစ်သည်ကို တာဝန်ရှိသူများနှင့် ပြည်သူပြည်သား နိုင်ငံသားအားလုံးတို့က သိမြင်နားလည်စေပြီးလျှင် ယခုအချိန်မှစတင်ကာ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်လာစေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ (Stakeholder Theory) တစ်နည်းအားဖြင့် အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်ဆက်နွှယ်နေသူများ သီအိုရီ (Stakeholder Theory) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ သဘောတရားများကို ရှင်းလင်းတင်ပြပါမည်။ ယနေ့အချိန်အခါ တွင် အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ၏ အဓိပ္ပာယ်နှင့် သဘောတရားများမှာ လွန်စွာကျယ်ပြန့်စွာ တည်ရှိနေသည့်အတွက် စာရေးသူအနေဖြင့် မူရင်းအခြေခံသဘောတရားများကို လက်လှမ်းမီရရှိနိုင်သည့် စာအုပ်စာစောင်များကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။

စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရေးအတွက် အကျိုးနှင့်သက်ဆိုင်သည့် ပါဝင်ပတ်သက်သူအမျိုးအစားများ၊ ကုမ္ပဏီများတွင် တည်ရှိတွေ့မြင်ရမည့် အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူ အမျိုးအစားများ၊ အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ (Stakeholder Theory) စသည်တို့ကို ပုံ (စာ -၅) တွင် ဖော်ပြထားပါသည်။

အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ (Stakeholder Theory) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ သဘောတရား များကို ရှင်းလင်းတင်ပြရာတွင် စာဖတ်သူများအတွက် စာလေးခြင်းကို အနည်းငယ်သက်သာစေ ရန်အလို့ငှာ မြန်မာဘာသာသို့ ပြန်ဆိုထားသည်များကို ဦးစွာ ရှင်းလင်းတင်ပြပြီး မူရင်းအင်္ဂလိပ်စာကိုမူ ကပ်လျက်တင်ပြပါမည်။ အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူ (Stakeholder) ဆိုသည့် စကားလုံး စကားရပ် စတင်အသုံးပြုခဲ့သည့် အကြောင်းအရာနှင့် ထိုစဉ်အချိန်က အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ (Stakeholder) စာရင်းတွင် မူလအရင်းအမြစ်အရ ပါဝင်ပတ်သက်ခဲ့သူများကို တင်ပြရပါလျှင်- ၁၉၆၃ ခုနှစ်တွင် စတန်းဖို့(ဒ်) သုတေသန အင်စတီကျု (The Stanford Research Institute) က အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူ (Stakeholder) ဆို သည့် စကားလုံး စကားရပ်ကို ၎င်းတို့၏ မှတ်တမ်း သို့မဟုတ် အမှာစာ တစ်ခုအတွင်း စကားလုံး စကားရပ် အသစ်အဆန်းတစ်ခုအနေနှင့် စတင် တီထွင် အသုံးပြုခဲ့ပါသည်။ ရည်ညွှန်းသည့် အဓိပ္ပာယ်မှာ “အဖွဲ့အစည်း၏ ကူညီထောက်ပံ့မှု မရရှိသည့် အုပ်စုများအနေနှင့် အဖွဲ့အစည်းအား စွန့်ခွာသွားခြင်း ထွက်ခွာသွားခြင်း စသည့် ဖြစ်ရပ်များကို ရပ်စဲရန် တားဆီးကာကွယ်ရန် ဖြစ်ပါသည်။”

အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ (Stakeholder) အဖြစ် မူလစာရင်းတွင် ပါဝင်သူများမှာ ရှယ်ယာပိုင်ရှင်များ၊ အလုပ်သမားများ၊ ဝယ်ယူသူဖောက်သည်များ၊ ပေးသွင်း ရောင်းချသူများ၊ ငွေထုတ်ချေးသူများနှင့် လူမှုအဖွဲ့အစည်းတို့ ဖြစ်ကြပါသည်။

“The word stakeholder, coined in an internal memorandum at the Stanford Research Institute in 1963, refers to “those groups without whose support the organization would cease to exist.”  The list of stakeholders originally included shareowners, emplo-yees, customers, suppliers, lenders, and society.” (Reference: 2, pp – 89).

ဤတွင် စာဖတ်သူများအတွက် အဓိကတင်ပြလိုသည့် အချက်တစ်ရပ်မှာ စနစ်တကျ လေ့လာဆန်းစစ်သည့် သုတေသနလုပ်ငန်း ရပ်များတွင် အကြောင်းအရာ အသစ်အဆန်းတစ်ခု သို့မဟုတ် တီထွင်ဖန်တီးရန် လိုအပ်ချက်တစ်ခု တည်ရှိဖြစ်ပေါ်လာစေပါက အမြဲ တစေ “လုပ်ငန်းစီမံကိန်း” (Project) ကို ပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ရပါသည်ဆိုသည့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တစ်ရပ်တည် ရှိသည်ကို သိမြင်နားလည်စေလိုသည့် အချက်ပင် ဖြစ်ပါသည်။

၁၉၇၇ ခုနှစ်တွင် ဝှာတန်စကူး(လ်) (The Wharton School) တွင်ရှိ အသုံးချသုတေသနစင်တာ (Applied Research Center) က အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ လုပ်ငန်းစီမံကိန်း (Stakeholder Project) တစ်ခုကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

လုပ်ငန်းစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ စီမံခန့်ခွဲမှု သီအိုရီတစ်ရပ် ဖွံ့ဖြိုးလာစေရန်နှင့် စုပေါင်းတွေးခေါ်စဉ်းစားထားရှိသည့် သတင်းအချက်အလက်များအား တစ်စုတစ်စည်းတည်းအတူ တကွပေါင်းစည်းထားရှိနိုင်ရန် ဖြစ်ပါသည်။ စီမံခန့်ခွဲမှုသီအိုရီအနေနှင့်မူ ဆူပူရှုပ်ထွေးပြီး ပဋိပက္ခ ဖြစ်လျက်ရှိသည့် ဝန်းကျင်တွင် ကော်ပိုရိတ် မဟာဗျူဟာနည်းဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲမှုကို တာဝန်ယူလျက်ရှိကြသည့် အလုပ်အမှုဆောင်အဖွဲ့များအနေဖြင့် ဖန်တီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်း ရှိလာစေရန်ဖြစ်ပါသည်။

အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ (Stakeholder Theory) ဆိုသည်မှာ လုပ်ငန်းအခြေပြု သုတေသန ဒီဇိုင်း မိုဒယ်ပုံစံ တစ်ခု (an action research model) ကို အသုံးပြုပြီးလျှင် အမှန်တကယ်ဖြစ်ရပ်များ တွေ့ရှိချက်များက ထုတ်ဖော်ရရှိသည့် ရလဒ်များ သဘောတရားများပင် ဖြစ်ပါသည်။”

“The Wharton School began, in 1977 in its Applied Research Center, a “stakeholder project.”  The objective of the project were to put together a number of strands of thought and to develop a theory of management which enabled executives to formulate and implement corporate strategy in turbulent environments.  Thus, an action research model was used whereby stakeholder theory was generated by actual cases.” (Reference: 2, pp – 91).

ဒုတိယအနေဖြင့် အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ (Stakeholder Theory) အရ အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများအား လေ့ လာစိစစ်ခြင်း (Stakeholder Analysis) နှင့် ကော်ပိုရိတ် အုပ်ချုပ် ရေး (Corporate Governance) အပေါ်တွင် အပြန်အလှန် ဆွေးနွေးချက်များအရ ကော်ပိုရိတ် ဒီမိုကရေစီ၏ အဓိပ္ပာယ်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနည်းလမ်းများ ပေါ်ထွက်လာစေခဲ့ပါသည်။ ကော်ပိုရိတ်ဒီမိုကရေစီ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များအရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနည်းလမ်းများကို တင်ပြရပါလျှင် - ကော်ပိုရိတ် ဒီမိုကရေစီ၏ အဓိပ္ပာယ်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနည်းလမ်း အနည်းဆုံးသုံးခု ပေါ်ထွက်လာစေခဲ့ပါသည်။ ကော်ပိုရေးရှင်း၏ သဘောတရား ဖော်ပြချက်များအရ ဒီမိုကရစ်တစ် စံချိန်စံနှုန်းအားဖြင့် အမြင့်မားဆုံးတွင် တည်ရှိနေစေရန် ပြုလုပ်ဆောင်ရွက်သင့်ပါသည်။ ၎င်းတို့မှာ - ပထမနည်းလမ်းအဖြစ် အစိုးရ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့်သော်လည်း ကောင်း၊ အများပြည်သူ အကျိုးစီးပွား ကာကွယ်ရန်အတွက် စောင့်ကြည့်လေ့လာသော လူပုဂ္ဂိုလ်အဖွဲ့ အစည်းထားရှိခြင်း သို့မဟုတ် ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများအပေါ်တွင် ပြည်သူ့ရေးရာအရာရှိများ ထားရှိခြင်းဖြင့်သော်လည်းကောင်း ဆောင်ရွက်ရန်၊ ဒုတိယနည်းလမ်းအနေနှင့် ပြည်သူ့အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်သည့် ဒါရိုက်တာများမှတစ်ဆင့် စီမံရေးရာ ကိစ္စရပ်များတွင် နိုင်ငံသားများ သို့မဟုတ် တိုင်းသူ ပြည်သားများကို ပါဝင်ခွင့်ပြုရန်၊ တတိယနည်းလမ်းအဖြစ် အစုရှယ်ယာပိုင်ရှင်များကို များနိုင်သမျှ များများ သို့မဟုတ် တက်ကြွစွာ ပါဝင်ဆောင်ရွက်သူ အားလုံးတို့အား လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခြင်း သို့မဟုတ် အားပေး အားမြှောက်ပြုခြင်း တိုက်တွန်းခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ရန်၊ “Corporate Democracy has come to have at least three meanings over the years, which prescribe that corporation should be mode more democratic; by increasing the role of government, either as a watchdog or by having public officials on board of directors; by allowing citizen or public participation in the managing of its affairs via public interest directors and the like; or by encouraging or mandating the active participation of a ll or many of its shareholders.” (Reference: 2, pp – 95).

တတိယအနေဖြင့် အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ၏ အဓိပ္ပာယ်နှင့်သဘောတရားများကို အခြေခံကာ စာရေးသူတို့၏ တိုင်းပြည် နိုင်ငံအတွက် တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်းနှင့် တိုင်းပြည် နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သား နိုင်ငံသားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်နေထိုင်နိုင်ရေးတို့တွင် အသုံးပြုနိုင်စေရေးအလို့ငှာ လေ့လာဆန်းစစ်ကြည့်ပါမည်။

စာဖတ်သူများ သတိပြုမိမည်ဟု ထင်မြင်ပါသည်။ တိုင်းပြည်နိုင်ငံတွင် ဒီမိုကရေစီစနစ် အမြစ်တွယ်ပြီး ရှင်သန်ဖွံ့ဖြိုးလာစေရန်မှာ အထက်တွင် တင်ပြထားသကဲ့သို့ လူပုဂ္ဂိုလ် တစ်ဦး၊ လူတစ်စုတစ်ဖွဲ့၊ တစ်ပါတီ အာဏာရရှိစေရေးအတွက် တိုင်းပြည်နိုင်ငံတော်၏ အနာဂတ်၊ ပြည်သူပြည်သားနိုင်ငံသားတို့၏ အနာဂတ်ကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ ရွေးကောက်ပွဲ အနိုင်ရရှိစေရေး သက်သက်ကိုသာ ဦးတည်ပြီး လက်နက်ကိုင်အဖွဲ့အစည်းထံတွင် တိုင်းပြည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ပေးအပ်ခဲ့ခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းကလည်း တိုင်းပြည်နိုင်ငံတော်၏ အနာဂတ်၊ ပြည်သူပြည်သား နိုင်ငံသားတို့၏ အနာဂတ်ကို ထည့်သွင်း စဉ်းစားခြင်းမပြုဘဲ တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူကိုင်စွဲ အသုံးပြုခဲ့ခြင်းများသည် တိုင်းပြည် နိုင်ငံတွင် ဒီမိုကရေစီစနစ် အမြစ်တွယ်ပြီး ရှင်သန်ဖွံ့ဖြိုးလာစေရန်ထက် တိုင်းပြည်နိုင်ငံတော်ကြီးအား အမိုက်အမှောင်ထုကြီးအတွင်းသို့ သက်ဆင်းကျရောက်စေခဲ့သည်မှာ ယနေ့ထက်တိုင် ဖြစ်ပါသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံး အကောင်အထည်ဖော်မည့် တိုင်းပြည်နိုင်ငံတစ်ခုအနေနှင့် အချိန်မှန်မှန် ရွေးကောက်ပွဲများ ပြုလုပ်ခြင်းသည် မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ သို့သော်လည်း ရွေးကောက်ပွဲကို ဦးစီး ဦးဆောင် ကျင်းပမည့် အစိုးရတစ်ရပ်အနေနှင့် တည်ဆဲ ရွေးကောက်ခံ အစိုးရ သို့မဟုတ် အခြားသော အရပ်ဘက် နိုင်ငံရေးအဖွဲ့အစည်းများ သို့မ ဟုတ် အရပ်ဘက် နိုင်ငံရေးအဖွဲ့ အစည်းတစ်ရပ်ရပ်က အစိုးရတစ်ရပ်အနေဖြင့် ယာယီအစိုးရ သို့မဟုတ် ကြားနေအစိုးရ သို့မဟုတ် ကြားဖြတ်အစိုးရ သို့မဟုတ် အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းကာ ဦးစီးဦးဆောင်ပြုလုပ်ပြီး ကျင်းပသင့်ပါသည်။ အတိအကျ တင်ပြရပါလျှင် ရွေးကောက်ပွဲများကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်က ဦးစီးဦးဆောင်ပြုလုပ်ပြီး မကျင်းပ မပြုလုပ်သင့်ပါ။

အမှန်တကယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ပြည်သူ ပြည်သားနိုင်ငံသားများအနေဖြင့် နေ့စဉ်နှင့်အမျှ လုပ်ကိုင်ဆောင်ရွက်နေကြရသည့် အလုပ်အကိုင်များ လုပ်ငန်းများတွင် ဒီမိုကရေစီစနစ်၏ အခြေခံများဖြစ်သည့် ကော်ပိုရိတ်ဒီမိုကရေစီကဲ့သို့သော အလေ့အကျင့်များကို အစဉ်အမြဲ လိုက်နာကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်နေစေရန် လိုအပ်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အကျိုးနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ၏ အဓိပ္ပာယ်နှင့် သဘောတရားများကို လုပ်ငန်းရပ်တိုင်းတွင် ထည့်သွင်းစဉ်းစား တည်ဆောက်ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ယနေ့ မြန်မာနိုင်ငံ တွေ့ကြုံရင်ဆိုင်လျက်ရှိသည့် စိန်ခေါ်မှုများဖြစ်သည့် ပြည်သူပြည်သား နိုင်ငံသားတို့၏ အသက်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးစေလျက်ရှိနေခြင်း၊ အချို့သော ပြည်သူ ပြည်သားနိုင်ငံသားများမှာ အိုးအိမ်စွန့်ခွာ နေရပ်စွန့်ခွာဘဝများတွင် အသက်ရှင်သန်နေထိုင်ရလျက်ရှိနေခြင်း၊ တိုင်းပြည်နိုင်ငံမှာလည်း ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး သို့မဟုတ် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်လျက်ရှိနေခြင်းတို့၏ အခြေခံအကြောင်းရင်းများကို ရှာဖွေလေ့လာကြည့်ရာတွင် အကြောင်းရင်းတစ်ရပ်မှာ ပြည်သူပြည်သား နိုင်ငံသားများအကြားတွင် အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ပေးမည့်၊ အပြန်အလှန်နားလည်မှုနှင့် စေ့စပ်ညှိနှိုင်းမှုကို လေ့ကျင့်ပြုစုပျိုးထောင်ပေးမည့် ကော်ပိုရိတ်အုပ်ချုပ်ရေး (Corporate Governance) သဘောတရားများ ထွန်းကားပြန့်ပွားလာစေရေး ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်း တစ်နည်းအားဖြင့် အကျိုးနှင့်သက်ဆိုင်သည့် ပါဝင်ပတ်သက်သူများ သီအိုရီ (Stakeholder Theory) သဘောတရားများအား ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်စေရန် ပျက်ကွက်ခဲ့ခြင်းများကြောင့်ဖြစ်သည်ကို တာဝန်ရှိသူများနှင့် ပြည်သူ ပြည်သား နိုင်ငံသားအားလုံးတို့က သိမြင်နားလည်စေပြီးလျှင် ယနေ့အချိန်မှ စတင်ကာ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်လာစေရေးကို အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

References:

၁. မြဝင်း (၁၉၉၂), “တပ်မတော်၏ အမျိုးသား နိုင်ငံရေး အစဉ်အလာ”, သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန။

၂. R. Edward Freeman and David L. Reed (1983), “Stock-holders and Stakeholders: A New Perspective on Corporate Governance”, California Management Review, Vol. XXV, No. 3, Spring 1983.

Most Read

Most Recent