ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားများနှင့် ဂျပန်လုပ်သား စျေးကွက် 

ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားများနှင့် ဂျပန်လုပ်သား စျေးကွက် 
Photo: The Japan News
Photo: The Japan News
Published 17 September 2023
ကြယ်စင်ဖေသင်

(၁)

ဂျပန်နိုင်ငံတွင် အခြေအနေအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်ကြသော နိုင်ငံခြားသားအများစုသည် ဂျပန်လုပ်သားဈေးကွက်ကို အင်နှင့်အားနှင့်  ဖြည့်ဆည်း ပံ့ပိုးပေးနေကြသည်။ ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ဂျပန်နိုင်ငံထဲတွင်နေထိုင်သည့် နိုင်ငံခြားသားဦးရေသည်  ၂၀၂၂ ခုနှစ်အကုန်တွင် ပထမဆုံးအကြိမ် သုံးသန်းအရေအတွက်ကို ကျော်လွန်ရောက်ရှိကာ  ၃ ဒသမ ၀၇ သန်းအထိ စံချိန်တင်ခဲ့ပြီဖြစ်သည်။   

(၂)

ဂျပန်နိုင်ငံရှိ နိုင်ငံခြားလုပ်သားအင်အားစုများထဲတွင် နည်းပညာအလုပ်သင်သင်တန်းသား ဦးရေ ၃၂၅,၀၀၀ နှင့် ကျွမ်းကျင်လုပ်သားဦးရေ ၁၃၁,၀၀၀ တို့သည် ဂျပန်စီးပွားရေးကို ထောက်ကူပံ့ပိုးရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လုပ်သားနှစ်မျိုးစလုံး၏ အဆင့်အတန်းသည် နည်းပညာကျွမ်းကျင် မှုတစ်ခုကို သင်ယူနေရင်း  အလုပ်လုပ်ရသည့်အခြေအနေဖြစ်သည်။  သို့သော် လေ့ကျင့်သင်ကြားမှုအတွက် ပံ့ပိုးမှုအနည်းငယ်သာရရှိပြီး စျေးပေါသောရွှေ့ပြောင်း အလုပ်သမားအဖြစ် အသုံးချခံနေကြရကြောင်း အဆိုပါလုပ်သားများက စောဒကတက်တုံ့ပြန်မှုများ ရှိနေသည်။ ထိုလုပ်သားများသည် အစားအစာနှင့် အဖျော်ယမကာ၊ အထည်ချုပ်၊ ဆောက်လုပ်ရေး၊ သန့်ရှင်းရေးနှင့် စိုက်ပျိုးရေး စသည့် လုပ်သားရှားပါးသည့်ကဏ္ဍများတွင် လုပ်ကိုင်နေကြ၏။ ဂျပန်လူ့အဖွဲ့အစည်းသည် ဂျပန်နိုင်ငံသား အလုပ်သမားများဆန္ဒမရှိသည့် အလုပ်များအတွက် နိုင်ငံခြားလုပ်သား ၄၅၀,၀၀၀ ပေါ်တွင် မှီခိုနေရသည်။ 

(၃)

ဂျပန်နိုင်ငံအတွက် ဗီယက်နမ်သည် ဤရွှေ့ပြောင်းအလုပ်သမားများ၏ အကြီးမားဆုံးရင်းမြစ်ဒေသဖြစ်ပြီး နည်းပညာဆိုင်ရာ အလုပ်သင်သင်တန်းသား ၅၄ ရာခိုင်နှုန်းနှင့် နယ်ပယ်အလိုက် အထူးကျွမ်းကျင်လုပ်သားများ၏ ၅၉ ရာခိုင်နှုန်းခန့်ရှိသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ရွှေ့ပြောင်းအလုပ်သမားများ ဦးရေသာမက ဗီယက်နမ်နိုင်ငံသားဦးရေသည် ၁၀ ဆနီးပါးတိုးလာခဲ့ရာ   ၄၉၀,၀၀၀ ဦးရေအထိရှိလာခဲ့သည်။ 

ဂျပန်နိုင်ငံအတွက်  ဗီယက်နမ်သည် ရွှေ့ပြောင်းအလုပ်သမား အများဆုံး ဖြည့်ဆည်းပေးနိုင်သည့် အရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိနေမည်ဟု သုတေသီများက မျှော်လင့်ကြသည်။ သို့သော် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ၃၂ နှစ်ကြာကာလအတွင်း ဂျပန်ယန်းငွေတန်ဖိုး အနိမ့်ဆုံးဖြစ်ခဲ့ရာ တစ်ဒေါ်လာသည် ယန်း ၁၅၀ သို့ ရောက်ရှိခဲ့သည်။ ဗီယက်နမ်ငွေကြေး ဒေါင်နှင့်ယှဉ်ပါကလည်း ယန်းငွေတန်ဖိုး ကျဆင်းမှုမှာ ပြင်းထန်လာခဲ့ရာ ဗီယက်နမ်၏ ရွှေ့ပြောင်းအလုပ်သမားများ ရရှိသည့် လုပ်ခလစာများမှာ အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းရှိ လူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှု ကုမ္ပဏီ Himawari Service ၏ ဥက္ကဋ္ဌ Nguyen Thuy Linh က ယန်းငွေတန်ဖိုးကျဆင်းလာမှုကြောင့် ဂျပန်နိုင်ငံအတွက် ရွှေ့ပြောင်းအလုပ်သမားများခေါ်ယူရာတွင် ခက်ခဲမှုများဖြစ်လာသည်ဟု ဆိုသည်။ 

(၄)

သို့သော် လက်ရှိလုပ်ခလစာ အမေရိကန်ဒေါ်လာ ၂ဝဝနှင့် ၃၀၀ ဝန်းကျင်ရရှိနေသည့် (နှစ်ပေါင်း ၃၀ ကြာ လုပ်ခလစာတိုးတက်မှုမရှိခဲ့သည့်) ဗီယက်နမ်လုပ်သားအချို့အတွက်မူ အခြေအနေမှာ ဆွဲဆောင်မှုရှိနေသေးသည်ဟု ဆိုသည်။  ဗီယက်နမ်၏ အထွေထွေစာရင်းအင်းရုံး Vietnam’s General Statistics Office) က ထုတ်ပြန်ထားသည့် ပျမ်းမျှလုပ်ခနှင့် ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန (Japan’s Ministry of Health, Labor and Welfare) က ထုတ်ပြန်သော နည်းပညာအလုပ်သင်သင်တန်းသားများနှင့် အထူးကျွမ်းကျင်လုပ်သားများအတွက် ပျမ်းမျှလုပ်ခလစာများအပေါ်အခြေခံ၍ သုံးသပ်ရလျှင် ဂျပန်နှင့် ဗီယက်နမ်လုပ်ခများအကြား လုပ်ခကွာဟမှုမှာ လျော့ကျသွားဖွယ်ရှိသည်ဟုဆိုရမည်။

(၅)

၂၀၂၁ ခုနှစ်တွင် ဂျပန်နိုင်ငံသား အထူးကျွမ်းကျင်လုပ်သားများ၏ ပျမ်းမျှလစဉ်လုပ်ခသည် ဗီယက်နမ်နိုင်ငံလုပ်သားများထက် ၉ ဒသမ ၇ ဆ၊  နည်းပညာအလုပ်သင်သင်တန်းသားများ၏ လုပ်ခလစာထက် ၈ ဒသမ ၂ ဆပို များနေခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် အထူးကျွမ်းကျင်လုပ်သားများနှင့် နည်းပညာအလုပ်သင် သင်တန်းသားများ၏ ပျမ်းမျှလစဉ်လုပ်ခများသည် ၅ ဒသမ ၉ ဆ နှင့် ၅ ဒသမ ၁ ဆသို့ အသီးသီး ကျဆင်းသွားလိမ့်မည်ဟုလည်း ခန့်မှန်းနေကြသည်။ ကျဆင်းမှုသည် ဆက်လက်ဖြစ်ပေါ်လာနိုင်ပြီး၂၀၃၁ ခုနှစ်တွင် အထူးကျွမ်းကျင်လုပ်သားများ၏ ပျမ်းမျှလစဉ်လုပ်ခသည်လည်းကောင်း၊ နည်းပညာအလုပ်သင်သင်တန်း သားများ၏ ပျမ်းမျှလစဉ်လုပ်ခသည်လည်းကောင်း လက်ရှိအခြေအနေ၏ သုံးပုံတစ်ပုံနီးပါးလောက်အထိဖြစ်သွားနိုင်သည်ဟု ကောက်ချက်ချကြသည်။

ဗီယက်နမ်လုပ်သားများအနေဖြင့် ဂျပန်နိုင်ငံကို ဆွဲဆောင်မှုရှိသော ဝင်ငွေရင်းမြစ်တစ်ခုအဖြစ် မမြင်ရတော့သည့်အချိန်တွင် ၂၀၃၁ ခုနှစ်သည် အလှည့်အပြောင်းကာလတစ်ခုဖြစ်လိမ့်မည်။ ဂျပန်နိုင်ငံတွင် ရရှိသည့်လုပ်ခလစာသည် ဗီယက်နမ်ပြည်တွင်းလစာထက် သုံးဆခန့်သာရှိသောကြောင့် ရွှေ့ပြောင်းနေထိုင်မှုနှင့် ဆက်စပ်သော ကုန်ကျစရိတ်များပါထည့်သွင်းတွက်ချက်သောအခါ အလုပ်ဖြစ်နိုင်သည့်အခြေအနေမရှိတော့။ ဂျပန်နိုင်ငံ၏ နေထိုင်မှုကုန်ကျစရိတ်သည် မြင့်မား သည်။ ၂၀၂၃ ခုနှစ်အခြေအနေအရ ဗီယက်နမ်နိုင်ငံကုန်ကျစရိတ်ထက် လေးဆခန့် ပိုများသည်။ 

ရွှေ့ပြောင်းလုပ်သားများ၏ ပျမ်းမျှလစဉ်လစာမှာ ယန်း ၁၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၅၀ ခန့်) ဖြစ်သော်လည်း နေထိုင်မှု အခန်းငှားရမ်းခကုန် စရိတ်၊ အခွန်အခအမျိုးမျိုး၊ လူမှုဖူလုံရေး အာမခံကြေးများနှင့် အခြားကုန်ကျမှုများသည် ရရှိသော လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ဖြစ်နေသည်။ 

    (၆)

ဂျပန်နိုင်ငံ၏စီးပွားရေးအတွက်အရေးပါသော ရွှေ့ပြောင်းလုပ်သားများ ဂျပန်နိုင်ငံသို့ ဆက်လက်စီးဝင်လာမှု ရှိစေရန် တိကျသောအစီအမံများကို လုပ်ဆောင်ရန်လိုအပ်လာသည်။ 

ပထမလုပ်ဆောင်ရန်မှာ ရွှေ့ပြောင်းလုပ်သားပွဲစားများကို ဖယ်ရှားရှင်းလင်းရန်ဖြစ်သည်။ ဗီယက်နမ်ရွှေ့ပြောင်းအလုပ်သမားများသည် ဂျပန်သို့လာရောက်မည့် ခရီးစရိတ်ကုန်ကျစရိတ်ပေးနိုင်ရန် ပွဲစားများထံမှ ဂျပန်ယန်းငွေတစ်သန်းခန့် ချေးယူကြရသည်ဟု သိရသည်။ ထိုငွေကြေးပမာဏသည် အင်ဒိုနီးရှား သို့မဟုတ် ဖိလစ်ပိုင်အပါအဝင် အခြားနိုင်ငံများမှ ဂျပန်နိုင်ငံသို့လာရောက်သည့် ရွှေ့ပြောင်းအလုပ်သမားများပေးဆောင်သည့် ပမာဏထက် ပို၍များပြားသည်ဟုလေ့လာတွေ့ရှိရသည်။ 

တောင်ကိုရီးယားနိုင်ငံက၂၀၀၆ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သည့် အလုပ်အကိုင်ပါမစ်စနစ် (employment permit system) ကိုဂျပန်နိုင်ငံက အတုယူလုပ်ဆောင်သင့်သည်။ ထိုအစီအစဉ်ဖြင့် တောင်ကိုရီးယား၏ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမားပွဲစားများကို ဖယ်ရှားကာ တိုက်ရိုက်စီမံခန့်ခွဲလုပ်ကိုင်ခြင်းဖြစ်သည်။  

ဒုတိယလုပ်ဆောင်ရန်မှာ  နည်းပညာအလုပ်သင်သင်တန်းသားများနှင့် အထူးကျွမ်းကျင်လုပ်သားများကို 'ရွှေ့ပြောင်းအလုပ်သမား' အဖြစ် တရားဝင် သတ်မှတ်အသိအမှတ်ပြုရန်ဖြစ်သည်။ ထိုလုပ်ဆောင်မှုသည် 'သင်တန်းသားများအဖြစ်ရောက်ရှိနေသော ရွှေ့ပြောင်းလုပ်သားအပေါ် အခြေအနေကို အလွဲသုံးစားပြု၍ လုပ်ခလစာနှိမ့်ချပေးလျက်ခိုင်းနေသည့်အလုပ်ရှင်များကို ဟန့်တားထိန်းကျောင်းနိုင်မည်ဖြစ်သည်။ 

တတိယလုပ်ဆောင်မှုသည် ရွှေ့ပြောင်းအလုပ်သမားများ နေရပ်သို့ပြန်ရောက်ချိန်တွင် ကျွမ်းကျင်မှုစွမ်းရည်ကို အသုံးချမှုနှင့်သက်ဆိုင်သည်။ နည်းပညာ အလုပ်သင်များနှင့် အထူးကျွမ်းကျင်လုပ်သားများသည် ၎င်းတို့၏ကျွမ်းကျင်မှုများကို မိခင်နိုင်ငံတွင် အသုံးချရန်ထက် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အာရုံစိုက်နေခြင်းဖြစ်သည်။ ဂျပန်နိုင်ငံတွင် သင်တန်းတက်ရောက်ပြီး သို့မဟုတ် လေ့ကျင့်ပြီးလုပ်သားသည် ၎င်း၏မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ သင့်လျော်သည့် အလုပ်အကိုင်နေရာချထားပေးမှု သို့မဟုတ် လက်တွေ့လုပ်ငန်းခွင်တွင်လိုအပ်သည့်နောက်ထပ် အရည်အချင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် ပံ့ပိုးကူညီမှုကို ကုမ္ပဏီအနည်း ငယ်မှလွဲ၍ အများစုက မဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သည်။ ထိုအချက်ကို ထည့်သွင်းစဉ်းစား၍ နှစ်နိုင်ငံအစိုးရများနှင့် လုပ်သားများ အကျိုးစီးပွားအတွက် စီစဉ်ရန်ဖြစ်သည်။

(၇)

အကယ်၍ ဂျပန်တွင် ကျွမ်းကျင်မှုနှင့်နည်းပညာ ဗဟုသုတများကိုသင်ယူခဲ့သောလုပ်သားများကို  ပြည်တွင်းစက်ရုံများတွင် ငှားရမ်းနိုင်ခဲ့လျှင်ဖြစ်စေ၊ ဂျပန်နှင့် ဗီယက်နမ်နှစ်နိုင်ငံအစိုးရတို့ အတူတကွပေါင်းစပ်၍  အမျိုးသားအဆင့် အရည်အချင်းစစ်ဆေးမှုအစီအစဉ်ကို ပြင်ဆင်ထားနိုင်ခဲ့လျှင်ဖြစ်စေ ဗီယက်နိုင်ငံသား လုပ်သားများ၏ဘဝ သိသိသာသာ ပြောင်းလဲတိုးတက်လာမည်ဟု ယူဆကြသည်။

အခြားနိုင်ငံများနှင့် ယှဉ်ပါက လုပ်ခလစာပမာဏနည်းပါးနေသည့်တိုင် ပိုမိုဆွဲဆောင်နိုင်သည့် အခြေအနေများ ဖန်တီးထားနိုင်ပါက ဂျပန်နိုင်ငံတွင် နည်းပညာပိုင်းဆိုင်ရာ လေ့လာလိုသည့် ဗီယက်နမ်နိုင်ငံသားအရေအတွက် ပိုမိုမြင့်တက်လာနိုင်သည်။ ဂျပန်နိုင်ငံက လိုအပ်နေသော ဗီယက်နမ်ရွှေ့ပြောင်းလုပ်သားများကိုလည်း  ယခင်ကကဲ့သို့ ငှားရမ်းရရှိနိုင်မည်ဖြစ်သည်။    

 

Most Read

Most Recent