လိုသည်ထက်ပိုသည့် ခန္ဓာကိုယ်စစ်ဆေးမှုများကြောင့် ပြိုင်ပွဲဝင်အချို့က Miss Universe Indonesia ပြိုင်ပွဲ စီစဉ်သူများကို အမှုဖွင့်ထား

လိုသည်ထက်ပိုသည့် ခန္ဓာကိုယ်စစ်ဆေးမှုများကြောင့် ပြိုင်ပွဲဝင်အချို့က Miss Universe Indonesia ပြိုင်ပွဲ စီစဉ်သူများကို အမှုဖွင့်ထား
Photo: BBC
Photo: BBC
Published 11 August 2023

Miss Universe Indonesia အလှမယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူအချို့က ပွဲစီစဉ်ကြီးကြပ်သူများ၏ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှုကို ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားသည်။

တိုင်ကြားထားသည့် ပြိုင်ပွဲဝင်သုံးဦးဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေက ပြိုင်ပွဲဝင်များသည် သြဂုတ် ၃ ရက်ဖိုင်နယ်ပွဲ မရောက်မီနှစ်ရက်အလိုတွင် ခန္ဓာကိုယ်အစစ်ဆေးခံရန် အပေါ်ပိုင်းကို ချွတ်ပြရပြီး ဓာတ်ပုံ ရိုက်ကူးမှုများ ပြုလုပ်ရသည်ဟု ဆိုသည်။

ကြီးကြပ်သူများက ပြိုင်ပွဲဝင်များအား  အမာရွတ်၊ အကြောပြတ်ရာနှင့်တက်တူးများ ခန္ဓာကိုယ်ပေါ်တွင် ရှိမရှိ သူတို့စစ်မည်ဟု ပြောကြောင်း၊ သို့သော်မိမိ၏ အခွင့်အရေးများ ချိုးဖောက်ခံလိုက်ရသကဲ့သို့ ခံစားရကြောင်း ပြိုင်ပွဲဝင်တစ်ဦးက ပြောသည်။

“အဲဒီအဖြစ်အပျက်က ကျွန်မကိုစိတ်ထိခိုက်စေတယ်။အိပ်လို့မရတဲ့အထိပါပဲ”ဟု ယင်းပြိုင်ပွဲဝင်က အခြားတိုင်ကြားသူ ပြိုင်ပွဲဝင်အချို့နှင့်အတူ ယခုတစ်ပတ်အတွင်း မီဒီယာသို့ ဖွင့်ထုတ်ပြောလိုက်သည်။သို့သော် မည်သူမည်ဝါမသိအောင် သူတို့၏မျက်နှာများကို ရုပ်သံဌာနက ၀ါးပေးခဲ့သည်။

ရှေ့နေမယ်လီဆာ အန်ဂရေနီအဆိုအရ အခြားပြိုင်ပွဲဝင်များလည်း ဆက်လက်ထုတ်ဖော်လာဖွယ်ရှိသည်။

ယခုဖြစ်စဉ်အပေါ် ဂျာကာတာရဲတပ်ဖွဲ့က   စုံစမ်းစစ်ဆေးမည်ဟု ကြေညာထားပြီး Miss Universe Indonesia အဖွဲ့အစည်းကလည်း သီးသန့်စစ်ဆေးသွားပါမည်ဟု ပိုင်ရှင်ပေါ်ပီကက်ပယ်လာက ပြောသည်။

အလားတူ ကမ္ဘာလုံးဆိုင်ရာ Miss Universe အဖွဲ့ကြီးကလည်း လိင်ပိုင်းဆိုင်ရာမဖွယ်မရာလုပ်သည့် သတင်းများကို အလေးအနက်ထားကိုင်တွယ်မည်ဟု ကြေညာထားသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးက ခန္ဓာကိုယ်စစ်ဆေးမှုကို အလုံပိတ် အခန်းတွင်ပြုလုပ်ကြောင်း၊သို့သော်အမျိုးသားအချို့လည်းရှိနေခဲ့ပြီး အခန်းတံခါးက လုံအောင်မပိတ်ထားသည့်အတွက် အပြင်ရှိလူများပါ မြင်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

အင်ဒိုနီးရှားတွင် အလှမယ်ပြိုင်ပွဲများကို ခွင့်ပြုလာသည်မှာကြာပြီဖြစ်သော်လည်း  ရှေးရိုးစွဲအမြင်၊ရှေးရိုးစွဲဝါဒီများနှင့် ထိပ်တိုက်မတွေ့ရအောင် ဂရုစိုက်ရသည်မှာ ပွဲစီစဉ်ကြီးကြပ်သူများ၏ တာဝန်ဖြစ်သည်။

Most Read

Most Recent