မပြီးဆုံးနိုင်သော အကြမ်းဖက်မှုများနှင့် ၂၀၂၃ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ - ၁

မပြီးဆုံးနိုင်သော အကြမ်းဖက်မှုများနှင့် ၂၀၂၃ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ - ၁
အောက်တိုဘာ ၇ ရက်က ဂါဇာတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုများကို တွေ့ရစဉ် (PHOTO-AFP)
အောက်တိုဘာ ၇ ရက်က ဂါဇာတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုများကို တွေ့ရစဉ် (PHOTO-AFP)
Published 22 October 2023
နိုင်ငံတကာသတင်းအယ်ဒီတာအဖွဲ့

အောက်တိုဘာ ၇ ရက်တွင် ဂါဇာကမ်းမြောင်က ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ဖြစ်သော ဟားမာ့စ်သည် အစ္စရေးနိုင်ငံကို ဝင်ရောက်ကျူးကျော်ခဲ့သည်။ ဟားမာ့စ် စစ်သွေးကြွများသည် အစ္စရေးကို တိုက်ခိုက်ခဲ့သည်။ နယ်စပ်ရှိ မြို့ရွာအများအပြားကို လျင်မြန်စွာ သိမ်းပိုက်ခဲ့သည်။ ကြီးမားသော နယ်မြေကို ထိန်းချုပ်ထားခဲ့သည်။

အကြမ်းဖက်သမားများသည် အစ္စရေးနှင့် ဂါဇာနယ်စပ်ရှိ ခြံစည်းရိုးများကို ကျော်လွှားရန် မြေထိုးစက်များ အသုံးပြုခဲ့ကြသည်။ အလစ်အငိုက်တိုက်ခိုက်မှုကို အခွင့်ကောင်းယူသည့်အနေဖြင့် အကြမ်းဖက်သမားများသည် နယ်စပ်ဒေသရှိ အစ္စရေးမြို့ရွာများကိုလည်း ထိန်းချုပ်ခဲ့ကြသည်။

အီဂျစ်နှင့်ဆီးရီးယားတို့ ပူးပေါင်း၍ အငိုက်ဖမ်းတိုက်ခိုက်ခဲ့သည့် ၁၉၇၃ ယွန်းကပ်ပူအား စစ်ပွဲနောက်ပိုင်း အစ္စရေးဘက်ကအဆိုးရွားဆုံး ဆုံးရှုံးမှုဖြစ်ခဲ့ပြီး အစ္စရေးနိုင်ငံသား ၁,၄၀၀ ကျော် သေဆုံးထားသည်။ အစ္စရေးကလည်း ဟားမာ့စ်၏အမာခံနယ်မြေဖြစ်သော ဂါဇာကို ပြင်ပြင်းထန်ထန်တိုက်ခိုက်သဖြင့် ပါလက်စတိုင်း ၅,၀၀၀ နီး ပါးသေဆုံးထားသည်။(သေဆုံးစာရင်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်အထိ စာရင်းဖြစ်သည်။)

အစ္စရေး၏ လက်တုံ့ပြန်တိုက်ခိုက်မှုသည်ကား မရပ်သေးပါ။ အစ္စရေးသည် ဂါဇာကို ပိတ်ဆို့ထားသည်။ မြေပြင်ကျူးကျော်မှုကို လုပ်ဆောင်မည်ဖြစ်သည်။

ဂါဇာမြို့တွင်းကို ဝင်ရောက်ပြီး ဟားမာ့စ်တို့ကို အပြတ်ရှင်းရန် ရည်ရွယ်ထားပုံရသည်။ ထို့ကြောင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အောက်တိုဘာ ၂၀ တွင် ဂါဇာအနီးရှိ ရှေ့တန်းစစ်မျက်နှာကို ရောက်လာကာ အစ္စရေးစစ်သားများကို အားပေးစကားပြောခဲ့သည်။ အစ္စရေးစစ်သားများသည် ခြင်္သေ့များကဲ့သို့တိုက်ခိုက်၍ ပြည့်ဝသောအင်အားဖြင့် အနိုင်ယူရန် ဝန်ကြီးချုပ်နေတန်ယာဟုက ပြောကြားခဲ့သည်။

မြေပြင် ကျူးကျော်မှုမလုပ်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သတိပေးပြောကြားထားသည့်တိုင် အစ္စရေးစစ်တပ်ကမူ ဂါဇာကိုမြေလှန်မည်ဖြစ်ရာ ဂါဇာသည်ကား စစ်မြေပြင်ဖြစ်လာသည်။ ယင်းမတိုင်မီကတည်းက အစ္စရေး၏ရက်ပေါင်းများစွာ လေကြောင်းထိုးစစ်၊ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် ဂါဇာမြို့သည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါပြီ။

ပိတ်ဆို့ခံထားရသော ဂါဇာသားများသည် ကုလသမဂ္ဂထံမှ အကူအညီများကို မျှော်လင့်နေသည်။ အီဂျစ်က နယ်စပ်ဖွင့်ပေးလိုက်သောကြောင့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော ယာဉ်တန်းသည် ဂါဇာကို ရောက်လာသည်။ ဤအကူအညီများသည် ဂါဇာသားများအတွက် အလွန်အရေးပါသော အကူအညီများဖြစ်သည်။

ဂါဇာကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ပြီး ရစရာမရှိအောင် ဖျက်ဆီးပစ်မည်ဆိုပါက အခြားသော နိုင်ငံများ ပဋိပက္ခတွင် ပါဝင်လာမည်ဟု အီရန်က ထပ်တလဲလဲ သတိပေးထားသည်။ အစ္စရေးနှင့် ဟားမာ့စ်ပဋိပက္ခသည် အရှေ့အလယ်ပိုင်းဒေသအထိ ပြန့်သွားမည်ကို အမေရိကန်က စိုးရိမ်နေသည်။ မည်သို့ဆိုစေ ဂါဇာကို ပြတ်ပြတ်သားသား ထိုးစစ်ဆင်နေသည့် အစ္စရေးကြောင့် ဖြစ်ပွားနေသော ပဋိပက္ခသည်ကား ပြီးဆုံးဖွယ်မရှိဟု ယူဆရသည်။ အစ္စရေးနှင့်ပါလက်စတိုင်းတို့သည် သမိုင်းတွင် ပြင်းထန်သော ပဋိပက္ခများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခသည်ကား အသစ်အဆန်းမဟုတ်။ ထို့ကြောင့််  အတိတ်က ပဋိပက္ခတို့ကို အကြောင်းပြု၍ ၂၀၂၃ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသစ် ပေါ်ပေါက်လာသည်ဟုပင် ဆိုနိုင်စရာရှိသည်။

အစ္စရေး-ဂါဇာ ခြံစည်းရိုး

အစ္စရေး-ဂါဇာ ခြံစည်းရိုးသည် ၁၉၉၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးသည်။ ယင်းအတားအဆီးက ဂါဇာကမ်းမြောင်မှ အစ္စရေးသို့ ထိုးဖောက်ဝင်ရောက်မှု လျော့ကျသွားစေရန် အထောက်အကူပြုခဲ့သည်။ အစ္စရေးကျူးကျော်မှုကို ဆန့်ကျင်သည့် ပါလက်စတိုင်းလက်နက်ကိုင်တော်လှန်မှုကို အင်တီဖာဒါ (Intafada) သို့မဟုတ် ပါလက်စတိုင်းလက်နက်ကိုင်တော်လှန်ရေးဟုခေါ်သည်။ ဒုတိယမြောက် ပါလက်စတိုင်းတော်လှန်ရေး စတင်ကတည်းက ဂါဇာသားများကို အလုပ်အကိုင်ကိစ္စများအတွက် အစ္စရေးနိုင်ငံအတွင်း ဝင်ခွင့်မပြုတော့ပေ။ ဆေးဘက်ဆိုင်ရာကိစ္စများအတွက် အစ္စရေးသို့ ဝင်ရောက်ရန် အထူးခွင့်ပြုချက်များသည်လည်း အလွန်အမင်းလျော့နည်းသွားရာ ယင်းသည် ပါလက်စတိုင်းသားများအတွက် ခရီးသွားလာမှုကို အခက်အခဲဖြစ်စေသည်။

ဒန်နီရယ်ရွှတ်ဖတန်၏ “အစ္စရေးနှင့်ပါလက်စတိုင်းတို့ ကင်းကွာအောင်နေခြင်း” ဟူသော ၁၉၉၉ ခုနှစ်ထုတ် စာအုပ်တွင် ခွဲခြားနေထိုင်ခြင်းသဘောထားအသစ်များကိုလည်းကောင်း၊ လက်ရှိသဘောထားများကိုလည်းကောင်း ဆန်းစစ်ထားသည်။ ယင်းသို့ဆန်းစစ်ရာတွင် အနောက်ဘက်ကမ်းနှင့် ဂါဇာတို့ ကွဲထွက်သွားခြင်းဖြင့် စဖွင့်ထားသည်။ ဒန်နီရယ်ရွှတ်ဖတန်က ရစ်ဇက်ရာဘင်နှင့် အီဟူးဘာရတ်တို့လို နိုင်ငံရေးသမားများ၏ “ပြတ်ပြတ်သားသား ကင်းကွာမှု” သဘောထားကို သဘောကျခဲ့သည်။

ရစ်ဇက်ရာဘင်သည် အစ္စရေးနှင့်ပါလက်စတိုင်းတို့အကြားတွင် ရုပ်ပိုင်းဆိုင်ရာ အတားအဆီး(တံတိုင်း၊ ခြံစည်းရိုး) ဖန်တီးရေးကို ၁၉၉၂ ခုနှစ်တွင် ပထမဆုံးအဆိုပြုခဲ့သူဖြစ်သည်။ ထို့ကြောင့် ၁၉၉၄ ခုနှစ်တွင် ပထမဆုံးအတားအဆီးဖြစ်သော အစ္စရေး-ဂါဇာတံတိုင်းကို စတင်တည်ဆောက်သည်။ အဆိုပါ တံတိုင်းသည် အာရုံခံကိရိယာများ တပ်ဆင်ထားသည့် သံဆူးကြိုး ခြံစည်းရိုးဖြစ်သည်။ နေတန်ယာမြို့အနီးရှိ ဘတ်လစ်တိုက်ခိုက်ခံရပြီးနောက် ရာဘင်က အစ္စရေးနှင့်ပါလက်စတိုင်းကို ပိုင်းခြားပစ်ရမည်ဟုပြောသည်။

ထိုတံတိုင်းက ၁၉၆၇ ခုနှစ်မတိုင်မီ နယ်စပ်အနေအထားအတိုင်းမဟုတ်သည့် ပိုင်းခြားမှုဆီ ဦးတည်စေသည်။ အစ္စရေးနှင့်ပါလက်စတိုင်းတို့ကို ပိုင်းခြားပစ်ရမည်ဟု ရာဘင်က ပြောသည်။ တစ်စုတစ်စည်းတည်းဖြစ်သော ဂျေရုဆလင်အပါအဝင် အချုပ်အခြာအာဏာပိုင် အစ္စရေးနိုင်ငံ၏ နယ်နိမိတ်အတွင်း နေထိုင်ကြသော လူများစု ဂျူးပြည်သူ ၉၈ ရာခိုင်နှုန်း အကြမ်းဖက်မခံရအောင်ဆောင်ရွက်ရမည်ဟု ရာဘင်က ပြောသည်။

ဒုတိယမြောက် ပါလက်စတိုင်း တော်လှန်ရေး

၂၀၀၀ ပြည့်နှစ် စက်တင်ဘာလထဲတွင် ဒုတိယမြောက် ပါလက်စတိုင်းတော်လှန်ရေးစတင်သည်။  ပါလက်စတိုင်းပြည်သူအများစုက ဒုတိယမြောက် ပါလက်စတိုင်း လက်နက်ကိုင်တော်လှန်ရေးကို       ၁ ၉ ၆ ၇  စစ်ပွဲအပြီး ၎င်းတို့ကို အစ္စရေးကျူးကျော်မှုအား ဆန့်ကျင်သည့် အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုအဖြစ် ယူဆထားသည်။ အစ္စရေးများကမူ ယင်းတော်လှန်ရေးကို အကြမ်းဖက်စစ်ဆင်ရေးဟုသတ်မှတ်ထားသည်။

ပါလက်စတိုင်း နည်းဗျူဟာမှာ ပထမ ပါလက်စတိုင်းတော်လှန်ရေးကဲ့သို့ပင် လူထုဆန္ဒပြပွဲများ၊ အထွေထွေ သပိတ်ကြီးများမှသည် အသေခံဗုံးခွဲတိုက်ခိုက်ခြင်းများနှင့် အစ္စရေးလူနေဒေသများကို Qassam ဒုံးကျည်များပစ်ခတ်ခြင်းအထိပါဝင်သည်။ အစ္စရေးနည်းဗျူဟာမှာ လူအစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများနှင့် အမှုစစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးထောင်ချခြင်းများမှသည် စစ်ဆေးရေးဂိတ်များဖွင့်ခြင်း အစ္စရေး-ဂါဇာကမ်းမြောင် ခြံစည်းရိုးကာခြင်းနှင့် စစ်သွေးကြွများ၊ ပါလက်စတိုင်းအဖွဲ့အစည်းများ၏ခေါင်းဆောင်များကို ပစ်မှတ်ထားသော လုပ်ကြံမှုများအထိ ပါဝင်သည်။

၂၀၀၆ ပါလက်စတိုင်း လွှတ်တော်ရွေးကောက်ပွဲအပြီးတွင် အစ္စရေးသည် မာမွတ်အဘတ်စ်၊ PLO တို့နှင့် စေ့စပ်ဆွေးနွေးခဲ့သည်ဆိုသော်လည်း တစ်ချိန်တည်းတွင်ပင် ဟားမာ့စ် တက်ကြွလှုပ်ရှားသူများနှင့် စစ်သွေးကြွများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားမာ့စ်၏ ရွေးကောက်ခံ လွှတ်တော်ဥပဒေ အကျိုးဆောင်အဖွဲ့ဝင် နိုင်ငံရေးသမားများကို ဖမ်းဆီးခဲ့သည်။

ပဋိပက္ခဖြစ်ပွားသောကာလဖြစ်သည့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ သေဆုံးသူစုစုပေါင်းမှာ  ပါလက်စတိုင်းသား ၄,၃ဝဝနှင့် အစ္စရေးနိုင်ငံသား ၁,၀၀၀ ကျော်ရှိသည်။ နိုင်ငံခြားသား ၆၄ ဦးသေဆုံးခဲ့ရာ နိုင်ငံခြားသား ၅၄ ဦးကို ပါလက်စတိုင်းတို့က သတ်ခြင်းဖြစ်ပြီး နိုင်ငံခြားသား ၁၀ ဦးကို အစ္စရေး လုံခြုံရေးတပ်ဖွဲ့က သတ်ခဲ့ခြင်းဖြစ်သည်။

အစ္စရေး၏တစ်ဖက်သတ်ဆုတ်ခွာမှု   

၂၀၀၅ ခုနှစ် သြဂုတ်လမှစက်တင်ဘာလအထိ အစ္စရေးက၎င်း၏ ဆုတ်ခွာရေးစီမံချက်ကို အကောင်အထည်ဖော်သည်။ အစ္စရေးနိုင်ငံသားများကို ဂါဇာကမ်းမြောင်မှ ပြန်လာစေခြင်း၊ အစ္စရေးစစ်တပ်ကို ဂါဇာကမ်းမြောင်မှ ရုပ်သိမ်းခြင်းတို့ ဆောင်ရွက်ခဲ့သည်ဆိုသော်လည်း အစ္စရေးသည် ပါလက်စတိုင်းအာဏာပိုင်အဖဲဲွ့နှင့် ၂၀၀၅ သဘောတူညီချက်အရ အီဂျစ်နှင့်အတူ ဂါဇာဝေဟင်ပိုင်နက်နှင့် ရေပိုင်နက်တို့ကို ဝင်ရောက်ခြင်း၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းတို့ကို ဆက်လက်ထိန်းချုပ်ထားသည်။         

ပာားမာ့စ် အနိုင်ရခြင်း

ဟားမာ့စ်အစ္စလာမ်မစ်ပါတီသည် ၂၀၀၆ ပါလက်စတိုင်း လွှတ်တော်ရွေးကောက်ပွဲတွင် ပါလက်စတိုင်း ဥပဒေပြုကောင်စီ၌ အမတ်နေရာအများစု အနိုင်ရသည့်အခါ အစ္စရေးနှင့် ဂါဇာပဋိပက္ခသည် ပြင်းထန်လာသည်။ အစ္စရေးသည် ဂါဇာကမ်းမြောင်နှင့် အစ္စရေးနယ်စပ်ကို ပိတ်လိုက်ပြီး ပြည်သူများ ကူးသန်းသွားလာမှုကိုလည်းကောင်း၊ သွင်းကုန် ပို့ကုန်တို့ကိုလည်းကောင်း အဓိကထား ပိတ်ဆို့ခဲ့သည်။

ပါလက်စတိုင်းတို့က ဂါဇာနယ်စပ်အနီးရှိ အစ္စရေးမြို့ရွာများကို Qassam ဒုံးကျည်များဖြင့် ပစ်သည်။

အစ္စရေးစစ်သားများကို ဖမ်းဆီး၊ သတ်ဖြတ်ရန် ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်ခဲ့သည်။ အစ္စရေးဘက်ကလည်း ဟားမာ့စ်ပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း အပါအဝင် အင်နှင့်အားနှင့် လက်တုံ့ပြန်ခဲ့သည်။

၂၀၀၇ ခုနှစ် ဇွန်လတွင် ဟားမာ့စ်နှင့် ဖာတာတို့ ပါတီတွင်း တိုက်ပွဲဖြစ်ပွားသည်။ ဟားမာ့စ်က အာဏာသိမ်းလိုက်ပြီး ဂါဇာကမ်းမြောင်ကို ထိန်းချုပ်လိုက်သည်။ ၂၀၀၇ ခုနှစ် ဇွန်လ ၇ ရက်မှ ၁၅ ရက်အထိ ဂါဇာတိုက်ပွဲဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း ၁၁၈ ဦးသေဆုံးပြီး ၅၅၀ ကျော် ဒဏ်ရာရသည်။ ဂါဇာကမ်းမြောင်တစ်ခုလုံးသည် ဟားမာ့စ်အစိုးရအဖွဲ့၏ ထိန်းချုပ်မှု အောက်ကို ရောက်ရှိလာသည်။

ဟားမာ့စ် အာဏာသိမ်းခြင်းကို အစ္စရေးကတု့ံပြန်သည့်အနေ ဖြင့် ဂါဇာကမ်းမြောင်ကို ပိတ်ဆို့မှု များလုပ်ဆောင်သည်။ ဂါဇာရှိ ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုများနှင့် အစ္စရေးတို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

၂၀၀၆ ခုနှစ် ပဋိပက္ခ အစ

၂၀၀၆ ခုနှစ်တွင် ပါလက်စတိုင်း စစ်သွေးကြွများသည် အစ္စရေးစစ်တပ်မှ တပ်ကြပ်တစ်ဦးဖြစ်သူ ဂီလက် ရှာလစ်ကို ပြန်ပေးဆွဲခဲ့ခြင်းဖြင့် ဂါဇာကမ်းမြောင်ဒေသအပြင်ဘက်တွင် သမားရိုးကျ အကြီးစားစစ်ဆင်ရေးတစ်ခုကို စတင်ခဲ့သည်။

ထို့နောက် အစ္စရေးကလည်း ၂၀၀၆ ခုနှစ် ဇွန် ၂၈ ရက်တွင် Summer Rains အမည်ရှိ စစ်ဆင်ရေးကို စတင်ပြုလုပ်ခဲ့သည်။

ထိုစစ်ဆင်ရေးသည် အစ္စရေးက ၂၀၀၅ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာအကြား ဂါဇာဒေသတွင် တစ်ဖက်သတ် နေရာဖျက်သိမ်းမှုများကို ပြုလုပ်ပြီးနောက်ပိုင်း ဂါဇာဒေသအတွင်း ပထမဆုံး ပြုလုပ်သည့် အကြီးစားစစ်ဆင်ရေးဖြစ်သည်။

၂၀၀၆ ခုနှစ် ဇွန် ၉ ရက်တွင် ဂါဇာကမ်းခြေတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အသက် ခုနစ်နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် မိသားစုဝင် ရှစ်ဦးစလုံး သေဆုံးခဲ့ပြီး လူပေါင်း ၃၀ ထက်မနည်း ဒဏ်ရာရခဲ့သည်။ ထိုဖြစ်စဉ်သည် ကမ္ဘာတစ်ဝန်းရှိ မီဒီယာများ၏ အာရုံစိုက်ဖော်ပြမှုကို ခံခဲ့ရပြီး ထိုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အစ္စရေးနှင့် ပါလက်စတိုင်းသည် တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ခဲ့ကြသည်။

အစ္စရေးသည် ၎င်း၏ ပြည်သူများကို Qassam  ရော့ကတ်များထိမှန်ခြင်းမှ ကာကွယ်ပေးရန်နှင့် ဂီလက် ရှာလစ် ပြန်လည်လွတ်မြောက်စေရန် ထောင်နှင့်ချီသည့် ၎င်း၏စစ်သားများကို ဂါဇာဒေသအတွင်း စုရုံးထားရှိခဲ့သည်။

၂၀၀၅ ခုနှစ် စက်တင်ဘာမှ ၂၀၀၆ ခုနှစ် ဇွန်လအတွင်း အစ္စရေးသည် ဂါဇာဒေသအတွင်းသို့ အမြောက်ဆန် ၇၀၀၀ မှ ၉၀၀၀ ကြား ပစ်ခတ်ခဲ့ပြီး ခြောက်လအတွင်း ပါလက်စတိုင်း ၈၀ ခန့် သေဆုံးခဲ့သည်။

ပါလက်စတိုင်းတို့ဘက်ကလည်း ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလအတွင်း အစ္စရေးနိုင်ငံအတွင်းသို့ Qassam ရော့ကတ် အစင်း ၁၃၀၀ ကျော်ပစ်လွှတ်ခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် လုံခြုံရေး အကြောင်းပြချက်များဖြင့် ရာဖာမြို့ရှိ ဥရောပသမဂ္ဂ၏ ကူညီထောက်ပံ့မှုအချို့နှင့်အတူ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးအရ စစ်ဆေးမှုများပြုလုပ်ခြင်း၊ စစ်သွေးကြွများ လက်နက်မှောင်ခိုတင်သွင်းရာတွင် အသုံးပြုသည့် မြေအောက်လိုဏ်ခေါင်းများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

၂၀၀၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်နယ်စပ်အောက်တွင် တရားမဝင်လက်နက်များ မှောင်ခိုကူးသည့် မြေအောက်လိုဏ်ခေါင်း ၂၀ ကို ရှာဖွေတွေ့ရှိခဲ့သည်။

အစ္စရေးက ဖမ်းဆီးခံထားရသည့် ၎င်းတို့၏ တပ်ကြပ် ရှာလစ် ပြန်လည်လွွတ်မြောက်လာသည် နှင့်တစ်ပြိုင်တည်း စစ်ဆင်ရေးကို အဆုံးသတ်မည်ဖြစ်ကာ ဂါဇာမှ တပ်များကို ရုပ်သိမ်းမည်ဟု ပြောကြားခဲ့သည်။

ပါလက်စတိုင်းများကလည်း အစ္စရေးအကျဉ်းထောင်များထဲတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းအချို့ကို ပြန်လည်လွှတ်ပေးမည်ဆိုပါက ရှာလစ်ကို ပြန်လွှတ်ပေးမည်ဟု အကျဉ်းသားလဲလှယ်သည့်သဘောမျိုးဖြင့် တုံ့ပြန်ပြောကြားခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုများသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် ဟားမာ့စ် ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဖြုတ်ချရန်နှင့် ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့ကို မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပါလက်စတိုင်းတို့က ပြောကြားခဲ့သည်။

အစ္စရေးတပ်ကြပ် ဂီလက် ရှာလစ် ပြန်ပေးဆွဲဖမ်းဆီးခံရချိန်ကတည်းက ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း ၃၀၀ ခန့်သည် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏  ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။

၂၀၀၆ ခုနှစ် ဇူလိုင်လတွင် အစ္စရေး၏ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ပထမဆုံးထွက်ပေါ်လာသည့် သတင်းများတွင် ထူးဆန်းသည့် ဒဏ်ရာများ ရရှိသည့်အကြောင်းအရာများကို ဖော်ပြခဲ့ကြသည်။

ကိုယ်တွင်းအင်္ဂါများ ဆိုးရွားစွာ ထိခိုက်ခြင်း၊ ဆိုးရွားစွာ မီးလောင်ကျွမ်းခြင်း၊ နက်ရှိုင်းသည့် အတွင်းဒဏ်ရာများ ရရှိခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးခြင်းနှင့် သေဆုံးခြင်းတို့ အပါအဝင် ယခင်က တစ်ကြိမ်တစ်ခါကမျှ မြင်တွေ့ဖူးခဲ့ခြင်းမရှိသည့် ဒဏ်ရာရသတင်းများ ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် ပေါက်ကွဲစွမ်းအားပြင်း လက်နက်တစ်မျိုးဖြစ်သည့် DIME လက်နက်အပါအဝင် အစ္စရေးသည် လက်နက်သစ် စမ်းသပ်ခြင်းဖြစ်နိုင်ကြောင်း ထင်ကြေးပေးမှုများလည်း ထွက်ပေါ်ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှ ပါလက်စတိုင်း စစ်သွေးကြွများက ပစ်လွှတ်သည့် Qassam ဒုံးကျည်တိုက်ခိုက်မှုများကို ဟန့်တားရန် ကြိုးပမ်းသည့်အနေဖြင့် အစ္စရေးသည် ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် Operation Autumn Clouds အမည်ရှိ စစ်ဆင်ရေးကို စတင်ပြုလုပ်ခဲ့သည်။

ထိုစစ်ဆင်ရေးစတင်ခဲ့ပြီးနောက် အစ္စရေးတပ်များရုပ်သိမ်းခဲ့ပြီး ရက်ပိုင်းအကြာ ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် အစ္စရေးစစ်တပ်သည် နည်းပညာချွတ်ယွင်းမှုကြောင့် ၎င်းတို့၏ ပစ်မှတ်များကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာတွင် လွဲချော်ခဲ့ပြီး ဂါဇာဒေသအတွင်းရှိ Beit Hanoun မြို့ရှိ လူနေအိမ်များကို ထိမှန်ခဲ့သဖြင့် ပါလက်စတိုင်း ၁၉ ဦး သေဆုံးကာ ၄၀ ကျော်ဒဏ်ရာရခဲ့သည်။

IDF က ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နောက်ပိုင်းတွင် ထိုဖြစ်စဉ်အတွက် ပြန်လည်တောင်းပန်ခဲ့ကာ ထိုအချိန်က အစ္စရေးသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည့် အီဟွတ်အိုလ်မတ်သည် ထိုဖြစ်စဉ်တွင် ထိခိုက်နစ်နာခဲ့သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ကမ်းလှမ်းခဲ့သည်။

အစ္စရေးက ဂါဇာဒေသကို Autumn Clouds စစ်ဆင်ရေးဖြင့် ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် စပိန်ဝန်ကြီးချုပ် ဟိုဆေး လူးဝစ် ရိုဒရီဂုဇ် ဇာပါတာရိုသည် ပြင်သစ်သမ္မတ ယက်ရှီရက်နှင့်အတူ “၂၀၀၆ ခုနှစ် ပြင်သစ်-အီတလီ-စပိန် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစီအစဉ်” ကို အဆိုပြုခဲ့သည်။

အီတလီ ဝန်ကြီးချုပ် ရိုမာနို ပရိုဒီကလည်း ထိုအစီအစဉ်ကို အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်။

၂၀၀၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ပါလက်စတိုင်းအဖွဲ့အစည်းများနှင့် အစ္စရေးအကြား အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး အစ္စရေးက ၎င်း၏ စစ်သားများကို ပြန်လည်ရုပ်သိမ်းခဲ့ကာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ တပ်ဖွဲ့များကလည်း Qussam ဒုံးကျည်ပစ်လွှတ်မှုများကို ရပ်တန့်ခဲ့သည်။

ထိုအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအပြီးတွင် ဂါဇာကမ်းမြောင်ဒေသထဲမှ အစ္စရေးကို Qussam ဒုံးကျည်အစင်း ၆၀ ကျော်ဖြင့် ပစ်ခတ်ခဲ့ပြီး သေနတ်များနှင့် လက်ပစ်ဗုံးများ ကိုင်ဆောင်ထားသည့် ပါလက်စတိုင်း လက်နက်ကိုင်တစ်ဦးကို အစ္စရေး စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့သည် ထိုဒုံးကျည်များ ပစ်ခတ်တိုက်ခိုက်မှုအတွက် တာဝန်ခံ ထွက်ဆိုခဲ့ပြီး ဂျီနင်မြို့တွင် ၎င်းတို့အဖွဲ့ဝင် နှစ်ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့သဖြင့် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဖာတာ-ဟားမာ့စ် ပဋိပက္ခနှင့် အစ္စရေး၏ ပိတ်ဆို့မှု

၂၀၀၇ ခုနှစ် မေလလယ်မှစပြီး ဟားမာ့စ်တို့ အုပ်ချုပ်သည့် ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ပါလက်စတိုင်း စစ်သွေးကြများနှင့် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ထို့ပြင် ပါလက်စတိုင်းအဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ပါလက်စတိုင်းများသည် သီတင်းတစ်ပတ်အတွင်းမှာပင် Qussam ဒုံးကျည် အစင်း ၂၂၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အစ္စရေးလေတပ်ကမူ အဆိုပါ ဒုံးကျည် ပစ်လွှတ်သည့် နေရာများကို ဒုံးကျည်များဖြင့် ပြန်လည် ပစ်ခတ်ခြင်း ဗုံးကြဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ထိုတိုက်ခိုက်မှုများကြောင့် ဒေသတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် ပိုမိုဆိုးရွားခဲ့ပြီး ဟားမာ့စ်အဖွဲ့ကလည်း အစ္စရေး၏ တိုက်ခိုက်မှုများကို တုံ့ပြန်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ပါလက်စတိုင်းတို့၏ Qussam ဒုံးကျည်တိုက်ခိုက်မှုများကြောင့် အစ္စရေးသည် ဂါဇာဒေသကို ရန်လိုသည့် နယ်နိမိတ်တစ်ခုအဖြစ် ကြေညာခဲ့သည်။

ထိုကြေညာချက်ကြောင့် အစ္စရေးသည် ဂါဇာဒေသအတွင်းသို့ လျှပ်စစ်ဓာတ်အား၊ လောင်စာနှင့် အခြားအထောက်အပံ့များ သယ်ယူပို့ဆောင်မှုကို ဟန့်တားခွင့်ရရှိစေခဲ့သည်။

အစ္စရေးသည် ဟားမာ့စ်တို့၏ ဒုံးကျည်တိုက်ခိုက်မှုများကို ရပ်တန့်စေရန်နှင့် ဒုံးကျည်တိုက်ခိုက်မှုများအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ တင်သွင်းမှုကို ဟန့်တားရန် ထိုကဲ့သို့ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဂါဇာဒေသအတွင်းသို့ လောင်စာတင်သွင်းမှု ပိတ်ပင်ခဲ့သည့် အစ္စရေး၏ ဆုံးဖြတ်ချက်သည် အရပ်သားများကိုပါ ရောနှောဒဏ်ခတ်သည့် ပုံစံဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။

ထို့ပြင် အစ္စရေးသည် အနောက်ဘက်ကမ်းဒေသတွင် ဟားမာ့စ်၏ အစိုးရအဖွဲ့ဝင် အရာရှိ နှစ်ဦးအပါအဝင် ဟားမာ့စ်အဖွဲ့ဝင်များကိုလည်း ဖမ်းဆီးခဲ့သည်။

ထိုဖမ်းဆီးမှုများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများက ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

ကုလသမဂ္ဂ၏ လေ့လာချက်တစ်ရပ်၏ အဆိုအရ ၂၀၀၈ ခုနှစ် ဇန်နဝါရီလအထိ ဂါဇာဒေသအပေါ် အစ္စရေး ပိတ်ဆို့မှု၏ စီးပွားရေး အကျိုးသက်ရောက်မှုများသည် အလွန်နိမ့်ကျသည့် အဆင့်သို့ ရောက်ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

ဒုံးကျည်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် အစ္စရေးသည် ဂါဇာနယ်စပ်ကို အပြည့်အဝ ပိတ်ချခဲ့သည်။

ဂါဇာဒေသမှ သေနတ်သမားများသည် ရာဖာနယ်စပ်ဖြတ်ကျော်သည့် ဂိတ်အနီးတွင် ဖောက်ခွဲမှုပြုလုပ်ခဲ့သဖြင့် အစ္စရေး-ဂါဇာ အတားအဆီးဟောင်းဖြစ်သည့် အစိတ်အပိုင်း ထိခိုက်ပျက်စီးခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်တွင် ဂါဇာ-အီဂျစ်နယ်စပ် ကျိုးပေါက်မှုဖြစ်ပွားခဲ့သည်။

ထိုအချိန်က ဂါဇာဒေသ၏ လူဦးရေ ၁ ဒသမ ၅ သန်း၏ ထက်ဝက်ခန့်သည် အီဂျစ်နယ်စပ်မှဖြတ်ပြီး အစားအစာနှင့် အထောက်အပံ့များ ရယူခဲ့သည်ဟု ကုလသမဂ္ဂက ခန့်မှန်းခဲ့သည်။

Most Read

Most Recent