အေဂျင်စီသီအိုရီ (Agency Theory)

အေဂျင်စီသီအိုရီ (Agency Theory)
Published 15 October 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူအနေဖြင့် ကိုယ်စားလှယ်လုပ်ငန်းများတွင်သော်လည်းကောင်း၊ အကျိုးဆောင်လုပ်ငန်းများ တွင်သော်လည်းကောင်း၊ ကုမ္ပဏီများတွင် မန်နေဂျာအဖြစ်လည်းကောင်း၊ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ အေးဂျင့်လုပ်ငန်းများတွင်သော်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့အကြုံ လုံးဝမရှိခဲ့ပါ။ အကယ်၍ အထက် ဖော်ပြပါလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် လူပုဂ္ဂိုလ် တစ်ဦးက ယခုဆောင်းပါးကို ရေးသားတင်ပြမည်ဆိုပါက ပိုမိုကောင်း မွန်မည်ဖြစ်ကြောင်း ဦးစွာတင်ပြ အပ်ပါသည်။

သို့သော်လည်း အေဂျင်စီသီအိုရီကို ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အခြေခံသည့်အကြောင်းအရာများ၊ သဘောတရားများသည် စာရေးသူတို့ ကျောင်းသားဘဝက လေ့လာသင်ယူခဲ့ရသည့် စီးပွားရေးပညာရှင်ကြီး သို့မဟုတ် ဘောဂဗေဒ ဘာသာရပ်၏ ဖခင်ကြီး ဆရာကြီး အဒမ်စမစ် (Adam Smith) ၏ ရေးသားတင်ပြထားချက်များအပေါ်တွင် အခြေခံထားရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် အေဂျင်စီသီအိုရီနှင့်ပတ်သက်ပြီး လက်တွေ့လုပ်ငန်းရပ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးခြင်း မရှိပါသော်လည်း သဘောတရားအားဖြင့် အနည်းငယ်သိမြင် နားလည်သည့်အခြေအနေတွင် တည်ရှိနေပါသည်။

စာရေးသူအနေဖြင့် ယခုဆောင်းပါး၏ ခေါင်းစဉ်ကို အမည်ပေးရန်အတွက် ကြိုးပမ်းအားထုတ်ရာတွင် အလွန်ခက်ခဲစေခဲ့ပါသည်။ စာရေးသူသည် အင်္ဂလိပ်ဘာသာ စကားရှိ တိုက်ရိုက်အသံထွက်များ ကို အသုံးပြုခြင်းမရှိဘဲ တတ်နိုင်သမျှ မြန်မာဘာသာသို့ ပြန်ဆိုရန် ကြိုးစားလေ့ရှိပါသည်။ ထို့ကြောင့် ယခုဆောင်းပါး၏ ခေါင်းစဉ်ကို အေဂျင်စီသီအိုရီ (Agency Theory) အဖြစ် တိုက်ရိုက်ဘာသာပြန် ဆိုခြင်းမပြုဘဲ ကိုယ်စားလှယ်လုပ်ငန်း သီအိုရီ သို့မဟုတ် အကျိုးဆောင်လုပ်ငန်းသီအိုရီ (Agency Theory) အဖြစ်အမည်ပေးရန် ကြိုး ပမ်းအားထုတ်ခဲ့ပါသည်။ သို့သော်လည်း ၎င်း၏အဓိပ္ပာယ်နှင့် သဘော တရားများအရ အေဂျင်စီသီအိုရီ (Agency Theory) အဖြစ် တိုက်ရိုက်ဘာသာပြန်ဆိုခြင်းကသာ အကောင်းဆုံး အလိုက်ဖက်ဆုံး အမည်ဖြစ်သည်ကို လေ့လာတွေ့ရှိ ရပါသဖြင့် ယခုဆောင်းပါး၏ ခေါင်း စဉ်ကို “အေဂျင်စီသီအိုရီ (Agency Theory)” အဖြစ် ပြန်လည်အမည်ပေးခဲ့ရပါသည်။

စာရေးသူကဲ့သို့ပင် မူရင်းစာ အုပ်စာစောင်များတွင် ယခုရေးသား တင်ပြမည့် သီအိုရီကို အမည်ပေးနိုင်ရန်အလို့ငှာ အခက်အခဲများ တည်ရှိခဲ့ကြောင်းကို လေ့လာတွေ့ရှိ ရပါသည်။ အနည်းငယ်ရှင်းလင်း တင်ပြရမည်ဆိုပါက မူရင်းအကြောင်းအရာ သဘောတရားတွင်ပင် အေးဂျင့် (Agent) အပိုင်းနှင့် ပရင်စီပယ် (Principal) အပိုင်းအဖြစ် နှစ်ပိုင်းရှိရာတွင် အပိုင်းနှစ်ပိုင်းစလုံး ပါဝင်သည့် (Principal Agency Theory) ကို ဆရာကြီး အဒမ်စမစ် (Adam Smith) က ဖော်ထုတ်ရေးသား တင်ပြခဲ့ပြီး ဖြစ်ပါသည်။ တစ်ဖန် ပရင်စီပယ် (Principal) အပိုင်းအတွက် သဘောတရားဖြစ်သည့် (The Theory of Private Property Rights) သည်လည်း တည်ရှိပြီးဖြစ်နေသည့်အတွက် ယခုသီအိုရီကို “အေဂျင်စီသီအိုရီ (Agency Theory)” အဖြစ် အမည်ပေးခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ရေးသားတင်ပြခဲ့ကြပါသည်။

ထိုကဲ့သို့ဆိုပါလျှင် စာရေးသူအနေဖြင့်  အဘယ်ကြောင့် ယခု ဆောင်းပါးကို ရေးသားတင်ပြရပါသလဲဆိုသည့် မေးခွန်းဖြစ်ပေါ်လာစေပါသည်။ ဖော်ပြပါမေးခွန်းကို စာရေးသူအနေဖြင့် ဖြေကြားရမည်ဆိုပါက စာရေးသူသည် ကျောင်းသားဘဝ လေ့လာသင်ယူခဲ့ရသည့် ဘာသာရပ်များ၊ စာရေးသူ ကျောင်းဆရာဘဝ လေ့လာသင်ကြားခဲ့ရသည့် ဘာသာရပ်များကို အခြေခံကာ တိုင်းပြည်တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ  အသက်ရှင်နေထိုင်နိုင်ရေးတို့အတွက် ရည်ရွယ်ချက်ထားရှိပြီး ဆောင်းပါးများကို ရေးသားတင်ပြလျက်ရှိပါသည်။

ရေးသားတင်ပြရာတွင် ကော်ပိုရိတ်အုပ်ချုပ်ရေး (Corporate Governance) သည် အထက်တွင် ဖော်ပြထားသည့် ခေါင်းစဉ်ရည်ရွယ်ချက်များ၏အောက်တွင် ပါဝင်လျက်ရှိသဖြင့် ကော်ပိုရိတ်အုပ်ချုပ်ရေး (Corporate Governance) ခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ် ရေးသားပြင်ဆင်ခဲ့ပြီး ဖြစ်ပါသည်။ အေဂျင်စီသီအိုရီသည် ကော်ပိုရိတ် အုပ်ချုပ်ရေး (Corporate Governance) ၏ အစိတ်အပိုင်းတစ်ရပ်အ ဖြစ် ပါဝင်လျက် တည်ရှိနေပါသောကြောင့် စာရေးသူအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့အကြုံ မရှိပါသော်လည်း လက်လှမ်းမီရရှိနိုင်သည့် စာအုပ်စာ စောင်များကို အခြေခံကာ စာဖတ် သူများ အလွယ်တကူသိမြင်နားလည်နိုင်စေရန် ကြိုးစားပြီး ရေးသားတင်ပြခြင်းဖြစ်ပါသည်။

စာရေးသူ တင်ပြလိုသည့် အဓိပ္ပာယ်မှာ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် တာဝန်ရှိသူများအနေဖြင့် စိတ်တွင်ခံစားရသည့်အတိုင်း တောင်ပြော မြောက်ပြော ပြုလုပ်ပြီး နံကြားထောက်ကာ အမိန့်ပေးစေခိုင်းခြင်းသည် တိုင်းပြည်နိုင်ငံအတွက်သော်လည်းကောင်း၊ ပြည်သူ ပြည်သား နိုင်ငံသားများအတွက်သော်လည်းကောင်း ရက်စက်ကြမ်းကြုတ်သည့် ပြုမူဆောင်ရွက်ခြင်းများနှင့် ဆိုး ကျိုးများကို ခံစားရစေပြီးလျှင် အမိုက်အမှောင်ခေတ်ကြီးကို ဖြစ်ထွန်းပေါ်ပေါက်စေနိုင်ကြောင်းကို သိမြင်စေလိုသည့် ရည်ရွယ်ချက်လည်း ပါဝင်ပါသည်။

အဘယ်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်ဆိုပါလျှင် အထက်တွင် ဖော်ပြထားရှိသည့်အတိုင်း အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာလုပ်ငန်းစဉ်အားလုံးတို့ကို အစုံလိုက် တစ်စုံလုံး ပါဝင်စေရန် ကြိုးပမ်းအားထုတ်ပြီးလျှင် ဒီဇိုင်းမိုဒယ်ပုံစံကို စနစ်တကျ ရေးဆွဲချမှတ်ပြဋ္ဌာန်းကာ သက်ဆိုင်သူအားလုံး ပါဝင်လာစေရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့်သာ တိုင်းပြည် နိုင်ငံအတွက်သော်လည်းကောင်း၊ ပြည်သူ ပြည်သား နိုင်ငံသားများအတွက်သော်လည်းကောင်း ကောင်းကျိုးများကို ဖြစ်ထွန်းပေါ်ပေါက်စေမည့် ဝန်းကျင်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

အလျဉ်းသင့်သဖြင့် စာရေးသူ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် အတိုင်ပင်ခံ အရာရှိအဖြစ် ဆောင်ရွက်စဉ် သိမြင် ကြားသိခဲ့ရသည့် အတွေ့အကြုံကလေးကို စာဖတ်သူများအား ဝေမျှပါမည်။ အဓိကမှာ ပါဝင်သက်ဆိုင်သူအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် သဘောတရား ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်တည်ဆောက်ရန် အလွန်အရေးကြီးသည်ဆိုသည့် အခြေအနေကို မီးမောင်းထိုးပြခြင်းပင် ဖြစ်ပါသည်။

ဥပမာအားဖြင့် အရည်အချင်း စွမ်းရည် လွန်စွာထက်မြက်ပြီးလျှင် အရင်းအမြစ်များလည်း ပြည့်စုံလျက်ရှိသည့် လူတစ်ဦး သို့မဟုတ် လူတစ်ဖွဲ့ သို့မဟုတ် နိုင်ငံတစ်နိုင်ငံက လူအများစု သို့မဟုတ် နိုင်ငံအများနှင့် ပတ်သက်သည့် ကိစ္စရပ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက အချိန်တိုအတွင်း အောင်မြင်ပြီးမြောက်စေရန် စွမ်းဆောင်နိုင်မည်ဖြစ်ပါသော်လည်း ထိုကဲ့သို့သော လုပ်ရပ်မျိုးကို လုံးဝ မပြုလုပ်မဆောင်ရွက်သင့်ကြောင်း တားမြစ်ပိတ်ပင်သည့် သဘောတရားဖြစ်ပါသည်။

အကယ်၍ လူအများစု သို့မဟုတ် နိုင်ငံအများနှင့် ပတ်သက်သည့် ကိစ္စရပ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက အရည်အချင်း စွမ်းရည် လွန်စွာထက်မြက်ပြီးလျှင် အရင်းအမြစ်များလည်း ပြည့်စုံလျက်ရှိသည့် လူတစ်ဦး သို့မဟုတ် လူတစ်ဖွဲ့ သို့မဟုတ် နိုင်ငံတစ်နိုင်ငံသည်လည်း ပါဝင်ရမည်ဖြစ်သကဲ့သို့ ၎င်းကိစ္စနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သက်လျက်ရှိသည့် ကျန်လူပုဂ္ဂိုလ်များ၊ ကျန်အဖွဲ့အစည်းများ၊ ကျန်နိုင်ငံများလည်း ပါဝင်ရမည်ဖြစ်ပါသည်။

သို့သော်လည်း အောင်မြင်ပြီး မြောက်မည့်ကာလမှာ အချိန်တိုအတွင်း မဖြစ်နိုင်တော့သည့်အပြင် အရင်းအမြစ်များလည်း ပိုမိုကုန်ကျနိုင်ပါသည်။ အတူအကွပူးပေါင်း ဆောင်ရွက်ခြင်းသည် အောင်မြင်ပြီးမြောက်မည့်ကာလ ကြာရှည်ခြင်းနှင့် အရင်းအမြစ်ပိုမိုကုန်ကျခြင်းထက် ပိုမိုအရေးကြီးကြောင်း လေ့လာသိရှိခဲ့ရပါသည်။ နောင်အနာဂတ်အတွက် အမှန်တရားကို ဖော်ထုတ်ရာတွင်လည်း အတူအကွ ပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်များကသာလျှင် အမှန်တရားကို ဖော်ထုတ်နိုင်ကြောင်း သိမြင် နားလည်ခဲ့ရပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ကော်ပိုရိတ်အုပ်ချုပ်ရေး (Corporate Governance) ကို အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ကော် ပိုရိတ်အုပ်ချုပ်ရေး၏ အစိတ်အပိုင်း တစ်ရပ်အနေနှင့် ရပ်တည်လျက်ရှိပြီးလျှင် ဆက်စပ်ပတ်သက်လျက်ရှိသော အေဂျင်စီသီအိုရီကို စနစ်တကျ အသုံးပြုနိုင်စေရန်အလို့ငှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေမည့်ဝန်းကျင် ဖြစ်ထွန်းပေါ် ပေါက်လာစေရေးအတွက် အခြေခံ လိုအပ်ချက်များကို ရေးဆွဲချမှတ်ပြဋ္ဌာန်းပြီး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။

အေဂျင်စီသီအိုရီ၏ အရေးပါမှုကို အလွယ်တကူ သိမြင်နိုင်စေ ရန်အလို့ငှာ အမေရိကန်သမ္မတကြီး အေဘရာဟင်လင်ကွန်း (Abrahan Lincoln) ၏ အဆိုအမိန့်ကလေးနှင့် စတင်ဖော်ပြရှင်းလင်းပါမည်။

“« The legitimate object of government is to do for a community of people whatever they need to have done, but cannot do at all, or cannot so well do, for themselves».” (Reference: 1, pp – 1).

ဖော်ပြထားချက်အရ “တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းနည်းလမ်းများနှင့် ဖြစ်ထွန်းပေါ်ပေါက်လာသည့် အစိုးရတစ်ရပ်၏ ရည်ရွယ်ချက်မှာ တိုင်းသူပြည်သား လူအများ၏ လုပ်ကိုင်ဆောင် ရွက်လိုသည့် ဆန္ဒလိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် တိုင်းသူပြည်သားများ၏ အကျိုးစီးပွားအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ သို့သော်လည်း တိုင်းသူ ပြည်သားများအနေဖြင့်မူ ၎င်းတို့၏ ဆန္ဒလိုအပ်ချက်နှင့် အကျိုးစီးပွား အလုံးစုံကို ၎င်းတို့ကိုယ်တိုင် ဖန်တီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်း မရှိနိုင်ကြပါ။ သို့မဟုတ် ၎င်းတို့၏ ကိစ္စရပ်တိုင်းအတွက် အလွန်ကောင်းမွန်ပြီး အကောင်းမွန်ဆုံးဖြစ်စေရန်ကိုလည်း ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်နိုင်စွမ်း မရှိနိုင်ကြပါ။”

အဓိပ္ပာယ်မှာ တိုင်းသူပြည်သားများအနေဖြင့် ၎င်းတို့၏ဆန္ဒလိုအပ်ချက်နှင့် အကျိုးစီးပွားအလုံးစုံကို ၎င်းတို့ကိုယ်တိုင် ဖန်တီးအကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းမရှိနိုင်ကြသည့် အခြေအနေ၊ သို့မဟုတ် ၎င်းတို့၏ ကိစ္စရပ်တိုင်းအတွက် အလွန်ကောင်းမွန်ပြီး အကောင်းမွန်ဆုံး ဖြစ်စေရန်ကိုလည်း ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်နိုင်စွမ်း မရှိနိုင်ကြသည့် အခြေအနေကို ဖြစ်ပေါ်စေနိုင်ပါသဖြင့် တရားဝင်ဖြစ်ခြင်း တရားနည်းလမ်းကျခြင်း နည်းလမ်းများနှင့် ဖြစ်ထွန်း ပေါ်ပေါက်လာသည့် အစိုးရတစ်ရပ်က ရည်ရွယ်ချက်ထားရှိပြီးလျှင် တိုင်းသူ ပြည်သား လူအများ၏ လုပ်ကိုင်ဆောင်ရွက်လိုသည့် ဆန္ဒ လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် တိုင်းသူပြည်သားများ၏ အကျိုးစီးပွားအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။

ပထမဦးစွာ အေဂျင်စီသီအိုရီ၏ ရည်ရွယ်ချက်နှင့် အသုံးပြုသည့် ပညာရပ်ဘာသာရပ် နယ်ပယ် အကျယ်အဝန်းကို ရှင်းလင်းတင်ပြပါမည်။ အေဂျင်စီသီအိုရီ၏ ရည်ရွယ်ချက်မှာ - “The agency theory aims to globally explain organizational behaviours by putting an emphasis on the relationship between the manager as the company’s “agent”, and the shareholder as the “principal”.” (Reference: 1, pp – 1).

ဖော်ပြထားချက်အရ “အေဂျင်စီသီအိုရီ၏ ရည်ရွယ်ချက်မှာ ကုမ္ပဏီ၏ “ပရင်စီပယ် (Principal)” အဖြစ်ရပ်တည်လျက်ရှိသည့် ရှယ်ယာပိုင်ရှင်နှင့် ကုမ္ပဏီ၏ “အေးဂျင့် (Agent)” အဖြစ် ရပ်တည်လျက်ရှိသည့် မန်နေဂျာတို့အကြားရှိ ဆက်သွယ်ချက်၊ ဆက်ဆံရေးအပေါ်တွင် အလေးအနက်ထားရှိခြင်းအားဖြင့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီ၏ အပြုအမူ ဆောင်ရွက်ပုံများကို ကမ္ဘာအဆင့်အထိ ရှင်းလင်းတင်ပြ နိုင်ရန်ဖြစ်ပါသည်။”

အေဂျင်စီသီအိုရီ အသုံးပြုသည့် ပညာရပ် ဘာသာရပ်နယ်ပယ်အကျယ်အဝန်းကို ရှင်းလင်းတင်ပြရပါလျှင် - “The agency theory has interested several disciplines: accounting, finance, economics, law, political science, strategy or organizational psychology.” (Reference: 1, pp – 1).

ဖော်ပြထားချက်အရ “အေဂျင်စီသီအိုရီအနေနှင့် ရပ်တည်ရှင်သန် စိတ်ပါဝင်စားသည့် ပညာရပ် ဘာသာရပ် နယ်ပယ်များမှာ စာရင်းကိုင်ပညာ၊ ဘဏ္ဍာရေးပညာ၊ စီးပွား ရေးပညာ၊ ဥပဒေပညာ၊ နိုင်ငံရေး သိပ္ပံပညာ၊ အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် စိတ်ပညာ သို့မဟုတ် မဟာဗျူဟာ နည်းဗျူဟာ နယ်ပယ်များ ဖြစ်ကြပါသည်။”

ဒုတိယအနေဖြင့် အေဂျင်စီသီအိုရီ၏ အဓိကသဘောတရားများကို ရှင်းလင်းတင်ပြပါမည်။ အေဂျင်စီသီအိုရီ၏ အခြေခံသဘောတရားကို စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင် (စာ - ၄) ဖော်ပြထားပါသည်။ အေဂျင်စီသီအိုရီ၏ အဓိက အခြေခံသဘောတရားများတွင် အစိတ်အပိုင်း လေးခု ပါဝင်လျက် ရှိပြီး အစိတ်အပိုင်း လေးခု၏ အသေးစိတ်အကြောင်းအရာများကို ယခုဆောင်းပါးအဆင့်နှင့် တင်ပြရန် မဖြစ်နိုင်ပါသဖြင့် အစိတ်အပိုင်း လေးခု၏ ခေါင်းစဉ်များကိုသာလျှင် တင်ပြနိုင်ပါသည်။ ၎င်းတို့မှာ - (Reference: 1, pp – 1-2).

(၁) အေဂျင်စီနှင့် ကန်ထရိုက် သဘောတူစာချုပ်များ (1. Agency and contracts)

(၂) အေဂျင်စီနှင့် ဆက်သွယ် ဆက် စပ် ပတ်သက်ခြင်းများ (2. Agency relationship)

(၃) အေဂျင်စီ၏ အသုံးစရိတ်များ (3. Agency costs)

(၄) အချိုးတူညီ ညီမျှသော သတင်းအချက်အလက်ရရှိနိုင်မှု မရှိခြင်း (4. Information asymmetry)

တတိယအနေဖြင့် အေဂျင်စီသီအိုရီ၏ပြဿနာကို ချဉ်းကပ်ဖြေရှင်းသည့် အခြေအနေ နည်းလမ်းများနှင့် အကန့်အသတ်များနှင့် စိန်ခေါ်မှုများကို အကျဉ်းချုပ်တင်ပြပါမည်။ အေဂျင်စီသီအိုရီ၏ပြဿနာကို ချဉ်းကပ် ဖြေရှင်းသည့် အခြေအနေ နည်းလမ်းနှစ်ရပ်ကို တင်ပြရပါလျှင် - ပထမနည်းလမ်းမှာ ရောဘတ်တီကလိုင်မင်း၏ အဆိုပြုချက်များ (Robert T. Kleiman’s proposals)) ဖြစ်ပါသည်။ အဆိုပြုချက်များကို အသေးစိတ်ရှင်းလင်းတင်ပြရန် ယခုဆောင်ပါးအဆင့်နှင့် မဖြစ်နိုင်ပါသဖြင့် စာရေးသူအနေဖြင့် စာဖတ်သူများအတွက် လေ့လာ သင့်သည်ဟု ထင်မြင်ယူဆသည့် သတင်းအချက်အလက်များကိုသာ ကောက်နုတ် ထုတ်နုတ်တင်ပြပါမည်။

“In the private sector, too many laws may adversely affect managers and distract them from their core mission which is to create value, while too few laws may allow him to slip and expropriate those who deserve a greater share of the value.” (Reference: 1, pp – 4).

ဖော်ပြထားချက်အရ “ပုဂ္ဂလိကပိုင် အခန်းကဏ္ဍတွင် ဥပဒေပေါင်း မြောက်မြားစွာ ပြဋ္ဌာန်းထားရှိခြင်းသည် မန်နေဂျာများအပေါ်တွင် ထိထိခိုက်ခိုက် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်စေနိုင်ပါသည်။ ၎င်းတို့၏ တန်ဖိုးအဖြစ် ဖန်တီး တည်ဆောက်မည့် အဓိကနည်းလမ်းများမှ သွေဖည်စေခြင်း ပြောင်းလဲစေခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ အကယ်၍ ဥပဒေအနည်းငယ်ကိုသာ ပြဋ္ဌာန်းထားရှိပါလျှင်လည်း ၎င်းတို့ ရသင့်ရထိုက်သည့် ကြီးမားသော ရှယ်ယာတန်ဖိုးများအား အာဏာပိုင်တို့က သိမ်းယူခြင်း၊ တန်ဖိုး လျှော့ချခြင်းတို့ ပြုလုပ်ခြင်းကို ခံရနိုင်ခြင်း၊ ခွင့်ပြုပေးရခြင်း အဖြစ်မျိုးများကိုကြုံတွေ့ရနိုင်ပါသည်။”

ရောဘတ်တီ ကလိုင်မင်းသည် ရှယ်ယာရှင်များနှင့် မန်နေဂျာ အေးဂျင့်များအကြား သဘောထားကွဲလွဲမှု၊ အငြင်းပွားမှု၊ ၀ိရောဓိ ပဋိပက္ခကို ဖြေရှင်းရာတွင် မန်နေဂျာ အေးဂျင့် များအနေဖြင့် လုပ်ကိုင်ဆောင်ရွက်သင့်သည် အချက်များကို အဆိုပြု တင်ပြခဲ့ပြီး အခြားတစ်ဖက်အနေဖြင့် ရှယ်ယာပိုင်ရှင်များ၏ အကျိုး စီးပွားအတွက် မန်နေဂျာအေးဂျင့်များအား မည်ကဲ့သို့ လေ့လာစောင့်ကြည့်သင့်ပါသည်ဆိုသည့် အချက်များကို အဆိုပြုတင်ပြခဲ့ပါသည်။ အသေးစိတ်ကိုမူ ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။

ဒုတိယနည်းလမ်းမှာ မက်ဂရီဂေါ၏ အိတ်က်စ်နှင့်ဝိုင် သီအိုရီများ (McGregor’s X et Y theories) ဖြစ်ပါသည်။ အိတ်က်စ်နှင့်ဝိုင် သီအိုရီများအကြောင်းကို အသေးစိတ် ရှင်းလင်းတင်ပြရန် ယခုဆောင်းပါး အဆင့်နှင့် မဖြစ်နိုင်ပါသဖြင့် စာရေးသူအနေဖြင့် စာဖတ်သူများအတွက် လေ့လာသင့်သည်ဟု ထင်မြင် သည့် သတင်းအချက်အလက် အတိုချုပ်ကိုသာ ထုတ်နုတ်တင်ပြပါမည်။

မက်ဂရီဂေါသည် အေဂျင်စီ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် အဆိုပြုတင်ပြခဲ့သည်မှာ X နှင့် Y သီအိုရီများ (The X and Y Theories) ဖြစ်ပါသည်။ X သီ အိုရီ၊ Y သီအိုရီ နှင့် XY သီအိုရီများကို သီးခြားစီ အဆိုပြုတင်ပြခဲ့ပါသည်။ အသေးစိတ်ကိုမူ ရှင်းလင်း တင်ပြခြင်း မပြုတော့ပါ။

အေဂျင်စီသီအိုရီတွင် အကန့်အသတ်များနှင့် စိန်ခေါ်မှုများမှာ မြောက်မြားစွာ တည်ရှိဖြစ်ပေါ် လျက်ရှိနေပါသော်လည်း စာရေးသူအနေဖြင့် အရေးကြီးသည်ဟု ထင်မြင်သည့် အကန့်အသတ်နှင့် စိန်ခေါ်မှု တစ်ခုကို ထုတ်နုတ်တင်ပြရပါလျှင် အေဂျင်စီသီအိုရီ၏သဘောတရားသည် တစ်ခါတစ်ရံ လူမှုဘဝများနှင့် မဆီလျော် မသင့်တော်သည့် အခြေအနေများကို ဖြစ်ထွန်းပေါ်ပေါက်စေနိုင်ပါသည်။ အေဂျင်စီ သီအိုရီသည် မိမိကိုယ်ကျိုး တစ်နည်းအားဖြင့် ဘဏ္ဍာရေးနယ်ပယ်နှင့် ပတ်သက်သည့် ကိုယ်ကျိုးကိုသာ အခြေခံထားရှိပြီးလျှင် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည်မှာလည်း သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီများအကြား ကန်ထရိုက်စာချုပ် တစ်ခုကိုသာ ရည်ညွှန်းပါသည်။ သို့သော်လည်း မန်နေဂျာအေးဂျင့်များသည်လည်းကောင်း၊ ရှယ်ယာပိုင်ရှင်များသည် လည်းကောင်း လူသားများ ဖြစ်ကြသဖြင့် လူသားများနှင့် ပတ်သက်သည့် လူမှုပတ်ဝန်းကျင်သည် တည်ရှိနေမည်သာ ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ကော်ပိုရိတ်အုပ်ချုပ်ရေး (Corporate Governance) ကို အမှန်တကယ် အကောင်အထည် ဖော်ဆောင်ရွက်မည်ဆိုပါက ကော်ပိုရိတ် အုပ်ချုပ်ရေး၏ အစိတ်အပိုင်း တစ်ရပ်အနေနှင့် ရပ်တည်လျက်ရှိပြီးလျှင် ဆက်စပ်ပတ်သက်လျက်ရှိသော အေဂျင်စီသီအိုရီကို စနစ်တကျ အသုံးပြုနိုင်စေရန် အလို့ငှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည့်ဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အခြေခံ လိုအပ်ချက်များကို ရေးဆွဲချမှတ်ပြဋ္ဌာန်းပြီး ယနေ့အချိန်မှစတင်ကာ အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1. Félix Zogning (2022), “Agency Theory: A Critical Review”, ResearchGate. European Journal of Business and Management.  Vol 9, No. 2., 2017.

Most Read

Most Recent