ဇာတ်ကားတစ်ကားတွင် သရုပ်ဆောင်မှုက အဓိကအကျဆုံးဖြစ်သော်လည်း ဇာတ်ကောင်နှင့်လိုက်ဖက်သည့် အပြင်အဆင်ရှိရန်လည်း အရေးကြီးဟု ဆောင်းဟေကို ယူဆ

ဇာတ်ကားတစ်ကားတွင် သရုပ်ဆောင်မှုက အဓိကအကျဆုံးဖြစ်သော်လည်း ဇာတ်ကောင်နှင့်လိုက်ဖက်သည့် အပြင်အဆင်ရှိရန်လည်း အရေးကြီးဟု ဆောင်းဟေကို ယူဆ
Photo - Allkpop
Photo - Allkpop
Published 28 June 2023

တောင်ကိုရီးယားနိုင်ငံ၏ လျှမ်းလျှမ်းတောက်အောင်မြင်နေသည့် မင်းသမီးတစ်လက်ဖြစ်သည့် ဆောင်းဟေကိုက သူဖြတ်သန်းလာခဲ့သည့် ၂၇ နှစ်တာ အနုပညာခရီးအတွင်း တွေ့ကြုံခဲ့ရသည့်အခက်အခဲများကို ဖွင့်ဟမျှဝေထားသည်။

အသက် ၄၀ ကျော်လာသော်လည်း အရွယ်နှင့်မလိုက်အောင် နုပျိုနိုင်လွန်းသည့်  မင်းသမီးလည်းဖြစ်နေသည့်အပြင် ကျောင်းတွင်းအုပ်စုဖွဲ့ ဗိုလ်ကျနှိပ်စက်မှုအကြောင်း ရိုက်ပြထားသည့် The Glory ဇာတ်လမ်းတွဲကြောင့် ဆောင်းဟေကို၏အောင်မြင်မှုမှာ လိုက်၍မမှီနိုင်ပေ။ထိုဇာတ်ရုပ်ဖြင့် သူသည်  ၂၀၂၃ ဘက်ခ်ဆန်းအနုပညာထူးချွန်ဆုပေးအပ်ပွဲတွင်(ရုပ်သံကဏ္ဍ၌) အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆု ရခဲ့သည်။

အမေရိကန်ဖက်ရှင်မဂ္ဂဇင်း Harper’s Bazaar နှင့် လတ်တလောအင်တာဗျူးတွင် ဆောင်းဟေကိုက ဆံပင်တိုကို ပိုကြိုက်နေသည့်အကြောင်း ပြောသွားသည်။“ဆံပင်အ ရှည်ရော၊ အတိုရော နှစ်မျိုးစလုံးကို ကြိုက်ပါတယ်။ဒါပေမယ့်အခုနောက်ပိုင်း ဆံပင်အတိုနဲ့ ပိုလိုက်တယ်လို့ထင်တယ်။ရုပ်ရှင်တစ်ကား ရိုက်တော့မယ်ဆိုရင် အဓိကအကျဆုံးကတော့ သရုပ်ဆောင်အိုက်တင်ပိုင်းပေါ့။ ဒါပေမယ့် အပြင်အဆင်၊ပုံပန်းကလည်း အရေးကြီးတယ်လို့ထင်တယ်။ဒါ့ကြောင့်လည်း ဇာတ်ရုပ်နဲ့လိုက်ဖက်အောင် ကိုယ့်ရဲ့့ပုံပန်းကို ပြောင်းယူတယ်။အဲဒီတော့မှ ဇာတ်ရုပ်နဲ့တစ်သားတည်းဖြစ်သွားတဲ့ ခံစားမှုမျိုးရတယ်” ဟု ဆောင်းဟေကိုက ပြောသည်။

အနုပညာလမ်းကြောင်းပေါ်တွင် ၂၇ နှစ်ကြာ သရုပ်ဆောင်အလုပ်ကို စိတ်နှစ်လုပ်ကိုင်လာခဲ့သည်မှာ ဆောင်းဟေကိုအတွက် လွယ်ကူသည့်အရာ မဟုတ်ပေ။“ခက်ခဲတဲ့ ကာလတွေ အများကြီးရင်ဆိုင်ခဲ့ရတယ်။ နောက်ဆုတ်လက်လျှော့လိုက်ဖို့အထိလည်း စိတ်ကူးမိခဲ့တယ်။ဒါပေမယ့် ကျွန်မလုပ်နိုင်တယ်လို့ ယုံကြည်ချက်ထားခဲ့တယ်။ပရိသတ်တွေပေးတဲ့အားအင်က ကျွန်မကိုပိုကြိုးစားစေခဲ့တယ်”ဟုလည်း သူဖွင့်ဟခဲ့သည်။

လက်ရှိတွင်ဆောင်းဟေကိုသည် တစ်ကိုယ်တည်းဘဝကို သူ့အချစ်တော်ခွေးလေး ရူဘီနှင့် ပျော်ပျော်ကြီးဖြတ်သန်းနေသည်။ ELLE Korea နှင့်အင်တာဗျူးတစ်ခုတွင် ဆောင်းက ပြန်လည်မွေးဖွားခွင့်ရမည်ဆိုပါက ဆောင်းဟေကိုဘဝကို ပြန်မလိုချင်၊တစ်ခြားသူအဖြစ် မွေးဖွားလိုသည်ဟု ဖြေခဲ့သည်။