နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ တွေ့ဆုံပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရန် ရုရှားနိုင်ငံက ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ ဆွေးနွေး 

နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ တွေ့ဆုံပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရန် ရုရှားနိုင်ငံက ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ ဆွေးနွေး 
Published 1 June 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရန် ရုရှားနိုင်ငံက ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

မေ ၃၀ ရက်က တောင်ကြီးမြို့ရှိ ပင်လုံရိပ်သာဧည့်ခန်းမဆောင်၌ နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် အထက်ပါအကြောင်းအရာကို ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် ယခုနှစ်သည် မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံမှု (၇၅) နှစ် ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံကဏ္ဍပေါင်းစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ သိပ္ပံနှင့်နည်းပညာရပ်ပိုင်းဆိုင်ရာ ပညာရပ်များအပါအဝင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ပညာတော်သင်များ စေလွှတ်လျက်ရှိသည့်အခြေအနေများ၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံ ပြည်သူများအချင်းချင်းထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေးအတွက် အပြန်အလှန်ခရီးသွားလာရေး ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဘက်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် ဒူးမားလွှတ်တော်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

ထိုသို့တွေ့ရာတွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်စပ်လျဉ်းသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးနှင့် ခရီးသွားကဏ္ဍတိုးမြှင့်ရေး၊ မြန်မာ-ရှရှား နှစ်နိုင်ငံလေကြောင်းလိုင်းများ ပုံမှန်ပျံသန်းနိုင်ရေး၊ မြန်မာ့မီးရထားကဏ္ဍမြှင့်တင်နိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံအတွင်း အသေးစား နယူးကလီးယားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး၊ စွမ်းအင်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် နည်းပညာကဏ္ဍလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်‌သော်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကျော်ထွန်း၊ ဦးသန့်စင်၊ ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် ဒူးမားလွှတ်တော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။