ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် အဘက်ဘက်မှ ကြည့်ရှုစဉ်းစားပြီး အောင်မြင်အောင် ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ပြောကြား

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် အဘက်ဘက်မှ ကြည့်ရှုစဉ်းစားပြီး အောင်မြင်အောင် ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ပြောကြား
Published 1 March 2023

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် အဘက်ဘက်မှ ကြည့်ရှုစဉ်းစားပြီး အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ကျောက်ဖြူမြို့ရှိ ရမ္မာဝတီခန်းမ၌ ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူစက်မှုဇုန်နှင့်ပတ်သက်၍လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသတစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့် ကိုက်ညီနိုင်မည့် စီးပွားရေးလုပ်ငန်းများကို ရေတိုရေရှည်တွက်ချက် ဘက်ပေါင်းစုံမှ တွက်ချက်စဉ်းစား ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်အတွက် အဘက်ဘက်မှ ကြည့်ရှုစဉ်းစားပြီး အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ကျောက်ဖြူဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများအတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထုတ်ပေးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent