ဆော်ဒီတွင်ပြုလုပ်သည့် ဆူဒန်အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ တိုးတက်မှုမရှိသေးဟု ဆော်ဒီသံတမန်ပြောကြား

ဆော်ဒီတွင်ပြုလုပ်သည့် ဆူဒန်အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ တိုးတက်မှုမရှိသေးဟု ဆော်ဒီသံတမန်ပြောကြား
ဆူဒန်စစ်တပ်အကြီးအကဲ၏ သံတမန်ဖြစ်သူ ဒါဖာလာ အယ်-ဟက်ဂျ်အလီ(ယာ)နှင့် အီသီယိုပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ် ဂျာမာအယ်ရှိတ်(ဝဲ)တို့ကို မေ ၄ ရက်က တွေ့ရစဉ်( Photo: AFP)
ဆူဒန်စစ်တပ်အကြီးအကဲ၏ သံတမန်ဖြစ်သူ ဒါဖာလာ အယ်-ဟက်ဂျ်အလီ(ယာ)နှင့် အီသီယိုပီးယားနိုင်ငံဆိုင်ရာ ဆူဒန်သံအမတ် ဂျာမာအယ်ရှိတ်(ဝဲ)တို့ကို မေ ၄ ရက်က တွေ့ရစဉ်( Photo: AFP)
Published 9 May 2023
Ref: AFP

ဆူဒန်၏ စစ်ဖြစ်နေသော ပြိုင်ဘက်စစ်ဗိုလ်ချုပ်ကြီးနှစ်ဦးအကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆော်ဒီအာရေဗျတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများသည် ကြီးကြီးမားမားတိုးတက်မှုမရရှိသေးကြောင်း ဆော်ဒီ သံတမန်တစ်ဦးက မေ ၈ ရက်တွင် AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့ဖြစ်ရာ တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်နိုင်ရေး မျှော်လင့်ချက်များသည်လည်း မှေးမှိန်သွားခဲ့သည်။

ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ် ဖာတာအယ်-ဘာဟန်နှင့် အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် Rapid Support Force(RSF)အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမက်ဟမ်ဒန် ဒါဂလိုတို့သည် မေ ၆ ရက်က ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သော ဂျက်ဒါမြို့တွင် ပြုလုပ်သည့် တွေ့ ဆုံဆွေးနွေးမှုအတွက် ကိုယ်စားလှယ်များစေလွှတ်ခဲ့သည်။ ယင်းသည် စေ့စပ်ညှိနှိုင်းမှုများ အတွက် အကြိုဆွေးနွေးမှုများဖြစ်သည်ဟု အမေရိကန်နှင့် ဆော်ဒီတို့က ပြောကြားထားသည်။

လူသားချင်းစာနာထောက်ထားမှု ရှုထောင့်အရ အပစ်ရပ်စဲရေးကို မှန်မှန်ကန်ကန်ဖြင့် မည်သို့မည်ပုံ လက်တွေ့ဖော်ဆောင် သွားမည်ကို ၎င်းတို့အနေဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ဆူဒန်စစ်တပ်က ဆိုသည်။

ဆွေးနွေးမှုများတွင် မည်သည့်ကိစ္စရပ်များ လွှမ်းခြုံပါဝင်မည်ဆိုသည်နှင့် မည်မျှကြာမြင့်မည်ဆိုသည်ကိုမူ ဆူဒန်နှင့် ဆော်ဒီအစိုးရ တာဝန်ရှိသူများက တိတိပပထုတ်ပြန်ခဲ့ခြင်း မရှိပေ။

“အခုအချိန်ထိ သိသာထင်ရှားတဲ့ တိုးတက်မှုမျိုး မရရှိသေးပါဘူး။ အပြီးတိုင်အပစ် ရပ်စဲရေးအတွက် ဆွေးနွေးဖို့ ကမ်းလှမ်းတာမျိုးမရှိဘဲ နှစ်ဖက်စလုံးက တိုက်ပွဲမှာအနိုင်ရမယ်လို့ ယုံကြည်နေတယ်”ဟု ဆော်ဒီသံတ မန်တစ်ဦးက မေ ၈ ရက်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ မာတင်ဂရစ်ဖစ်စ်သည် မေ ၇ ရက်က ဂျက်ဒါမြို့သို့ ရောက်ရှိလာခဲ့ပြီး နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်ရည်ရွယ်ထားသော်လည်း အဆိုပါလုပ်ငန်းစဉ်တွင် ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဆူဒန်၏ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရန် ဂရစ်ဖစ်စ်အနေဖြင့် ဂျက်ဒါမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်း၏ပြောခွင့် ရှိသူကဆိုသည်။ ဂရစ်ဖစ်စ်က ဆွေးနွေးညှိနှိုင်း မှုများတွင် ပါဝင်ရန် တောင်းဆိုခဲ့သော်လည်း ၎င်း၏တောင်းဆိုချက်ကို ယခုအချိန်အထိ အတည်ပြုရခြင်း မရှိသေးဟု နောက်ထပ် ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စီးပွားရေးချွတ်ခြုံကျနေပြီး တည်ငြိမ်မှုမရှိသော သမိုင်းကြောင်းရှိခဲ့သည့် ဆူဒန်တွင် ဧပြီ ၁၅ ရက်က တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ ပြီးနောက်ပိုင်း အကျိုးသက်ရောက်မှုမရှိသည့် အပစ်ရပ်စဲရေး သဘောတူညီမှု အများအပြားကို ကြေညာခဲ့သည်။

ဆူဒန်နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မျှော်လင့်ချက်များကို လမ်းလွဲစေခဲ့သည့် သွေးထွက်သံယိုများသော အာဏာလွန်ဆွဲ အားပြိုင်မှုအဖြစ် ဧပြီ ၁၅ ရက်မှစတင်ကာ ဆူဒန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်ဖာတာ အယ်-ဘာဟန် ဦးဆောင်သော ဆူဒန်စစ်တပ်နှင့် ဘာဟန်၏ လက်ထောက်ဟောင်းနှင့် အာဏာသိမ်းမှုတွင် အတူပါဝင်ခဲ့သော ဗိုလ်ချုပ်ကြီး မိုဟာမက် ဟမ်ဒန် ဒါဂလို ဦးဆောင်သည့် အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ Rapid Support Force (RSF)တို့အကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခြင်းကြောင့် လူရာနှင့်ချီသေဆုံးခဲ့ပြီး ထောင်နှင့်ချီ ဒဏ်ရာရခဲ့ကာ အလွန်ဆိုးရွားသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်နိုင်သည်ဟူသော သတိပေးမှုများ လည်း ထွက်ပေါ်ခဲ့သည်။ လူတစ်သိန်းကျော်သည်လည်း တိုက်ပွဲများကြောင့် နိုင်ငံထဲမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

                                     

Most Read

Most Recent