ကုန်းတွင်းနှင့်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် ရုရှား ဆွေးနွေး

ကုန်းတွင်းနှင့်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် ရုရှား ဆွေးနွေး
Published 27 September 2023

ကုန်းတွင်းနှင့်ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ရေးဆိုင်ရာနည်းပညာ ပူးပေါင်းဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၂၆ ရက်က စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

ထို့သို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ ကုန်းတွင်းနှင့်ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေးကိစ္စ၊ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်းကဏ္ဍတွင် ရုရှားကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကျောက်မီးသွေးမှ ဓာတ်မြေသြဇာထုတ်လုပ်နိုင်ရေးအတွက် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီရေးကိစ္စရပ်များ၊ (၆) ကြိမ်မြောက် ရုရှားစွမ်းအင်ဖိုရမ်သို့ တက်ရောက်စဉ် ဆောင်ရွက်မည့်အစီအစဉ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည် ဆောက်ရေးလုပ်ငန်းများ၊ Seimic လုပ်ငန်းများ၊ ရေနံချက်လုပ်ခြင်းလုပ်ငန်းများတွင် ရုရှားကုမ္ပဏီများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်

ယင်းနေ့၌ပင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခဲ့သည့် အကျိုးရလဒ်အဖြစ် ကဏ္ဍပေါင်းစုံအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ယခင်ကာလများကပင် ကူညီပူးပေါင်းဆောင်ရွက်ခဲ့မှု၊ လျှပ်စစ်ကဏ္ဍဆိုင်ရာထုတ်လုပ်မှုများမှ ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် အပူစွမ်းအင်စီမံကိန်းများတွင် ရုရှားကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ စီမံကိန်းများတွင် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent