ဘက်ခ်မွတ်မြို့တွင် ဆက်ရှိစေရန်အတွက် မိမိတို့အား ခဲယမ်းကျည်အလုံအလောက် ထောက်ပံ့မည်ဟု ရုရှားကကတိပြုခဲ့ကြောင်း ဝက်ဂ်နာအုပ်စုပြောကြား

ဘက်ခ်မွတ်မြို့တွင် ဆက်ရှိစေရန်အတွက် မိမိတို့အား ခဲယမ်းကျည်အလုံအလောက် ထောက်ပံ့မည်ဟု ရုရှားကကတိပြုခဲ့ကြောင်း ဝက်ဂ်နာအုပ်စုပြောကြား
ရုရှားကြေးစားစစ်သားအုပ်စု ဝက်ဂ်နာအကြီးအကဲ ပရီဂိုဇင်ကို မေလ ၅ ရက်က ထုတ်ပြန်ခဲ့သည့်ဓာတ်ပုံ၌ တွေ့ရစဉ် (Photo: AFP)
ရုရှားကြေးစားစစ်သားအုပ်စု ဝက်ဂ်နာအကြီးအကဲ ပရီဂိုဇင်ကို မေလ ၅ ရက်က ထုတ်ပြန်ခဲ့သည့်ဓာတ်ပုံ၌ တွေ့ရစဉ် (Photo: AFP)
Published 8 May 2023
Ref: AFP

ယူကရိန်းအရှေ့ပိုင်း ဘက်ခ်မွတ်မြို့တွင် ဆက်ရှိစေရန်အတွက် ၎င်း၏တိုက်ခိုက်ရေး သမားများကို ခဲယမ်းကျည် အလုံအလောက် ထောက်ပံ့ပေးရန် ရုရှားအစိုးရက ကတိပြုခဲ့ကြောင်း ဝက်ဂ်နာ ကြေးစားစစ်သားအုပ်စု၏ အကြီးအကဲဖြစ်သူက မေလ ၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားစစ်ဘက် ခေါင်းဆောင်များကိုပြင်းပြင်းထန်ထန် ဝေဖန်မှုများပါဝင်သည့် ဗီဒီယိုများတွင် ဘက်ခ်မွတ်မြို့မှ တပ်များရုပ်သိမ်းမည်ဟု ၎င်းက ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝက်ဂ်နာအကြီးအကဲ ယက်ဗ်ဂျီနီ ပရီဂိုဇင်နှင့် ရုရှားစစ်တပ်တို့အကြား အားပြိုင်မှုများသည် ဘက်ခ်မွတ်မြို့ တိုက်ပွဲအတွင်း အရှိန်မြင့်တက်လာခဲ့သည်။ ဘက်ခ်မွတ်မြို့ ထိုးစစ်ကို ဝက်ဂ်နာကြေးစားစစ်သား အုပ်စုက ဦးဆောင်နေခြင်းဖြစ်သည်။

“တိုက်ပွဲဝင်ဖို့ အမိန့်ညွှန်ကြားချက်ကို ညတွင်းချင်းလက်ခံရရှိခဲ့ပါတယ်။ စစ်ဆင်ရေးတွေ ဆက်လုပ်ဖို့ မိမိတို့ဘက်က လိုအပ်နေတဲ့ ခဲယမ်းကျည်တွေနဲ့ လက်နက်ကြီးတွေ အားလုံးကို ထောက်ပံ့ပေးဖို့ သူတို့က ကတိ ပေးခဲ့တယ်”ဟု ပရီဂိုဇင်က ပြောကြားသည်။

လိုအပ်သည့်အရာမှန်သမျှကို ပံ့ပိုးသွားမည်ဟု မိမိတို့ကို အာမခံခဲ့ကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

မေ ၁၀ ရက်တွင် ဘက်ခ်မွတ်မြို့ စစ်မျက်နှာမှ တပ်များကို ရုပ်သိမ်းမည်ဟု ၎င်းက ပြီးခဲ့သည့်သီတင်းပတ်တွင် ခြိမ်းခြောက်ပြောဆိုခဲ့ကာ ရုရှားတပ်ဖွဲ့ဝင် သောင်းနှင့်ချီ အသေအပျောက်ရှိခဲ့ခြင်းအတွက် ရုရှားကာ ကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူနှင့် စစ်ဦးစီးချုပ် ဗယ်လရီ ဂရာစီမော့ဗ်တို့ကို ဝေဖန်ပြစ်တင်ခဲ့သည်။

“သူတို့ရဲ့ပရော်ဖက်ရှင်နယ် မဆန်မှုက သောင်းနဲ့ချီတဲ့ ရုရှားလူမျိုးတွေကို သေကျေပျက်စီးစေပါတယ်။ ဒါဟာ ခွင့်မလွှတ်နိုင်စရာပါပဲ” ဟုလည်း ၎င်းကဆိုသည်။

ယူကရိန်းတို့က နွေဦးတန်ပြန်ထိုးစစ်ဆင်နွှဲဖွယ်ရှိနေချိန်တွင် ရုရှားပိုင်နက်အတွင်း ဒရုန်းတိုက်ခိုက်မှုများနှင့် အဖျက်အမှောင့် လုပ်ရပ်များမြင့်တက်လာချိန်၌ ရုရှားအနေဖြင့် အတွင်းကျိတ်ပြဿနာနှင့် ရင်ဆိုင်နေရ ခြင်းဖြစ်သည်။

ယူကရိန်း၏မြို့တော် ကိယက်ဗ်ကို ရုရှားက ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့ခြင်းကြောင့် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းဘက်က ပြောကြားခဲ့သည်။

ကိယက်ဗ်မြို့ကို ပစ်မှတ်ထားသည့် ရုရှားဒရုန်း ၃၅ စင်းလုံးကို ခြေရာခံတွေ့ရှိခဲ့ပြီး ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းလေတပ်ကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့ပြီး ဒေသန္တရ စစ်အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ကလည်း လူ ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ကာ လွင့်စင်လာသော အပျက်အစီးများကြောင့် နေရာအများအပြားတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စစ်အုပ်ချုပ်ရေး ဒေသတစ်ခုဖြစ်သော အိုဒက်ဆာမြို့တွင်လည်း လေကြောင်းတိုက် ခိုက်မှုကြောင့် ဂိုဒေါင်တစ်လုံး ထိမှန်ခဲ့သည်ဟု သိရသည်။

ရုရှားတပ်များသည် မဟာဗျူဟာ အရေးပါမှုထက် နိုင်ငံရေးအရ အရေးပါမှုက ပိုမိုသာလွန်နေသည့် ဘက်ခ်မွတ်မြို့ကို သိမ်းယူရန်အတွက် ပြီးခဲ့သည့်နွေရာသီကတည်းက တိုက်ပွဲများဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ယူကရိန်းသည်လည်း နွေဦးတန်ပြန်ထိုုးစစ် ဆင်နွှဲရန်ပြင်ဆင်နေသည်။                      

Most Read

Most Recent