လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဆည်များတည်ဆောက်ထားသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းအချို့ ဖျက်ဆီးမှုများကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိနေခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဆည်များတည်ဆောက်ထားသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းအချို့ ဖျက်ဆီးမှုများကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိနေခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 23 May 2023

လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဆည်များတည်ဆောက်ထားသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖျက်ဆီးမှုများကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိနေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မေ ၂၂ ရက် ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့နိုင်ငံ၏ စီးပွားရေးသည် ၂၀၁၈ ခုနှစ်မှစတင်၍ ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့မှုများကြောင့် စီးပွားရေး ပိုမိုကျဆင်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်မှုနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် စီးပွားရေးသည် အနုတ်လက္ခဏာ ဖြစ်ခဲ့ကြောင်း ပြောကြားသည်။               

ထို့ပြင် MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကြမ်းများလိုအပ်ကြောင်း၊ အလားတူ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လျှပ်စစ်ဓာတ်အားများ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်ကတည်းက လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးဖြင့် နှောင့်နှေးခြင်းနှင့် ရပ်တန့်ခဲ့ရမှုများရှိကြောင်း၊ ထို့ကြောင့်လျှပ်စစ်ဓာတ်အားလို အပ်ချက်များ ယခုအချိန်အထိ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆည်များတည်ဆောက်ထားသော်လည်း PDF များအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖျက်ဆီးမှုများကို ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့်လည်း လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ လိုအပ်ချက်များ ရှိနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင်  MSME လုပ်ငန်းများအတွက် လိုအပ်သည့်ရင်းနှီး မတည်ငွေများကို မိမိတို့အနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း၊ အလားတူစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ လုံလောက်စွာ ရရှိစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အတန်းပညာတတ်မြောက်မှုများ နည်းပါးနေသေးကြောင်း၊ အတန်းပညာတတ်မြောက်မှသာ အတတ်ပညာများကို သင်ကြားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent