Tale of  The Nine Tailed ဇာတ်လမ်းတွဲ Season 2 အောင်မြင်သဖြင့် Season 3 ဆက်ရိုက်ရန် စီစဉ်နေ

Tale of  The Nine Tailed ဇာတ်လမ်းတွဲ Season 2 အောင်မြင်သဖြင့် Season 3 ဆက်ရိုက်ရန် စီစဉ်နေ
Photo - KBIZoom
Photo - KBIZoom
Published 15 June 2023

tvN  ရုပ်သံမှ ထုတ်လွှင့်ပြသသည့် Tale of The Nine Tailed ဇာတ်လမ်းတွဲ Season 2 ဇာတ်သိမ်းထား၍မှ မကြာသေး၊ သတင်းကောင်းတစ်ခု ထွက်ရှိလာသည်။ Season 3  ဆက်လက်ရိုက်ကူးနိုင်ဖွယ်ရှိသည့် သတင်းပင် ဖြစ်သည်။

ဇွန် ၁၃ ရက်တွင် Sports Dong A သတင်း၌ ထုတ်လုပ်ရေးအဖွဲ့က Season 3 ရိုက်ကူးရေးကို စဉ်းစားနေကြပြီး သရုပ်ဆောင်များ၏ ဆန္ဒကို မေးမြန်းထားကာ ကောင်းမွန်သည့် တုံ့ပြန်မှုများရထားသည်ဟု ဖော်ပြခဲ့သည်။

Season 1 တွင် မင်းသားလီဒုံဝုနှင့် မင်းသမီးဂျိုဘိုအာတို့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားပြီး Season 2 ကိုမူ Tale of The Nine Tailed 1938 ဟု နာမည်ပြောင်းကာ ၁၉၃၈ ခုနှစ်ကာလမှ မျက်မှောက်ခတ်သို့  ပြန်ရောက်ရန် လီဒုံဝု၏ကြိုးစားမှုကို ရိုက်ကူးထားသည်။

Season 2 တွင် မင်းသမီးကင်မ်ဆိုယန်နှင့် မင်းသားယူဂျောင်ဆူတို့ ပါဝင်ထားသဖြင့် ပရိသတ်စိတ်ဝင်စားမှု ပိုမြင့်တက်ခဲ့ပြီး ကြည့်ရှုမှု ပိုများခဲ့သည်။

ဇွန် ၁၁ ရက်က ဇာတ်သိမ်းပိုင်းထုတ်လွှင့်ခဲ့ပြီး Season တစ်လျှောက်လုံး ပရိသတ်ကြည့်မှုနှုန်း အများဆုံးဖြစ်သည်အထိ အောင်မြင်ခဲ့သည်။

Season 2 အဆုံးတွင် လီဒုံဝုက ဂျိုဆွန် ခေတ်ကာလကို ရောက်သွားသည်နှင့် ဇာတ်သိမ်းထားသဖြင့် Season 3 ဆက်ထွက်မည်ဆိုသည့် မျှော်လင့်ချက်များ ပိုဖြစ်စေခဲ့သည်။

ထို့ပြင် Season 1 ၏ ဇာတ်ဆောင်မင်းသမီး ဂျိုဘိုအာက  Season 2 ဇာတ်သိမ်းပိုင်းတွင် ဧည့်သည်သရုပ်ဆောင်အဖြစ်ပါခဲ့ပြီး သရုပ်ဆောင်ကြေးမယူခဲ့သဖြင့် ပရိသတ်က အံ့အားသင့်ကြသည်။