မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းကြောင့် ကလေး ၅ ဒသမ ၆ သန်းအပါအဝင် လူဦးရေ ၁၇ ဒသမ ၆ သန်းခန့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းကြောင့် ကလေး ၅ ဒသမ ၆ သန်းအပါအဝင် လူဦးရေ ၁၇ ဒသမ ၆ သန်းခန့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်
Published 3 January 2023

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းကြောင့် ကလေး ၅ ဒသမ ၆ သန်းအပါအဝင် လူဦးရေ ၁၇ ဒသမ ၆ သန်းခန့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းကို ဆိုးရွားစွာ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းတွင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများက ကြီးထွားလာခဲ့ပြီး ကလေးများနှင့် ၎င်းတို့၏ မိသားစုများကို ထိခိုက်မှုကြောင့် လူပေါင်း ၁ ဒသမ ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဖော်ပြထားသည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းသည် စီးပွားရေးစိန်ခေါ်မှုများနှင့် ဒွန်တွဲနေသဖြင့် ကလေး ၅ ဒသမ ၆ သန်းအပါအဝင် ခန့်မှန်းလူဦးရေ ၁၇ ဒသမ ၆ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း UNICEF က ဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရ၊ ရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပညာရေးစသည့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများမှာ ကလေးများနှင့် ၎င်းတို့၏ မိသားစုများထံ လက်လှမ်းမီစေရန် ပြင်းထန်စွာ ကန့်သတ်ထားပြီး ယင်းနှင့်ဆက်စပ်နေသည့် စိန်ခေါ်မှုများသည် ကလေးများ၏ ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNICEF ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မဟာဗျူဟာသည် လူမှုအသိုက်အဝန်းများ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် အသက်ကယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် အရေးကြီးသောဝန်ဆောင်မှုများကို လိုအပ်နေသော ကလေးငယ်များထံ ရောက်ရှိစေရန်အတွက် သက်ဆိုင်သူများနှင့် လက်တွဲလုပ်ဆောင်ရန် အာရုံစိုက်ထားကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ကဏ္ဍစုံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဒေါ်လာ ၁၆၉ ဒသ မ ၆ သန်း လိုအပ်နေကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent