လွတ်လပ်သောကုန်သွယ်ရေး အမှန်တကယ်ဟုတ်ပါသလား 

လွတ်လပ်သောကုန်သွယ်ရေး အမှန်တကယ်ဟုတ်ပါသလား 
Photo – The Diplomatist
Photo – The Diplomatist
Published 17 September 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁) လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှု (Free Trade Agreement - FTA) ဆိုသည်မှာ နိုင်ငံများကြား ကုန်သွယ်မှုပြုလုပ်ရာ၌ သွင်းကုန်များအပေါ်တွင် အကောက်ခွန်အတားအဆီးများ၊ အကောက်ခွန်မဟုတ်သော အတားအဆီးများကို လျှော့ချနိုင်ရေး လက်ခံသဘောတူလျက် လက်မှတ် ရေးထိုးကြသည့် သဘောတူညီချက် ဖြစ်သည်။ ယေဘုယျအားဖြင့် နိုင်ငံများကြား ကုန်သွယ်ရေးအတားအဆီးများ ဖယ်ရှား၍ ကုန်သွယ်ရေး ပိုမိုမြှင့်တင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ထားသော အစီအစဉ် ဖြစ်သည်။ 

နှစ်နိုင်ငံကြားတွင်ဖြစ်စေ၊ နိုင်ငံများကြားတွင်ဖြစ်စေ လွတ်လပ်သောကုန်သွယ်မှုဖြစ်ပေါ်သောအခါ ပါဝင်သည့်နိုင်ငံများအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာခြင်း၊ ဝင်ငွေမြင့်မားလာခြင်း၊ ပြည်တွင်းလုပ်ငန်းများ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း များပြားလာခြင်း၊ နိုင်ငံတကာစျေးကွက်များသို့ ပိုမိုထိုးဖောက်ဝင်ရောက်ခွင့်ရလာခြင်း၊ အခြားနိုင်ငံများနှင့် ပေါင်း သင်းဆက်ဆံခွင့်ရခြင်းနှင့် နယ်ပယ်၊ ကဏ္ဍများစွာတွင် ပူးပေါင်းလုပ်ဆောင်မှုများ ဖြစ်စေခြင်း စသည်ဖြင့် အကျိုးကျေးဇူးများ ရရှိစေသည်ဟုဆိုသည်။

(၂) အမေရိကန်စီးပွားရေးအဆောက်အအုံအတွင်း လွန်ခဲ့သော ဆယ်စုနှစ်လေးခုအတွင်း အစိုးရ တာဝန်ယူခဲ့ကြသည့် ပါတီကြီးနှစ်ရပ် (ဒီမိုကရက်တစ်နှင့် ရီပတ်ပလီကန်) စလုံးသည် ဝင်ငွေမြင့်မားရေး အတွက်ရည်ရွယ်လျက် ကုန်သွယ်ရေးသဘောတူညီချက်များကို တွန်းအားပေးလုပ်ဆောင်ခဲ့ကြသည်။

လက်ရှိ အမေရိကန်နိုင်ငံသည် နိုင်ငံပေါင်း ၂ဝနှင့် လွတ်လပ်သောကုန်သွယ်မှုဧရိယာ ၁၄ ခုတွင်ပါဝင်လျက်ရှိသည်။ ၁၉၉၄ ခုနှစ်ကစခဲ့သည့် မြောက်အမေရိက လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (NAFTA) သည် အကြီးမားဆုံးနှင့် အထင်ရှားဆုံး ဖြစ်သည်။ ထိုသဘောတူညီမှုများသည် ရည်ရွယ်ထားသည့်အတိုင်း ရလဒ်များကို ပြည့်ပြည့်ဝ၀ ဖြစ်နိုင်ခဲ့ပါသလားဟု မေးလာခဲ့သည်ရှိသော် “မဖြစ်ခဲ့ပါကြောင်း”အခြေအနေများကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရကြောင်း ဆိုရပေမည်။

ကုန်သွယ်ရေးသဘောတူညီချက်များသည် စက်မှုထုတ်ကုန်များ ကုန်သွယ်မှုတွင် အတားအဆီးများကို အမှန်တကယ် ဖယ်ရှားပေးခဲ့၏။ သို့သော် စက်မှုထုတ်ကုန်လုပ်သားများနှင့် တက္ကသိုလ်ကျောင်းများမှ ဘွဲ့ဒီဂရီမရခဲ့သည့် လုပ်သားများ၏ လုပ်ခလစာများ ကျဆင်းစေရန် ဖိအားများဖြစ်ခဲ့သည်။ အသက်မွေးဝမ်းကျောင်း အတတ်ပညာရှင် ဆရာဝန်များနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်များ၏ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများပေါ်တွင်မူ အတားအဆီး အနည်းငယ်မျှသာရှိသည်ဟု ဆိုသည်။  အစိုးရက ခွင့်ပြုထားသော တီထွင်မှု မူပိုင်ခွင့် (Patent)နှင့် အနုပညာလက်ရာ မူပိုင်ခွင့် (Copyright) တို့ကဲ့သို့ အတားအဆီးများကို တိုးမြှင့်ခဲ့သည်ကိုတွေ့ ရသည်။

(၃) သဘောတူညီမှုများသည် လွတ်လပ်သော ကုန်သွယ်ရေးအတွက်ဟုဆိုသော်လည်း ကုန်သွယ်ရေး အဟန့်အတားများ လျှော့ချမှုနှင့်အတူ အချို့သော ဟန့်တားမှု၊ ကန့်သတ်မှုများလည်း တိုးမြှင့်မှုများ ရှိလာခဲ့ရာ လျှော့ချမှုနှင့် တိုးမြှင့်မှု အခြေအနေနှစ်ရပ်၏ သက်ရောက်မှုတို့မှာ ရောထွေးလျက်ရှိပြီး လက်တွေ့တွင် သာမန်လုပ်သားများ၏ ဝင်ငွေများကျဆင်းသွားသည်။ အဆင့်မြင့်ပညာတတ်လုပ်သားများ၏ ဝင်ငွေပမာဏမြင့်တက်လာခဲ့သည်။ တစ်နည်းဆိုသော် သာမန်လုပ်သားများ၏ ဝင်ငွေအချို့သည် ပညာတတ်အဆင့်မြင့် လုပ်သားတို့၏ အိတ်ကပ်ထဲသို့ ရွှေ့ပြောင်းသွားသည့် သက်ရောက်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။ 

တီထွင်မှုများနှင့် ပတ်သက်သည့်  မူပိုင်ခွင့်နှင့် အနုပညာဆိုင်ရာ မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်များသည် နည်းပညာဆိုင်ရာလုပ်ငန်းရှင် ချမ်းသာ ကြွယ်ဝသူ ဘီလ်ဂိတ်စ် (Bill Gates) ကဲ့သို့သော လူများနှင့် ဇီဝနည်းပညာလုပ်ငန်းကဏ္ဍရှိ လုပ်သားများကို  ကြွယ်ဝချမ်းသာမှု ပိုမိုဖြစ်လာစေပြီး လက်လီအရောင်းဝန်ထမ်းများ၊ စာရေး စာချီဝန်ထမ်းများ၊ ထရပ်ကားယာဉ်မောင်းများ စသည်ဖြင့် သာမန်ဝန်ထမ်းများ၊ လုပ်သားများ၏ ဝင်ငွေများ ပိုမိုမြင့်မားလာစေရန် မစွမ်း ဆာင်နိုင်ခဲ့သည့်အပြင် ၎င်းတို့ အိတ်ကပ်ထဲရှိ မူလက ရရှိထားသည့် ဝင်ငွေပမာဏပင် လျော့ကျသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သာမန်အလုပ်သမားများ၊ ဝန်ထမ်းများသည် ဆေးဝါးများ၊ ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ ကိရိယာများ၊ ဆော့ဖ်ဝဲများ အပါအဝင် နယ်ပယ်အသီးသီးရှိ မူပိုင်ခွင့်ဖြင့် လက်ဝါးကြီးအုပ် မိုနိုပိုလီပါ၀ါ ရထားသော ဆန်းသစ်တီထွင်မှုများကို စျေးနှုန်းမြင့်မြင့်ဖြင့် နေ့စဉ်အသုံးပြုနေကြရသောကြောင့် ဖြစ်သည်။     

(၄) ကုန်သွယ်ရေးသဘောတူညီချက်များအောက်တွင် လွတ်လပ်သောကုန်သွယ်မှု၏ အကျိုးကျေးဇူးကို အားလုံးမခံစားကြရ။ ထို့ကြောင့် ကုန်သွယ်ရေးသဘောတူညီမှုများကို အရောင်းအဝယ်အလုပ်ဖြစ်စေရေး  “စျေးကွက်ကို ချုပ်ကိုင်သည့် အစီအစဉ်” ဖြစ်သည်ဟု ဝေဖန်ကြ သည်။  လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များကို ထောက်ခံသူများက “လွတ်လပ်သော ကုန်သွယ်မှု” ဟု လိုလိုလားလားပင် ခေါ်ကြသော်လည်း အချို့ကမူ သဘာဝမကျသောအကြောင်းတရားအချို့ကို တွေ့မြင်နေရသောကြောင့် “လွတ်လပ်သော ကုန်သွယ်မှုဖြင့် အပေးအယူလုပ်ကြခြင်း” ဟု ထောက်ပြကြသည်။    

(၅) ၂၀၁၆ ခုနှစ်က အမေရိကန် အပါအဝင် ပစိဖိတ်သမုဒ္ဒရာ အနားသတ် ၁၂ နိုင်ငံက ဒေသတွင်း အာရှ-ပစိဖိတ် ကုန်သွယ်ရေး သဘောတူညီချက်အတွက် ပစိဖိတ် ဖြတ်ကျော် မိတ်ဖက်ကုန်သွယ်ရေး (Trans-Pacific Partnership - TPP) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် သမ္မတ ဒေါ်နယ်လ်ထရန့်လက်ထက် ၂၀၁၇ ခုနှစ်၌ အမေရိကန်နိုင်ငံသည် အဆိုပါ သဘောတူညီချက်မှ  နုတ်ထွက်ခဲ့သည်။ အမေရိကန် နုတ်ထွက်ခဲ့ပြီး နောက် ၂၀၁၈ ခုနှစ်တွင် TPP ကို CPTPP (Comprehensive and Progressive Agreement  for Trans-Pacific Partnership) အဖြစ် အမည်အပြောင်းအလဲ ပြုလုပ်၍ စတင်အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ကုန်သွယ်ရေး (TPP) အစီအစဉ်၏ အဓိကရည်ရွယ်ချက်တစ်ချက်တွင် အမေရိကန်ကော်ပိုရေးရှင်းများက တောင်းဆိုထားခဲ့သည့် ဉာဏပစ္စည်း မူပိုင်ခွင့်များသည် ခိုင်မာသော ကာကွယ်မှုများဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်ကို တွေ့ရသည်။  

(၆) အမေရိကန်နိုင်ငံသည် TPP တွင် ကျန်ခဲ့သော အဖွဲ့ဝင် ၁၁ နိုင်ငံထဲမှ ခြောက်နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ ရရှိထားပြီးဖြစ်သည်။ ပစိဖိတ်ဖြတ်ကျော်မိတ်ဖက် ကုန်သွယ်ရေး (TPP) ကို အမေရိကန်နိုင်ငံ ပြန်လည် ဝင်ရောက်နိုင်မည့်သတင်းများ စကားများလည်း မကြားရသေးပေ။ TPP တွင် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများလျှော့ချမှု အနည်းငယ်သာရှိနေသည်ဟု သုံးသပ်နေကြသော်လည်း “လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်” ဟုပင် ရည်ညွှန်းနေကြ၏။ 

(၇) သုတေသီများ အပါအဝင် ဝေဖန်သုံးသပ်သူများကမူ ပစိဖိတ် ဖြတ်ကျော် မိတ်ဖက်ကုန်သွယ်ရေး (TPP) သည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် မဟုတ်။ စတင်ဖန်တီးစဉ်ကတည်းက အမေရိကန်စီးပွားရေးလုပ်ငန်းများ၏ အမြတ်အစွန်းတိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော်ခဲ့သော ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် (Commercial Agreement) တစ်ခုသာဖြစ်သည်ဟု ဆိုကြသည်။  

https://www.eurasiareview.com/

 

Most Read

Most Recent