နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်
Published 16 May 2023

အလွန့်အလွန် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၁၅ ရက်တွင် သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘာဝဘေးအန္တရာယ်ဟူသည်မှာ ရှောင်လွှဲ၍မရဘဲဖြစ်လာသည့် အချိန်တွင်ရင်ဆိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားမည်ဆိုပါက ထိခိုက်မှုအနည်းဆုံးဖြင့်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ယခုအခါ မိမိအနေဖြင့် ပျက်စီးဆုံးရှုံးခဲ့သည်များကို လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ မုန်တိုင်းမဝင်ရောက်မီ ငါးရက်ခန့်ကတည်းက မုန်တိုင်းကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနမှ အဓိကဆောင်ရွက်ရမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများမှ ဝန်ထမ်းများကလည်း ၀ိုင်းဝန်းကူညီဆောင်ရွက်သွားရန်လိုကြောင်း၊ အများပြည်သူ အများဆုံးအသုံးပြုသည့်လမ်းများကို ဦးစားပေးရှင်းလင်းပေးရန်လိုကြောင်း၊  ပြည်ထဲရေးဝန်ကြီးဌာနမှ လူအင်အားနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ စက်ယန္တရားတို့ ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးရုံများသန့်ရှင်းရေးနှင့် ဘိုးဘွားရိပ်သာများကို ခရိုင်နှင့်မြို့နယ်များအလိုက် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများက ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်သွားရန်လိုသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

မုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မေ ၁၅ ရက်တွင် လက်ခံရရှိသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုက လှူဒါန်းသော ကျပ်သိန်းတစ်သောင်းအပါအဝင် အလှူရှင်များက လှူဒါန်းသည့် လှူဒါန်းငွေကျပ်သိန်းပေါင်း တစ်သိန်းသုံးသောင်းကျော်အနက် ကျပ်သိန်းခုနစ်သောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ နစကဥက္ကဋ္ဌက ပေးအပ်ခဲ့ကြောင်း သိရသည်။

ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ရေယာဉ်များဖြင့် တင်ဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်သို့ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ အများနှင့်သက်ဆိုင်သည့် ပညာသင်ကြားရေးဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်းများကိုလည်း ဦးစားပေးပြုပြင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန်ဖြင့် လုပ်ဆောင်ရန်လိုကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက အမြန်ဆုံးမူလအခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်း၌သာရှိသဖြင့် အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတကာမှလည်း အကူအညီပေးအပ်မည်ဟု ကမ်းလှမ်းလာသဖြင့် လက်ခံထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့ရှိပြီးသား အားဖြင့် ဒေသအား၊ ပြည်တွင်းအားဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေသို့ လှူဒါန်းနိုင်ရေး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ ရေတွင်းရေကန်များ သန့်ရှင်းမှုရှိစေရေး ရေသန့်ဆေးများကို လိုက်လံခပ်ပေးရန်လိုကြောင်း၊ ရေတွင်း ပတ်ဝန်းကျင်များကို ဦးစွာသန့်ရှင်းရေးဆောင်ရွက်ရန်လိုကြောင်း၊ ရေတွင်းများအနီးရှိ ရေဆိုးရေညစ်များ၊ အညစ်အကြေးများကို အမြန်ဆုံးရှင်းလင်းရန်လိုကြောင်း၊ အချိန်မီရှင်းလင်းခြင်းမရှိပါက ဝမ်းပျက်ဝမ်းလျှောရောဂါများအပြင် အခြားရောဂါဘယများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မုန်တိုင်းဒဏ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းမကျ ရောက်မီကာလအတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့များရှိ သဘာဝဘေးဒဏ်ခိုလုံရာ Shelter များသို့ ဒေသခံပြည်သူ ၂၃၇၀၀ ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း၊ အခြားဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးမှုအနေဖြင့် ၆၂၆၈၄၉  ဦးကို ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း၊ အလားတူ IDP စခန်းများတွင် ရောက်ရှိနေသူများအနက်မှ ၆၂၃၁၉ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ မုန်တိုင်းစတင်ဝင်ရောက်သည့် ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်တွင် တစ်နာရီလေတိုက်နှုန်းမှာ ၆၀ မိုင်ရှိခဲ့ပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ၃ နာရီခွဲ အချိန်အထိ တစ်နာရီလေတိုက်နှုန်းမှာ ၁၂၀ မိုင်အထိရှိခဲ့ကာ အပြင်းဆုံးလေတိုက်ခတ်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ်များ၊ ရုံးအဆောက်အဦများ၊ သာသနိကအဆောက်အဦများ အမိုးလန်ပျက်စီးခြင်းနှင့် ပြိုကျပျက်စီးခြင်း၊ ရုပ်သံထပ်ဆင့်လွှင့်တာဝါတိုင်နှင့် ဆက်သွယ်ရေးတာဝါတိုင်အချို့ ပြိုကျပျက်စီးခဲ့ပြီး ၁၄ ရက်နေ့အထိ သေဆုံးသူ နှစ်ဦး၊ ထိခိုက်ဒဏ်ရာရ ၂၈ ဦး ရှိကြောင်း ကနဦးသတင်းများအရသိရှိရကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ် ကျလာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

Most Read

Most Recent