ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအထိန်းသိမ်းခံများအား ခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုချက်သည် မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း NLD ပါတီ ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအထိန်းသိမ်းခံများအား ခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုချက်သည် မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း NLD ပါတီ ထုတ်ပြန်
Published 27 December 2022

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအထိန်းသိမ်းခံများအား ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုချက်သည် မြန်မာနိုင်ငံတည်ငြိမ်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ပြန်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုခဲ့သော ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထုတ်ပြန်ရာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အား ချမှတ်အတည်ပြုနိုင်ခဲ့ခြင်းသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရယူနိုင်ပြီးနောက်ပိုင်း မြန်မာ့အရေးနှင့်ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပထမဆုံးသော ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လှိုက်လှဲစွာကြိုဆိုကြောင်း ဖော်ပြထားသည်။

ဆုံးဖြတ်ချက်မူကြမ်းကို ဦးဆောင်ရေးဆွဲ၍ အတည်ပြုချက်ရရှိနိုင်ရေး ကြိုးပမ်းပေးခဲ့သော ဗြိတိန်နိုင်ငံနှင့် ၀ိုင်းဝန်းဆွေး နွေးပေးခဲ့ကြသော လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကိုလည်း ကျေးဇူးအထူးတင်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် အာဆီယံအဖွဲ့၏ ဘုံသဘောတူညီချက် ငါးချက်ကို အခြေခံမှုသည် ပြည့်စုံလုံလောက်မှုမရှိသော်လည်း ပြဿနာများပြေလည်ရေး လမ်းစဖြစ်လာနိုင်သဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပိုမိုတက်ကြွစွာ အချိန်ကာလတစ်ခု သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။            

နှစ်ပေါင်း ၇၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်  မြန်မာ့အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ဒီဇင်ဘာ ၂၁ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မဲခွဲအတည်ပြုခဲ့ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ဖမ်းဆီးခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

“မိမိတို့အနေနဲ့ ဒီဆုံးဖြတ်ချက် အဆိုမူကြမ်းကို အပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ထားတယ်ဆိုတာကို လုံးဝသံသယမရှိဖို့ ဒီကနေ့မှာ တပ်မတော်ကို ပြတ်ပြတ်သားသား မက်ဆေ့ခ်ျပေးလိုက်တာဖြစ်တယ်” ဟု ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲအတည်ပြုပြီးနောက် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာဝုဒ်ဝါ့ဒ်က ပြောကြားသည်။ အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်က ရေးဆွဲခဲ့ခြင်းဖြစ်သည်။

“မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ သဘောထားဆန္ဒတွေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ရှေးရှုပြီးတော့ မိမိတို့အနေနဲ့ တိုးတက်မှုတွေကို ရှာဖွေနေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မက်ဆေ့ခ်ျပေးလိုက်တာဖြစ်တယ်” ဟုလည်း အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့်ပတ်သက်၍ ကာလကြာမြင့်စွာ ကွဲလွဲမှုများရှိနေခဲ့ကာ ပြင်းထန်သော တုံ့ပြန်ဆောင်ရွက်မှုများကို တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ထားသည်။ ဒီဇင်ဘာ ၂၁ ရက် မဲခွဲဆုံးဖြတ်မှုတွင် တရုတ်၊ ရုရှားနှစ်နိုင်ငံစလုံးနှင့် အိန္ဒိယတို့က မဲမပေးဘဲ ကြားနေခဲ့ကာ ကျန်အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်မှုတွေ ရှိနေတုန်းပါပဲ။ ဒီအရေးကိစ္စကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တဲ့ နည်းလမ်းမရှိပါဘူး။ အဆုံးသတ်မှာ သင့်တင့်လျောက်ပတ်စွာဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုတာဟာ အခြေခံအားဖြင့် မြန်မာနိုင်ငံအပေါ်မှာပဲ မူတည်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကျန်းကျွင်းက ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို အတည်ပြုခြင်းထက် တရားဝင်ကြေညာချက်ထုတ်ပြန်ရေးကို တရုတ်နိုင်ငံက လိုလားခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်ဆီလီနီဘန်ဇီယာက မြန်မာနိုင်ငံ၏ အခြေအနေသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည်ဟု ရုရှားနိုင်ငံက မယူဆကြောင်းနှင့် ၎င်းကိစ္စရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဖြေရှင်းသင့်သည်ဟု မယူဆကြောင်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင်ကမူ ၎င်းဆုံးဖြတ်ချက် အဆိုမူကြမ်းကို အတည်ပြုနိုင်ခဲ့သည့်အပေါ် ကြိုဆိုခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံ၏အကျပ်အတည်းကိုဖြေရှင်းရန် လုံခြုံရေးကောင်စီ၏ အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent