ပါတီတာဝန်ရှိသူများ ပါတီမှနုတ်ထွက်ရန် ဖိအားပေးခံခဲ့ရဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်မရန်ခန်းပြောကြား

ပါတီတာဝန်ရှိသူများ ပါတီမှနုတ်ထွက်ရန် ဖိအားပေးခံခဲ့ရဟု ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်မရန်ခန်းပြောကြား
မေ ၂၄ ရက်က ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် PTI  ပါတီ၏အတွင်းရေးမှူးချုပ် အာဆတ်အူမာကို တွေ့ရစဉ် (Photo - AFP)
မေ ၂၄ ရက်က ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် PTI  ပါတီ၏အတွင်းရေးမှူးချုပ် အာဆတ်အူမာကို တွေ့ရစဉ် (Photo - AFP)
Published 25 May 2023
Ref: AFP

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်မရန်ခန်းက ဖြိုခွင်းမှုအတွင်း ၎င်း၏ပါတီမှ အကြီးတန်းခေါင်းဆောင်များသည် ပါတီမှနုတ်ထွက်ရန် ဖိအားပေးခံခဲ့ရသည်ဟု မေ ၂၄ ရက်က ပြောကြားခဲ့ပြီး အစိုးရအဖွဲ့အတွင်း ဝန်ဟောင်းတစ်ဦးသည် ၎င်း၏ပါတီမှနောက်ဆုံးနုတ်ထွက်သူဖြစ်လာခဲ့သည်။

ယခုလအစောပိုင်းက ခန်းကို ဖမ်းဆီးမှုနှင့်ဆက်နွှယ်၍ လမ်းပေါ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားသည့် ရက်ပိုင်းကတည်းက အာဏာပိုင်များသည် ခန်း၏ Pakistan Tehreek-e-Insaf (PTI) ပါတီကို ထောက်ခံသူထောင်ချီအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

ခန်း၏အစိုးရအဖွဲ့တွင် သတင်းအချက်အလက်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပါတီပြောရေးဆိုခွင့်ရှိသူ ဖာဝက်ချောင်ဒရီသည် ပါတီမှ နုတ်ထွက်ခဲ့ပြီးဘဏ္ဍာရေး ဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် အတွင်းရေးမှူးချုပ်အာဆက်အူမာကလည်း သူသည် ၎င်း၏ ရာထူးမှနုတ်ထွက်သွားသော်လည်း PTI နှင့်အတူ ဆက်လက်ရှိနေကြောင်း ပြောကြားခဲ့သည်။

အကြီးတန်းဒုဥက္ကဌ ရှီးရန်မာဇာရီသည် မေ ၂၃ ရက်တွင် ခန်း၏ပါတီမှ နုတ်ထွက်ခဲ့ပြီးနောက် ၎င်းတို့၏နုတ်ထွက်မှုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ခန်းဖမ်းဆီးခံခဲ့ရပြီးနောက် လမ်းပေါ်တွင် အကြမ်းဖက်မှုကို သွေးထိုးလှုံ့ဆော်မှုစွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာခဲ့ပြီးနောက် ထိုသုံးဦးက ၎င်းတို့၏ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒါဟာ ပါကစ္စတန်သမိုင်းမှာ ကျွန်တော် တစ်ခါမှ မမြင်တွေ့ဖူးတဲ့ ဖြိုခွင်းမှုတစ်ခုဖြစ်ပါတယ်ဟု ခန်းက မေ ၂၄ ရက်ညအချိန်တွင် ဗီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့သည်။

“ခင်ဗျားက PTI ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောနေမယ်ဆိုရင် ခင်ဗျားအနေနဲ့ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ခင်ဗျားအကျဉ်းချခံရမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

“တကယ်လို့ ခင်ဗျားက ကျွန်တော်တို့ PTI အဖွဲ့ဝင်မဟုတ်တော့ပါဘူးလို့ မှော်စကားလုံးတွေသုံးပြီး ပြောလိုက်ရင်တော့ ခင်ဗျားလွတ်သွားပါလိမ့်မယ်”ဟု ခန်းကဆက်လက်ပြောကြားခဲ့သည်။

ဖိနှိပ်မှုများသည် ထောက်ခံသူများနှင့် တာဝန်ရှိသူများကို ပစ်မှတ်ထားခဲ့သည်ဟု ခန်းက ပြောကြားခဲ့သည်။

“သူတို့တွေ(အာဏာပိုင်)ကလူတိုင်းကို ထောင်ထဲထည့်နိုင်ပါတယ်။ ကျွန်တော်ဘယ်သူ့ကို ဆက်သွယ်ရမှန်းတောင် မသိတော့ပါဘူး”ဟု ခန်းက လာဟိုးမြို့ရှိ ၎င်း၏နေအိမ်မှပြောကြားခဲ့သည်။

ချောင်ဒရီက ၎င်း၏နုတ်ထွက်မှုကို Twitter တွင် ကြေညာခဲ့ပြီး လူထုမငြိမ်မသက်မှုကို ရှုတ်ချခဲ့ကာ ၎င်းအနေဖြင့် နိုင်ငံရေးမှ အနားယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အူမာက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး သူသည် အတွင်းရေးမှူးချုပ်ရာထူး မှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်တွင် မည်သည့် ဖိအားမှ မရှိကြောင်း ပြောကြားခဲ့သည်။

အတိုက်အခံခေါင်းဆောင်အများအပြား တစ်ဖက်သတ်ဖမ်းဆီးခံရပြီးနောက် ခန်း၏ထောက်ခံသူများကို အကြောက်တရားများ ပြသခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မေ ၂၃ ရက်တွင်ပြောကြားခဲ့သည်။

“အာဏာပိုင်တွေက နိုင်ငံရေးဆိုင်ရာ အတိုက်အခံတွေကို ဖိနှိပ်နေတာတွေကိုရပ်တန့်ရမှာဖြစ်ပါတယ်”ဟု ၎င်းကအခြားအဖွဲ့အစည်းများနှင့်အတူ ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အစိုးရသည်ဖမ်းဆီးထိန်းသိမ်းမှုများအား မှန်ကန်ကြောင်းပြသရန်မရေရာသော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများကို အသုံးပြုနေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

Most Read

Most Recent