ကေမန်ကျွန်းစုသို့ သွားအပန်းဖြေသည့် ဂျီဂျီဟာဒီ ဆေးခြောက်လက်ဝယ်ရှိမှုဖြင့် လေဆိပ်တွင် ဖမ်းဆီးခံရပြီး အာမခံဖြင့် ပြန်လွတ်လာ

ကေမန်ကျွန်းစုသို့ သွားအပန်းဖြေသည့် ဂျီဂျီဟာဒီ ဆေးခြောက်လက်ဝယ်ရှိမှုဖြင့် လေဆိပ်တွင် ဖမ်းဆီးခံရပြီး အာမခံဖြင့် ပြန်လွတ်လာ
Photo - Allkpop
Photo - Allkpop
Published 20 July 2023

အသက် ၂၈ နှစ်ရှိပြီဖြစ်သည့် စူပါမော်ဒယ် ဂျီဂျီဟာဒီသည် မိန်းကလေးသူငယ်ချင်းများနှင့် အပန်းဖြေရန် ဇူလိုင် ၁၀ ရက်က ကေမန်ကျွန်းစုသို့ ရောက်လာခဲ့သော်လည်း လေဆိပ်တွင် ဆေးခြောက်လက်ဝယ်ရှိနေမှုဖြင့် အကောက်ခွန်၊ နယ်စပ်ထိန်းချုပ်ရေးအဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံလိုက်ရသည်။ သို့သော် အာမခံဖြင့် ပြန်လွတ်လာခဲ့သည်။

ပြည်တွင်းမီဒီယာ Cayman Marl Road ဖော်ပြချက်အရ ဂျီဂျီနှင့် သူငယ်ချင်းတစ်ဦးတို့ ထိုနေ့က အိုဝင်ရောဘတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သီးသန့်ဂျက်လေယာဉ်ဖြင့် ရောက်လာခဲ့ပြီး အကောက်ခွန်အာဏာပိုင်များက သူတို့၏အိတ်များကို ရှာဖွေစစ်ဆေးရာ အိတ်ထဲတွင် ဆေးခြောက်နှင့် ဆေးခြောက်သုံးသည့်အခါ လိုအပ်သည့် အသုံးအဆောင်များကို တွေ့ခဲ့ကြသည်။

ထို့နောက် ဂျီဂျီတို့နှစ်ဦးကို ဆေးခြောက်တင်သွင်းမှု သံသယဖြင့် ဖမ်းဆီးလိုက်ပြီး ကေမန်ကျွန်းစုထိန်းသိမ်းရေးစခန်းသို့ ခေါ်သွားခဲ့ကာ နောက်မှ အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။

ဇူလိုင် ၁၂ ရက်တွင် ဂျီဂျီတို့နှစ်ဦးကို ရုံးတော်တွင် တရားဝင်စွဲချက်တင်လိုက်ပြီး သူတို့ကလည်း အပြစ်ကိုဝန်ခံသဖြင့် နှစ်ဦးစလုံးကို ဒဏ်ငွေအမေရိကန်ဒေါ်လာ ၁,၀၀၀ ချမှတ်လိုက်သည်။ သို့သော်နောက်ထပ်စွဲချက်များ ထပ်မရှိတော့ပေ။

ဂျီဂျီဟာဒီဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ဂျီဂျီ၏ဆေးခြောက်များက နယူးယော့ခ်တွင် ကျန်းမာရေးလိုင်စင်ဖြင့် တရားဝင်ဝယ်ထားသည့် ဆေးခြောက်များသာဖြစ်ကြောင်း၊ ကေမန်ကျွန်းစုတွင်လည်း ၂၀၁၇ ခုနှစ်ကတည်းက ဆေးခြောက်ကို ကျန်းမာရေးအတွက် တရားဝင်သုံးခွင့်ပေးထားကြောင်း၊  ထို့ကြောင့် ဂျီဂျီတွင် ယခုထိပြစ်မှုရှင်းကြောင်း E! News သို့ ဇူလိုင် ၁၈ ရက်တွင်ပြောသည်။

ဂျီဂျီသည် သူအဖမ်းခံရသည့်ကိစ္စကို ဂရုပင်မစိုက်ကြောင်း ဖော်ပြသည့်အနေဖြင့်  အပန်းဖြေခရီးဓာတ်ပုံများကို  ဆိုရှယ်မီဒီယာတွင် တင်ထားသည်။

ဇူလိုင် ၁၈ ရက်တွင် ဂျီဂျီ၏အင်စတာ ဂရမ်၌ သူနှင့်သူ့သူငယ်ချင်းများအတူ ရိုက်ထားသည့် ကမ်းခြေဓာတ်ပုံများ၊ အစားအသောက်ပုံများ တက်လာခဲ့ပြီး “All’s well that ends well” ဟု ခေါင်းတပ်ထားသည်။ ဂျီဂျီသည် ဇိန်းမားလစ်ခ်နှင့် နှစ်နှစ်အရွယ်ရှိ သမီးလေးတစ်ဦး ပိုင်ဆိုင်ထားသည်။

Most Read

Most Recent