ဒုတိယဝန်ကြီးချုပ် စီမံ/ဘဏ္ဍာဝန်ကြီးနှင့်  စီချွမ်ပြည်နယ် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့်စွမ်းအင်ဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ ဆွေးနွေး

ဒုတိယဝန်ကြီးချုပ် စီမံ/ဘဏ္ဍာဝန်ကြီးနှင့်  စီချွမ်ပြည်နယ် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့်စွမ်းအင်ဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ ဆွေးနွေး
Published 4 September 2023

ဒုတိယဝန်ကြီးချုပ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်နှင့် စီချွမ်ပြည်နယ်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (Sichuan Energy Investment Group Co.Ltd) အား လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စွမ်းအင်ဆိုင်ရာကဏ္ဍဍများတွင် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ်ချန်ဒူးမြို့တွင် စက်တင်ဘာ ၁ ရက်မှ ၂ ရက်အထိကျင်းပခဲ့သည့် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာ ညီလာခံ (The Fifth China Quality Conference)သို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး  အဆိုပါခရီးစဉ်၌ အထက်ပါတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် စီချွမ်ပြည်နယ်ပါတီ အတွင်းရေးမှူး Mr.Wang Xiaohui နှင့်အဖွဲ့အား တွေ့ဆုံပြီး အခြေခံအဆောက်အဦတည်ဆောက်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးနှင့်ခေတ်မီစိုက်ပျိုးရေး နည်းပညာများ ပံ့ပိုးကူညီရေးစသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် စီချွမ်ပြည်နယ်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ (Sichuan Energy Investment Group Co.Ltd) အား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့်စွမ်းအင်ဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြောင်းသိရသည်။

ယင်းနောက် စက်တင်ဘာ ၁ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးသည် Chengdu Century City New International Convention Center ၌ ပြုလုပ်သည့် (၅)ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာညီလာခံ (The Fifth China Quality Conference) သို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါညီလာခံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယဝန်ကြီးချုပ် Mr.Zhang Guoqing၊ တရုတ်နိုင်ငံ၏ စျေးကွက်ထိန်းချုပ်စောင့်ကြည့်ရေး စီမံအုပ်ချုပ်ရေးဌာနဝန်ကြီး Mr.Luo Wen၊ စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူး Mr.Wang Xiaohui၊ စီချွမ်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Huang Qiang၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ နိုင်ငံတကာစံနှုန်းသတ်မှတ်ရေးအဖွဲ့နှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် စီချွမ်ပြည်နယ် လဲ့ရှန်းမြို့ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်လဲ့ရှန်းဘုရားကြီးသို့ သွားရောက်လေ့လာ ဖူးမြော်ခဲ့ပြီး လဲ့ရှန်းမြို့ပါတီအတွင်းရေးမှူး မစ္စတာမာဘိုမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။        

ယင်းညစာစားပွဲတွင် လဲ့ရှန်းမြို့အစိုးရမှ အဆိုပြုထားသည့် လဲ့ရှန်းမြို့နှင့်မြန်မာနိုင်ငံ ပုဂံမြို့တို့အကြား ချစ်ကြည်ရေးညီအစ်မမြို့ သတ်မှတ်ရေးကိစ္စအပါအဝင် စိုက်ပျိုးရေး၊ နည်းပညာဖလှယ်ရေးနှင့်ခရီးသွားလုပ်ငန်း ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အော့မတောင်ရှိ ဟွာကျန့်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး ကောချောင်လီကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း (Gao.qial.li Rural Revitalization Project) သို့ဆက်လက်သွားရောက်ကြည်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ချန်ဒူးမြို့မှ ပြန်လည်ထွက်ခွာရာ ချန်ဒူးရွှမ်းလျူအပြည်ပြည်ဆိုင်ရာလေဆိပ် (Chengdu Shuangliu International Air-port) တွင် စီချွမ်ပြည်နယ်အစိုးရ ဒုတိယအထွေထွေ အတွင်းရေးမှူး Mr.Ge Xiaopeng နှင့်အဖွဲ့က ပို့ဆောင်နှုတ်ဆက်ခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr.Zheng Zhihong နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent