ဇူလိုင်တွင် ကောလာဟလများထွက်လာသည့် လီဆာနှင့် LVMH အမွေဆက်ခံသူ ဖရက်ဒရစ်အားနော့တို့ကို လေဆိပ်တစ်နေရာတွင် အတူထပ်တွေ့ရ

ဇူလိုင်တွင် ကောလာဟလများထွက်လာသည့် လီဆာနှင့် LVMH အမွေဆက်ခံသူ ဖရက်ဒရစ်အားနော့တို့ကို လေဆိပ်တစ်နေရာတွင် အတူထပ်တွေ့ရ
Photo: Asia One
Photo: Asia One
Published 16 August 2023

ဇူလိုင်လက ပဲရစ်ရှိစားသောက်ဆိုင်တစ်ဆိုင်တွင် Blackpink အဖွဲ့ဝင်လီဆာနှင့် LVMH အမွေဆက်ခံသူ ဖရက်ဒရစ်အားနော့တို့ အတူရှိနေသည်ကို ရိုက်ကူးထားသည့် ဗီဒီယို အွန်လိုင်းတွင်ပျံ့လာပြီးနောက် သူတို့နှစ် ဦး တွဲနေပြီဆိုသည့် ကောလာဟလများ ထွက်လာခဲ့သည်။

ယခုလည်း သူတို့နှစ်ဦးကို အတူထပ်တွေ့ရသည့် မြင်ကွင်းကြောင့် အမှန်တစ်ကယ် ဒိတ်နေပြီဟု အွန်လိုင်းပရိသတ်များက ယူဆနေကြသည်။

ဖရက်ဒရစ်အားနော့သည် Tag Heuer ၏စီအီးအို ၊  Louis Vuitton နှင့် Dior အစရှိသည့် အမှတ်တံဆိပ်များကို ထုတ်လုပ်သည့် LVMH လုပ်ငန်းစု၏ စီအီးအိုဘီလျံနာ ဘားနတ်အားနော့၏ သားဖြစ်သည်။ ဖခင်ဘားနတ်ကမူ Forbes မဂ္ဂဇင်းကထုတ်ပြန်သည့် ၂၀၂၃ ခုနှစ် ဘီလျံနာများစာရင်းတွင် နံပတ်တစ်ဖြစ်သည်။

ဆိုရှယ်မီဒီယာဓာတ်ပုံများအရ လီဆာနှင့် ဖရက်ဒရစ်တို့ အတူတူအပျော်ခရီးထွက် ထားပုံရသည်။အသက် ၂၆ နှစ်အရွယ်ရှိ လီဆာသည် အပန်းဖြေဓာတ်ပုံများကို သြဂုတ် ၉ ရက်က အင်စတာဂရမ်တွင်  တင်ထားပြီး ဂရိ သို့မဟုတ် အီတလီတွင် ရိုက်ထားသည့်ပုံများဟု ယူဆရသည်။

တိုက်တိုက်ဆိုင်ဆိုင် အသက် ၂၈ နှစ် အရွယ်ရှိ ဖရက်ဒရစ်ကလည်း ခပ်ဆင်ဆင်ရှု ခင်းနောက်ခံဖြင့် သူ့လက်ပတ်နာရီပုံကို အင်စတာဂရမ်တွင် တင်ခဲ့သည်။

ပရိသတ်များက စူးစမ်းရှာဖွေရင်း အားနော့၏ခယ်မက ဂရိနှင့်အီတလီတို့တွင် လတ်တလောရိုက်ယူထားသည့် ဓာတ်ပုံများတင် ထားသည်ကိုလည်း တွေ့ခဲ့ကြသည်။

လက်ရှိအွန်လိုင်းတွင် ပျံ့လာသည့်ဓာတ်ပုံက လော့စ်အိန်ဂျလိစ်ရှိ လေဆိပ်တစ်နေရာတွင်ဟု ထင်ရပြီး လီဆာနှင့်အားနောတို့ ဆိုဖာပေါ်တွင် ကပ်လျက်ထိုင်နေသည်ကို တွေ့ရသည်။

နောက်ကောလာဟလတစ်ခုက လီဆာသည် သြဂုတ် ၁၁ ရက်နှင့် ၁၂ ရက်က နယူးဂျာဆီပြည်နယ်တွင် Blackpink အဖွဲ့ဖျော်ဖြေပြီးနောက် အားနော့ပိုင်ဆိုင်သည့် ဂျက်လေယာဉ်ဖြင့် LA ကို အတူသွားခဲ့သည်ဟု သတင်းထွက်ထားသည်။ Blackpink ပရိသတ်များထဲတွင် အားနော့နှင့်လီဆာကို ထောက်ခံသူရှိသကဲ့သို့ သဘောမတူသူများလည်း ရှိနေကြသည်။

Most Read

Most Recent