ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ အချိန်မီပြီးစီးရေး မြန်မာနှင့် အိန္ဒိယဆွေးနွေး

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ အချိန်မီပြီးစီးရေး မြန်မာနှင့် အိန္ဒိယဆွေးနွေး
Published 7 March 2023

နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ အချိန်မီပြီးစီးရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားတို့ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မတ် ၆ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဗီနေးကူးမားတို့ တွေ့ဆုံ၍ ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ အချိန်မီပြီးစီးရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း ဆောင်ရွက်ပြီးစီးပါက အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်းသည် ရခိုင်ပြည်နယ်အတွက် များစွာအကျိုဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုများကို ပိုမိုလျင်မြန်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ကောင်းမွန်သည့်ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် နှစ်နိုင်ငံကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးသည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းအမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့ပြင် စီမံကိန်းဆောင်ရွက်ပြီးစီးပါက မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုအခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက် ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent