ဟောလိဝုဒ်ဆန္ဒပြမှုများကြောင့် အမ်မီဆုပေးပွဲကို ဇန်နဝါရီအထိ ရွှေ့ဆိုင်း

ဟောလိဝုဒ်ဆန္ဒပြမှုများကြောင့် အမ်မီဆုပေးပွဲကို ဇန်နဝါရီအထိ ရွှေ့ဆိုင်း
Photo - AFP
Photo - AFP
Published 13 August 2023

ဟောလိဝုဒ်သရုပ်ဆောင်များနှင့် စာရေးဆရာများ၏ ပြီးဆုံးနိုင်ရန် အရိပ်အယောင်မရှိသေးသော ဆန္ဒပြမှုများကြောင့် အမ်မီဆုပေးပွဲကို လေးလနီးပါး ရွှေ့ဆိုင်းခဲ့သည်ဟုပွဲ စီစဉ်သူများက သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အော်စကာဆုပေးပွဲနှင့်တူညီသော အမ်မီဆုပေးပွဲကို ယခုနှစ် စက်တင်ဘာလတွင် ကျင်းပရန်စီစဉ်ထားသော်လည်း လက်ရှိတွင် ယင်းဆုပေးပွဲကို လာမည့်နှစ် ဇန်နဝါရီလသို့ ပြောင်းရွှေ့ခဲ့သည်ဟု Fox ရုပ်သံဌာနနှင့် ရုပ်မြင်သံကြားအကယ်ဒမီက ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့တွေ ၇၅ ကြိမ်မြောက် အမ်မီဆုပေးပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှာ ထုတ်လွှင့်ပြသသွားမယ်လို့ ကြေညာရခြင်းအပေါ် ဝမ်းမြောက်မိပါတယ်”ဟု Fox ရုပ်သံဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမ်မီဆုပေးပွဲသည် နှစ်ပေါင်း ၆၀ ကျော်အတွင်း ဟောလိဝုဒ်၏ ပထမဆုံးသရုပ်ဆောင်များနှင့် စာရေးဆရာများ၏ ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒထုတ်ဖော်မှုများကြောင့် နှောင့်နှေးခဲ့သော အထင်ကရ ဖျော်ဖြေရေးအခမ်းအနားတစ်ရပ်ဖြစ်သည်။

အမ်မီဆုပေးပွဲ နောက်ဆုံးအကြိမ် ကျင်းပရန် နှောင့်နှေးမှုဖြစ်စဉ်သည် ၂၀၀၁ ခုနှစ်က ဖြစ်ပြီး ထိုအချိန်က 9/11 တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ သရုပ်ဆောင်များ၏ဆန္ဒပြမှုများကြောင့် A-list စာရင်းဝင် သရုပ်ဆောင်များနှင့် ဆန်ခါတင်ဆုစာရင်းဝင်သူများသည် လက်ရှိတွင် အမ်မီဆုပေးပွဲသို့ တက်ရောက် ခွင့်မရရှိသောကြောင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုနှုန်းကို ဆိုးဆိုးရွားရွားသက်ရောက်စေလိမ့်မည်ဖြစ်သည်။

စာရေးဆရာများသည်လည်း အစီအစဉ် တင်ဆက်သူများအတွက် ပြောစကားများ သို့မဟုတ် ဟာသများကို ရေးသားခွင့်မရရှိပေ။

ကာလကြာရှည် နှောင့်နှေးကြန့်ကြာမှုသည် နှစ်ဖက်စလုံးအတွက် ကွဲပြားမှုများကို ဖြေရှင်းနိုင်ရန် အချိန်ရရှိနိုင်ရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။

အမေရိကန်စာရေးဆရာများအသင်း (WGA) နှင့် ရုပ်ရှင်အစည်းအရုံး (SAG-AFTRA)သမဂ္ဂအဖွဲ့ဝင်များက ကောင်းမွန်သော လုပ်ခလစာရရှိရေး၊ AI နည်းပညာဖြင့် ၎င်းတို့၏အလုပ်များကို အစားမထိုးစေရေးအတွက် အာမခံပေးရေး စသဖြင့်တောင်းဆို ဆန္ဒပြနေကြခြင်းဖြစ်သည်။

Most Read

Most Recent