လေဒီဂါဂါ၏ခွေးကျောင်းသူကို သေနတ်ဖြင့်ပစ်ပြီး ခွေးနှစ်ကောင်ခိုးသွားသည့် ခွေးသူခိုးကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်

လေဒီဂါဂါ၏ခွေးကျောင်းသူကို သေနတ်ဖြင့်ပစ်ပြီး ခွေးနှစ်ကောင်ခိုးသွားသည့် ခွေးသူခိုးကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်
Photo : Daily Mail
Photo : Daily Mail
Published 7 December 2022

အဆိုတော်လေဒီဂါဂါ၏ခွေးထိန်းကို သေနတ်ဖြင့်ပစ်ခတ်ပြီး ခွေးများခိုးယူသွားခဲ့သည့် ခွေးသူခိုးကို ဒီဇင်ဘာ ၅ ရက်တွင် ထောင်ဒဏ် ၂၁ နှစ်ချမှတ်လိုက်ပြီဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ဂျိမ်းစ်ဟောင်းဝါ့ဒ် ဂျက်ဆင်သည်  ၂၀၂၁ ခုနှစ်က လော့စ်အိန်ဂျလိစ်တွင် လေဒီဂါဂါ၏တန်ဖိုးကြီးပြင်သစ် ခွေးဘီလူးများကို ပြန်ပေးဆွဲရန် ရည်ရွယ်ချက်ဖြင့် ခွေးကျောင်းထွက်သူ ရိုင်ယန်ဖစ္စချာကို ပစ္စတိုသေနတ်ဖြင့်ပစ်ခဲ့မှုအတွက် ဖမ်းဆီးခံထားရသူဖြစ်သည်။ ဂါဂါ၏ခွေးများကို ပြန်ပေးဆွဲမှုတွင် ၎င်းင်းအပါအဝင်အမျိုးသားသုံးဦး အမှုဖွင့်ခံခဲ့ရသည်။နောက်နှစ်ဦးက ပြစ်ဒဏ် ကျခံနေပြီဖြစ်သည်။

အခင်းဖြစ်သည့်နေ့က ကျူးလွန်သူနှစ်ဦး ကားတစ်စီးထဲမှထွက်လာကာ ခွေးကျောင်းသူ ဖစ္စချာကို သေနတ်ဖြင့်ထောက်လျက် ခွေးများပေးရန်အကျပ်ကိုင်ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ရင်း ဖစ္စချာသေနတ်ထိမှန်ခဲ့သည်။ ကျူးလွန်သူများက ကိုဂျီနှင့် ဂူစတပ်ဗ်ဆိုသည့် ခွေးနှစ်ကောင်ကို ယူပြေးသွားခဲ့သည်။

မစ်အေးရှားဆိုသည့် နောက်ခွေးတစ်ကောင်က ထွက်ပြေးသွားပြီးနောက်မှ ဖစ္စချာထံပြန်လာခဲ့သည်။ ၎င်းသည် ရင်ဘတ်တွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရလိုက်သည်။ တစ်လအကြာတွင် ၎င်းက အဆုတ်ထိသွားသည်ဟု အင်စတာဂရမ်တွင်ရေးခဲ့သည်။

အခိုးခံလိုက်ရသည့်ခွေးနှစ်ကောင်ကို ပြန်ရရေးအတွက် ဂါဂါသည် အမေရိကန်ဒေါ် လာငါးသိန်း ဆုတော်ငွေထုတ်ခဲ့ပြီး အခင်းဖြစ်ပြီးနှစ်ရက်အကြာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ခွေးနှစ်ကောင်ကို ရဲတပ်ဖွဲ့ ထံလာအပ်ခဲ့သော်လည်း အလိုတူအလိုပါအဖြစ် အဖမ်းခံခဲ့ရသည်။

ရဲတပ်ဖွဲ့၏သုံးသပ်မှုက ကျူးလွန်သူများသည် ပိုင်ရှင်ကနာမည်ကျော်ပုဂ္ဂိုလ်ဖြစ်နေသည့်အတွက် ခွေးများကိုပစ်မှတ်ထားခြင်း မဟုတ်ဘဲ၊ ပြန်ရောင်းလျှင် ဒေါ်လာထောင် ချီရမည်ကို သိနေသည့်အတွက် ခိုးသွားခြင်း ဖြစ်သည်ဟုဆိုသည်။

ပြင်သစ်ခွေးဘီလူးများသည် အကောင်သေးပြီး လူနှင့်မစိမ်းသည့်အတွက် ဖမ်းရလွယ်သည်။

ဂျက်ဆင်ကို ပြီးခဲ့သည့်ဧပြီတွင် အာဏာပိုင်များက မှားပြီးပြန်လွှတ်ပေးမိလိုက်သေးသည်။ နောက်မှ ပြန်မိသွားခြင်းဖြစ်ပြီး သတင်းပေးနိုင်သူကို အမေရိကန်တရားရေးဌာနလက်အောက်ရှိ US Marshals Service ဗျူရိုက အမေရိကန်ဒေါ်လာငါးထောင် ဆုတော်ငွေပေးမည်ဟုပင် ကြေညာခဲ့သည်။

Most Read

Most Recent