မော်လမြိုင် - ရန်ကုန် ညရထား ပြေးဆွဲနေမှုအား ယာယီဖျက်သိမ်း

မော်လမြိုင် - ရန်ကုန် ညရထား ပြေးဆွဲနေမှုအား ယာယီဖျက်သိမ်း
Published 19 December 2022
ဘိုဘိုမြင့်

မော်လမြိုင် - ရန်ကုန် ညရထား ပြေးဆွဲနေမှုအား ဒီဇင်ဘာ ၁၈ ရက်မှစတင်ကာ ယာယီဖျက်သိမ်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။

မော်လမြိုင်ဘူတာမှ ညစဉ်ပြေးဆွဲလျက်ရှိသော အမှတ် (၈၂) ရက် အစုန် မော်လမြိုင် - ရန်ကုန် ညရထားအား ဒီဇင်ဘာ ၁၈ ရက်မှစ၍ ပြေးဆွဲမှုအား ယာယီဖျက်သိမ်းလိုက်ကြောင်း နှင့် ညရထားခရီးစဉ်အတွက် ကြိုတင်ဝယ်ယူထားသော အထက်တန်းလက်မှတ်ခများကို လက်မှတ်ရုံတွင် လက်မှတ်ခငွေများအား ပြန်လည်ပေးချေနေပြီးဖြစ်ကြောင်း အဆိုပါ မော်လမြိုင်ဘူတာကြီး လူမှုကွန်ရက်စာမျက်နှာပေါ်ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့ကြောင့် မော်လမြိုင်ဘူတာကြီးမှ နံနက် (၉) နာရီ မော်လမြိုင် မှ ရန်ကုန်သို့ ပြေးဆွဲလျက်ရှိသော  နေ့အမြန်လေအိတ်ရထားတစ်စင်းထဲသာ နေ့စဉ် အစုန်/အဆန်ပြေးဆွဲပေးလျက်ရှိကြောင်း နှင့် ယင်းရထားခရီးစဉ်အတွက် အထက်တန်း (အထူးတန်း) လက်မှတ်များအား (၃) ရက်ကြိုတင်ရောင်းချကာ၊ ရိုးရိုးတန်းလက်မှတ်များအား (၁) ရက် ကြိုတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစုန် မော်လမြိုင် - ရန်ကုန် ညရထားမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်မှသာ ပြန်လည်ပြေးဆွဲပေးခဲ့သည့် ရထားခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

ညရထားက အချိန်ကုန်၊ ငွေကုန်သက်သာတော့ လူတွေက စီးကြတာများတယ်။ အခုတော့ နေ့ရထားတစ်စီးတည်းကျန်တော့ သွားရေးလာရေးက ခက်ခဲနေဦးမှာပါ ဟု ခရီးသွားပြည်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ဒီဇင်ဘာလ (၁၃) ရက် ည (၆) နာရီ (၄၅) မိနစ်ခန့်က သထုံမြို့နယ် ကလိကျွန်းကျေးရွာ နှင့် တံတားဦးကျေးရွာကြားတွင် သထုံဘက်မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် အမှတ် (၂၇၂) အစုန် ကုန်တင်ရထားမှာ မိုင်းခွဲခံရသည့်အတွက် အတွဲ (၁၅) တွဲပါရှိသော ကုန်တင်ရထားမှ အတွဲ (၉) တွဲမှာ တိမ်းမှောက်ခဲ့ပြီး၊ အတွဲ (၃) တွဲမှာ တိမ်းစောင်းသွားကြောင်း၊ ရထားလမ်းနှင့် ချောင်းကူးတံတားတစ်စင်းမှာလည်း ပျက်ဆီးမှုများရှိခဲ့ကြောင်း သိရသည်။

ထို့အတွက်ကြောင့် ဒီဇင်ဘာလ (၁၃) ရက် ည (၈) နာရီအချိန်တွင် မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် ရထားခရီးစဉ် နှင့် ဒီဇင်ဘာလ (၁၄) ရက် နံနက် (၉) နာရီနှင့် ည (၈) နာရီအချိန်များတွင် မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် ရထားခရီးစဉ်များဖျက်သိမ်းခဲ့ရပြီး ရထားလက်မှတ်ခများအား ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် (၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၅) ရက် ည (၈) နာရီအချိန်ခန့်ကလည်း ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ မုကျိကျေးရွာ မဟာဗောဓိ ပေါ်တော်မူစေတီတော်အနောက်ဘက်အနီးရှိ ရန်ကုန် - မော်လမြိုင် မီးရထားလမ်း မိုင်တိုင်အမှတ် (၁၆၂/၈) အနီးရှိ တံတားအမှတ် (၁၂၅) မှာ မိုင်းဖောက်ခွဲ ဖျက်ဆီးခံခဲ့ရဖူးကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်၊ ည (၁၁) နာရီအချိန်ခန့်က မော်လမြိုင် မှ ရန်ကုန် သို့ထွက်ခွာလာသော လူစီးမီးရထားမှာ ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာအနီး ရထားလမ်းမိုင်းခွဲခံရသည့်အတွက် ရထားလမ်းပျက်ဆီးကာ ရထားတွဲ နှစ်တွဲ လမ်းချော်ခဲ့ကြောင်း သိရသည်။