မြန်မာနို်င်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိသည်ကို မြင်တွေ့ရရန် ဆက်လက်လုပ်ဆောင်နေပြီး ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်စေရန် အာဆီယံနှင့်အတူ လုပ်ဆောင်နေကြာင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

မြန်မာနို်င်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိသည်ကို မြင်တွေ့ရရန် ဆက်လက်လုပ်ဆောင်နေပြီး ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်စေရန် အာဆီယံနှင့်အတူ လုပ်ဆောင်နေကြာင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား
နိုဝင်ဘာ ၁၂ ရက်က ဖနွမ်ပင်မြို့တွင် ကျင်းသည့် အမေရိကန်- အာဆီယံအစည်းအဝေးတွင် အမေရိကန်သမ္မတအားတွေ့ရစဉ် (Photo-AFP)
နိုဝင်ဘာ ၁၂ ရက်က ဖနွမ်ပင်မြို့တွင် ကျင်းသည့် အမေရိကန်- အာဆီယံအစည်းအဝေးတွင် အမေရိကန်သမ္မတအားတွေ့ရစဉ် (Photo-AFP)
Published 14 November 2022
Ref:Reuters

နိုဝင်ဘာ ၁၂ ရက်က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော အမေရိကန်-အာဆီယံထိပ်သီးတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်-အာဆီယံသဘောတူညီချက်အသစ်သည် မိမိတို့ခေတ်၏အကြီးမားဆုံးပြဿနာများကို ဖြေရှင်းရေးအတွက် အရေးပါသော ခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည့်အပြင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့်မိမိတို့၏ လုပ်ဖော်ကိုင်ဖက်အားလုံးအတွက် အာဆီယံဗဟိုုုုပြုရေးကိစ္စ၌ အာဆီယံအနေဖြင့် အလွန်အရေးကြီးသောအရာကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

မိမိတို့ခေတ်၏ အကြီးမားဆုံးပြဿနာများဆိုသည်မှာ ယူကရိန်းစစ်ပွဲ၊ ရာသီဥတုပြဿနာ၊ ထိုင်ဝမ်ရေလက်ကြားတင်းမာမှု၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် မြောက်ကိုရီးယားဒုံးကျည်များ ပစ်လွှတ်နေမှုတို့ဖြစ်သည်ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိတာကို မြင်ရဖို့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ထုတ်ပြန်ထားတဲ့ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်စေဖို့ အာဆီယံနဲ့အတူ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ လူမှုရေးနှင့် နိုင်ငံရေးပြဿနာများ ပြင်းထန်လာသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သိသာသော တိုးတက်မှုရရှိအောင် လုပ်ဆောင်ရမည် သို့မဟုတ်  အာဆီယံအစည်းအဝေးများမှ ပိတ်ပင်ခံရမည့်အန္တရာယ်ရှိနေသည်ဟု အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၁ ရက်တွင် သတိပေးခဲ့သည်။

လွန်ခဲ့သောနှစ်တွင် ပူးတွဲသဘောတူညီထားသော အချက်ငါးချက်ပါ ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်နှင့်စပ်လျဉ်း၍ တိုးတက်မှုနည်းနည်းရရှိခဲ့ပြီးနောက် အာဆီယံခေါင်းဆောင်များက သတ်မှတ်အချိန်ဇယားနှင့် အတူခိုင်မာလက်တွေ့ကျ၍သိသာသောအရာများ လိုအပ်နေသည်ဟု ကောက်ချက်ဆွဲခဲ့ကြကြောင်း အရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လွန်ခဲ့သောနှစ်မှစတင်၍ မြန်မာတပ်မတော်ခေါင်းဆောင်များကို အာဆီယံထိပ်တန်းအစည်းအဝေးများမှ ပိတ်ပင်ထားသည့် အာဆီယံအနေဖြင့် အစည်းအဝေးအဆင့်အားလုံးတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကို ပြန်လည်သုံးသပ်မည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

နိုဝင်ဘာ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင်ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံ၏ ထိုင်ခုံသည် လွတ်နေခဲ့့သည်။

နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်သည် နစကအစိုးရကို ပြင်းပြင်းထန်ထန်သတင်း စကားပါးမှု သို့မဟုတ် သတိပေးမှုပင်ဖြစ်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပျက်ပြားရခြင်းအတွက် တပ်မတော်ကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်း လွန်ခဲ့သောသီတင်းပတ်တွင် ပြောကြားခဲ့သော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီက ပြောကြားသည်။

“မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်က အဓိကအားဖြင့် လုပ်ဆောင်ခဲ့တဲ့ စေ့စပ်ညှိနှိုင်းမှုကို ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အလွတ်သဘောပုံစံနဲ့လုပ်ဆောင်မယ်” ဟု အာဆီယံခေါင်းဆောင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသည် NUG ၏ကိုယ်စားလှယ်များကို တွေ့ဆုံမည့်အနေအထား ဖြစ်လာစေနိုင်ကြောင်းနှင့် NUG အဖွဲ့က ၎င်းတို့သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖွဲ့အဖြစ် ၎င်းတို့ကိုယ်တိုင်သတ်မှတ်ထားသည်ဆိုသော်လည်း နစကအစိုးရကမူ NUG အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် မှတ်ယူထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အာဆီယံ၏ အကြံပြုချက်များကို လိုက်နာမည်မဟုတ်ဟု ဖော်ပြခဲ့သည်။

Most Read

Most Recent