ဆူဒန်စစ်ပွဲကို နှစ်ဖက်စလုံးက အနိုင်ရနိုင်သည်ဟု ယူဆနေသောကြောင့် အပစ်ရပ်စဲရန် ဆွေးနွေး၍မရဟု ဆော်ဒီပြောကြား

ဆူဒန်စစ်ပွဲကို နှစ်ဖက်စလုံးက အနိုင်ရနိုင်သည်ဟု ယူဆနေသောကြောင့် အပစ်ရပ်စဲရန် ဆွေးနွေး၍မရဟု ဆော်ဒီပြောကြား
လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆူဒန်မြို့တော်ခါတွန်၏ တစ်နေရာတွင် မီးခိုးများ ထွက်နေပုံကို မေလ ၆ ရက်က တွေ့ရစဉ်(Photo: AFP)
လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆူဒန်မြို့တော်ခါတွန်၏ တစ်နေရာတွင် မီးခိုးများ ထွက်နေပုံကို မေလ ၆ ရက်က တွေ့ရစဉ်(Photo: AFP)
Published 9 May 2023

လေကြောင်းတိုက်ခိုက်မှုများက မေလ ၉ ရက်တွင် ဆူဒန်မြို့တော်ကို ထပ်မံတုန်လှုပ်စေခဲ့ချိန်တွင် ဂျက်ဒါးမြို့တွင်ပြုလုပ်သော နောက်ဆုံးအပစ်ရပ်စဲရေးဆွေးနွေးမှုများ သည်တိုးတက်မှုမရဖြစ်နေပြီး နှစ်ဘက်စ လုံးက တိုက်ပွဲကိုအနိုင်ရနိုင်သည်ဟုယူဆနေကြကြောင်း ဆော်ဒီသံတမန်ကပြော ကြားသည်။

ခြေလျင်အကူလက်ရုံးတပ် (RSF)ကို အမြဲတမ်းစစ်တပ်နှင့်ပေါင်းစည်းရန်စီစဉ်သည့် ကိစ္စနှင့်စပ်လျဉ်း၍ ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖတာ့အယ်လ်ဘာဟန်နှင့် RSFကို ကွပ်ကဲနေသူလည်းဖြစ်ဆူဒန် စစ်တပ်ဒုတိယအကြီးအကဲလည်းဖြစ်သူ မိုဟာမက် ဟမ်ဒမ်ဒါဂလိုတို့ သီတင်းပတ်ပေါင်းများစွာ အာဏာ အားပြိုင်မှုများဖြစ်ခဲ့ပြီးနောက် ဆူဒန်စစ်တပ်နှင့် RSF တို့ ဧပြီ ၁၅ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းဖြစ် သည်။

ထို့နောက်ပိုင်းတွင် ဖြစ်ပွားသောတိုက်ပွဲများကြောင့် လူရာချီသေဆုံးထားပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိထားသည်။ ထို့အပြင် ဆူဒန်ပြည်သူများသည် နေရပ်စွန့်ခွာနေကြရာ ဆူဒန်နယ်စပ်များအလွန်တွင် လုံခြုံရေးစိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။

စစ်ဖြစ်နေသော ဗိုလ်ချုပ်ကြီးများသည်   လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲမှုတစ် ရပ်ထူထောင်ရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဆော်ဒီအာရေဗျသို့ ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြသည်။ လူသားချင်း စာနာမှုဆိုင်ရာအပစ်ရပ်စဲရေးကို လုပ်ဆောင်ရန် အမေရိကန်က ထောက်ခံထားသည်။

အမေရိကန်နှင့် ဆော်ဒီတို့က အဆိုပါဆွေးနွေးပဲဲွများကို အကြိုဆွေးနွေးမှုများဟု ပြောဆိုထားသည်။

မေလ ၈ အထိ ဆွေးနွေးမှုများသည် ကြီးကြီးမားမားတိုးတက်မှုမရဟု အမည်မဖော်လိုသူ ဆော်ဒီသံတမန်က  အေအက်ဖ်ပီကို ပြောကြားသည်။

“အမြဲတမ်းအပစ်ရပ်စဲရေးဟာ ဆွေးနွေးလို့မရသေးပါဘူး။ နှစ်ဖက်စလုံးက စစ်ပွဲကို အနိုင်ရမယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

“ကိုယ်စားလှယ်တွေဟာ သဘောတူညီ မှုရရှိရေးဆိုတဲ့ နည်းလမ်းတစ်ရပ်အနေနဲ့ ဒီဆွေးနွေးပွဲကို ယုံကြည်မှုရှိရှိ အသုံးပြုရေး ဆိုတာထက် အမေရိကန်နဲ့ဆော်ဒီတို့ရဲ့ မျက်နှာသာပေးမှုကိုရဖို့ အဓိကထားနေတာ ဖြစ် ပါတယ်”ဟု ခါတွန်အခြေစိုက် Confluence Advisory အဖွဲ့ကိုထူထောင်သူ ခိုလော့ခါယာက ပြောကြားသည်။

ခါတွန်မြို့တွင် နောက်ထပ်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ကြောက်နေသောမြို့ခံများက ပြောကြားသည်။

ခါတွန်မြို့လယ်ရှိ စျေးအနီးမှထွက်ပေါ်လာပုံရသည့် လေကြောင်းတိုက်ခိုက်မှုအသံများကို မိသားစုက ကြားရသည်ဟု တောင်ပိုင်းခါတွန်တွင် နေထိုင်သူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။

ယခုအခါ တတိယသီတင်းပတ်ထဲဝင် ရောက်လာပြီဖြစ်သော ဝရုန်းသုန်းကားအခြေအနေများနှင့် သေကျေဒဏ်ရာရမှုတို့က ဆူဒန်ပြည်သူထောင်ပေါင်းများစွာကို အီဂျစ်၊ ချဒ်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများထံ အလုံးအရင်း ထွက်ပြေးသည့်အနေအထားဖြစ်စေသည်။

“နေရာတိုုင်းမှာ အလွန်အန္တရာယ်များ နေပါတယ်”ဟု မေလ ၈ ရက်တွင် ကယ်ဆယ် ရေးလေကြောင်းခရီးစဉ်ဖြင့် ကာတာသို့ လိုက်ပါလာသူ ၇၁ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ရာဝါးဟာမက်က ပြောကြားသည်။ ၎င်းသည် ပို့ဆူဒန်မှ ကာတာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“ဆူဒန်မှာ လူတွေဟာ ဘာမှမရှိတဲ့ဒဏ်ကို တောင့်ခံနေကြရပါတယ်။ ရေမရှိပါဘူး။ လောင်စာမရှိပါဘူး။ ဆေးဝါးမရှိပါဘူး။ ဆေးရုံတွေနဲ့ ဆရာဝန်တွေတောင်မရှိပါဘူး”ဟု ရာဝါးဟာမက်က ပြောကြားသည်။

မြို့တော်ခါတွန်နှင့် နိုင်ငံ၏အခြားသော ဒေသများတွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် လူ ၇၅၀ ကျော်သေဆုံးထားပြီး လူ ၅,၀၀၀ ကျော် ဒဏ်ရာထားသည်ဟု Armed Conflict Location and Event Data Project ကထုတ်ပြန်သည်။         Ref: AFP

Most Read

Most Recent