၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ထောက်ပ့ံမှုများ ပိုလိုအပ်သည့် နိုင်ငံ ၁၁ နိုင်ငံ၌ မြန်မာနိုင်ငံ ပါဝင်

၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ထောက်ပ့ံမှုများ ပိုလိုအပ်သည့် နိုင်ငံ ၁၁ နိုင်ငံ၌ မြန်မာနိုင်ငံ ပါဝင်
Published 3 January 2023

၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ထောက်ပ့ံမှုကို ပိုလိုအပ်သည့် နိုင်ငံ ၁၁ နိုင်ငံ၌ မြန်မာနိုင်ငံက ပါဝင်နေကြောင်း ကုလသမဂ္ဂကလေးများဆိုင်ရာရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ထောက်ပ့ံမှုကို ပိုလိုအပ်သည့် နိုင်ငံ ၁၁ ခုမှာ တောင်ဆူဒန်၊ ယီမင်၊ ဟေသီ၊ ကွန်ဂို၊ ပါကစ္စတန်၊ ဘာကီနာဖာဆို၊ မြန်မာ၊ ပါလက်စတိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဆီရီးယားနှင့် ကင်ညာနိုင်ငံတို့ ဖြစ်ကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ခေတ်တွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အခြားအချိန်များထက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေသည့် ကလေးငယ်များ ပိုမိုများလာကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကလေးများနှင့် ၎င်းတို့၏မိသားစုများသည် ပဋိပက္ခဖြစ်ပွားမှုနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများမှ ရောဂါဖြစ်ပွားမှုများနှင့် အာဟာရချို့တဲ့မှုနှုန်းများ မြင့်တက်လာမှုတို့ ရောနှောကာသေစေတတ်သော အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းတွင်လည်း ရာသီဥတုဖောက်ပြန်မှုသည် ယင်းအကျပ်အတည်းများကို ပိုမိုဆိုးရွားစေပြီး ကျပ်တည်းမှုအသစ်များကို ဖြစ်ပေါ်စေကြောင်း UNICEF က ဆိုသည်။

ဆောင်းရာသီတွင် အဝတ်အစားများ ဖြန့်ဝေခြင်း၊ အိုးမဲ့အိမ်မဲ့မိသားစုများအတွက် ဘေးကင်းသောနေရာများ ပံ့ပိုးပေးခြင်း သို့မဟုတ် Ready-To-Use Therapeutic Food (RUTF) ကဲ့သို့သော ကုသမှုများပေးအပ်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယီမင်နိုင်ငံ၊ ဟေတီနိုင်ငံမှ တောင်ဆူဒန်နိုင်ငံအထိ မြေပြင်ကွင်းဆင်း၍ လုပ်ဆောင်နေကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းပဋိပက္ခများ ပိုမိုနက်ရှိုင်းလာသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့် ကလေးငယ်ပေါင်း ၅ ဒသမ ၆ သန်းခန့်ရှိကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်အခွင့်အရေးများ ဆိုးရွားစွာချိုးဖောက်ခံရမှုများရှိနေပြီး စာသင်ကျောင်းများနှင့် ဆေးရုံများ တိုက်ခိုက်ခံရမှုမှာ စိုးရိမ်ဖွယ်ရာအဆင့်တွင် ဆက်လက်တည်ရှိနေကြောင်းနှင့် ပြည်တွင်းပဋိပက္ခသည် ပုံမှန်ကာကွယ်ဆေးထိုးခြင်းအပါအဝင် ကလေးငယ်များအား ကျန်းမာရေးဝန်ဆောင်မှု ပေးအပ်နေသည့်အပေါ် အားနည်းစေသောကြောင့် ရေရှည်တွင်ကလေးများ၏ ကျန်းမာရေးနှင့် သာယာရေးတို့ကို ထိခိုက်စေနိုင်ကြောင်း UNICEF က ထုတ်ပြန်သည်။

ထို့ပြင် ကာကွယ်ဆေးမထိုးရသေးသော ကလေးအရေအတွက် များပြားသဖြင့် UNICEF က လိုအပ်နေသော ကလေးအားလုံးအတွက် အပြည့်အဝကာကွယ်ဆေးထိုးနှံမှု ပြန်လည်စတင်နိုင်ရန် လုပ်ဆောင်နေကြောင်း၊ UNICEF အနေဖြင့် ကလေးများ ဘေးကင်းသောသင်ကြားရေးပတ်ဝန်းကျင်သို့ ရောက်ရှိစေရန်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးများအား ပေါက်ကွဲစေတတ်သော လက်နက်များအန္တရာယ်နှင့်ပတ်သက်၍ ပညာပေးရန်အတွက် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း UNICEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent