ကွန်မြူနစ်ပါတီညီလာခံအကြို အနှောင့်အယှက်များနှင့် တရုတ်အစိုးရ၏ကိုင်တွယ်မှု

ကွန်မြူနစ်ပါတီညီလာခံအကြို အနှောင့်အယှက်များနှင့် တရုတ်အစိုးရ၏ကိုင်တွယ်မှု
Photo: AFP
Photo: AFP
Published 15 October 2022
ခက်ဝေ

တရုတ်သမ္မတရှီကျင်းပင်နှင့် တရုတ်အစိုးရ၏ ကိုဗစ်ပေါ်လစီများကို ရှုတ်ချသည့် ဆန္ဒပြမှုများ ပေကျင်းတွင် ရှားရှားပါးပါးပေါ် ပေါက်လာခဲ့ရာ ကွန်မြူနစ်ပါတီညီလာခံမတိုင်မီ အောက်တိုဘာ ၁၄ ရက်တွင် တရုတ်အင်တာနက် စိစစ်စောင့်ကြည့်သူများက အဆိုပါဆန္ဒပြမှုနှင့်ဆက်စပ်သည့် သတင်း အကြောင်းအရာ၊ စကားလုံးအားလုံးနီးပါးကို ဖယ်ရှားဖြတ်တောက်ခြင်းများ လုပ်ဆောင်ထားသည်။

သမ္မတရှီကျင်းပင်ကို ပါတီခေါင်းဆောင် တတိယသက်တမ်း ထပ်မံအပ်နှင်းနိုင်ဖွယ်ရှိသည့် တရုတ်ကွန်မြူနစ်ပါတီညီလာခံအစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်တွင် စတင်တော့မည်ဖြစ်သည့်အတွက် ၎င်းညီလာခံမတိုင်မီ မည်သည့်အနှောင့်အယှက်မှမဖြစ် ရလေအောင် ပေကျင်းတွင် သတိကြီးစွာဖြင့် တပ်လှန့်ထားသည်။

ပါဆယ်ထုပ်များ၊ မြေအောက်ရထားဖြင့် ခရီးဝေးအလုပ်ဆင်းသူများမှာ ပိုမိုစောင့် ကြည့်စစ်ဆေးခံနေရပြီး ရပ်ကွက်တိုင်းတွင်  ထူးခြားမှုတစ်စုံတစ်ရာကို သတင်းပေးပို့ရန် စောင့်ကြည့်နေသူများလည်း ရှိသည်။

ထိုသို့တင်းကျပ်နေသည့်ကြားက ကွန်မြူ နစ်ပါတီ၏ပေါ်လစီများကို ရှုတ်ချထားသည့် အရေးအသားပါ စာတန်းနှစ်ခုကိုပေကျင်း တံတားတစ်ခုပေါ်တွင် ဆန္ဒပြသူတစ်ဦး တပ်ဆင်နေသည်ကို မြင်ရသည့်  ဗီဒီယို၊ဓာတ်ပုံများ အောက်တိုဘာ ၁၃ ရက်ကဆိုရှယ်မီဒီယာတွင် ပျံ့လာခဲ့သည်။

“ကိုဗစ်စစ်ဆေးမှု အလိုမရှိ၊ ဝမ်းစာသာ ငါတို့ရှာချင်သည်။  လော့ဒေါင်းအလိုမရှိ၊ လွတ်လပ်မှုသာငါတို့လိုချင်သည်။ ငါတို့သည် ကျွန်မဖြစ်လို၊ နိုင်ငံသားတစ်ဦးသာ ဖြစ်လိုသည်” ဟုစာတန်းတစ်ခုတွင်ရေးထားသည်။

နောက်စာတန်းတစ်ခုကမူ ပြည်သူများ ဆန္ဒဖော်ထုတ်ကြရန်နှင့် အာဏာရှင်ရှီကျင်းပင်ကို ဖယ်ရှားရန်ဆိုသည့် လှုံ့ဆော်စာများရေး သားထားသည်။ ထို့ပြင် တံတားပေါ်တွင် မီး ခိုးများလွင့်နေပုံနှင့် စာတန်းများကိုဖြုတ်ချမည့် ရဲများ အပြေးအလွှားရောက်လာပုံများလည်း အွန်လိုင်းတွင် တက်လာခဲ့သည်။

“အဲဒီနေ့ကဖြစ်တာကို မြင်လိုက်သူတွေ  အများကြီးရှိတယ်”ဟု အနီးတွင်အလုပ်လုပ်သည့် အမျိုးသားတစ်ဦးက AFP ကိုပြောသည်။ စာတန်းများလွှင့်ပြီး မကြာမီပင် ဖြုတ် ချခံလိုက်ရသည်ဟုလည်း ၎င်းက ဆိုသည်။

 

ဆန္ဒပြမှုနှင့် အထိအတွေ့စိမ်းသည့် ပေကျင်း

မြို့တော်ပေကျင်းတွင် ပြည်သူများက ဆန္ဒပြသည်မှာ ကြုံခေါင့်ကြုံခဲဖြစ်ပြီးဆန့်ကျင်အာခံသူများသည် ကြီးလေးသည့်အပြစ်ပေးမှုမျိုး ကြုံရတတ်သည်။

အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းတွင် တရုတ်လူမှုမီဒီယာအာဏာပိုင်များက ဆန္ဒပြ မှုနှင့်သက်ဆိုင်သည့် ပို့စ်များ၊ စာလုံးများကို ဖယ်ရှားလိုက်ပြီး “Sitong Bridge” (ဆန္ဒပြ စာတန်းများချိတ်ဆွဲခံရသည့် ဆစ်ထုံမိုးပျံ လမ်းတံတား)ဆိုသည့်စာလုံးလည်းပါခဲ့သည်။ 

ဝေပိုလူမှုကွန်ရက်တွင် “Beijin”ဆိုသည့် စကားလုံးရှာဖွေမှုပင်လျှင် ရှာဖွေရမလွယ်ကူတော့ဘဲ  “I Saw It” ဆိုသည့် စကားရပ်အပြင် ဆန္ဒပြမှုကိုသွယ်ဝိုက်သည့် အသုံးအ နှုန်းများရှာဖွေကြည့်၍မရတော့ပေ။ ဝေပိုသုံးစွဲသူများ ပြောဆိုဆွေးနွေးကြသည့် အသုံး အနှုန်းများထဲတွင် “I Saw It”လည်း တစ်ခု အပါအဝင်ဖြစ်သည်။

AFP သတင်းထောက်များ မြင်တွေ့မှုအရ အောက်တိုဘာ ၁၄ ရက်က ဆစ်ထုံ တံတားအနီးတစ်ဝိုက်တွင် နဂိုကထက် လုံခြုံရေးအစောင့်အကြပ် ပိုမိုထူထပ်ခဲ့ပြီး လူကူးတံ တားငယ်များ၌ပင် လုံခြုံရေးအချို့ရှိနေခဲ့ သည်။ ဟောင်ကောင်တွင် ယခင်က တရုတ် ပြည်မကြီးရှိဆန္ဒပြမှုသတင်းများကို အကျယ်တဝင့် ဖော်ပြတတ်သည့် မီဒီယာရှိခဲ့သော်လည်း ယခု တံတားပေါ် ဆန္ဒပြမှုသတင်းကို မည်သည့် အထင်ကရဟောင်ကောင်သတင်းစာကမျှ မဖော်ပြပေ။

ဆန္ဒပြမှုဖြစ်သည့်နေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းတွင် ဒီဂျစ်တယ်မီဒီယာ HK01 က ထိုသတင်းကို ဖော်ပြလိုက်သေးသည်။ သို့သော်နောက်ပိုင်းတွင် ဖြုတ်ချလိုက်သည်။ ဟောင်ကောင်မီဒီယာလောကသည် တရုတ်၏ဖိနှိပ်မှုကို ပယ်လှန်နိုင်စွမ်းမရှိပေ။ 

အောက်တိုဘာ ၁၆ ရက်တွင် စတင်မည်ဖြစ်ပြီး သီတင်းပတ်ချီ ကြာမြင့်မည့် အကြိမ် ၂၀ မြောက် ကွန်မြူနစ်ပါတီညီလာခံအတွက်

ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီကိုယ်စားလှယ်အရေအတွက် ၂,၃၀၀ ခန့် ပေကျင်းသို့ ရောက်နေကြမည်ဖြစ်သည်။ 

တရုတ်သမ္မတရှီကျင်းပင်သည် ဆယ်စုနှစ်များစွာ ရှိခဲ့သည့် အစဉ်အလာကို ချိုးဖောက်ကာ ပါတီခေါင်းဆောင်နေရာကို တတိယအကြိမ် ထပ်ရဖွယ်ရှိနေမှုက ၎င်း၏ခိုင်မြဲပြီးသား အာဏာကို ဆက်လက်အား ကောင်းလာစေတော့မည်ဖြစ်သည်။

အရေးကြီးအခမ်းအနားများ နီးကပ်လာလျှင် မြို့တော်ပေကျင်း၌ လုံခြုံရေးအစီအမံများ တင်းကျပ်ထားလေ့ရှိပြီး လမ်းအဆင့် လုံခြုံရေးပင်လျှင် သာမန်ထက် ပိုနေတတ်ကာ ကွန်မြူနစ်ပါတီညီလာခံကျင်းပပြုလုပ်မည့်  Great Hall of the People အဆောက်အအုံ အနီး မြေအောက်ဘူတာများ၊ ရပ်ကွက်များတွင် လုံခြုံရေးရဲများ ရှိနေတတ်သည်။

ငြီးငွေ့လာသည့် ပြည်သူများ

အခြားနိုင်ငံများတွင်  ကိုဗစ်ထိန်းချုပ်ရေးအစီအမံများကို ဖြေလျှော့ပေးထားသည်မှာ ကြာလှပြီဖြစ်သော်လည်း ပြင်းထန်သည့် လော့ဒေါင်းများ ၊ ကွာရန်တင်းစည်းကမ်းများဖြင့် အတောမသတ်နိုင်သည့် အစိုးရ၏ “Zero Covid” ပေါ်လစီကြောင့် သာမန်တရုတ်ပြည်သူများ ငြီးငွေ့စိတ်ကုန်နေကြသည်။

အထူးသဖြင့် ကွာရန်တင်းစခန်းများသို့ သွားပို့သည့်ဘတ်စ်ကား ယာဉ်တိုက်မှုဖြစ်ပြီး လူ၂၇ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်မျိုးအပါအဝင် လတ်တလောဖြစ်စဉ်အချို့သည်  ပြည်သူများ၏ ဒေါသမီးကို ပိုမိုတောက်လောင်စေခဲ့သည်။

ထိုစိတ်နေခံစားချက်များက တရုတ်နိုင်ငံ ပိုင်မီဒီယာနှင့် အဖွဲ့အစည်းများက ထုတ်လွှင့်ပြသနေသည့် ၂၀ ကြိမ်မြောက် ပါတီညီလာခံအထိမ်းအမှတ် ဖော်ပြချက်များ၊ ထုတ်လွှင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မည်ဖြစ်သည်။

ပါတီညီလာခံအထိမ်းအမှတ် အနီရောင် အောင်လံစာတန်းများ ပေကျင်းတွင် ဝေဆာ လွင့်ပျံနေပြီးလူသုံးများသည့် မိုဘိုင်းအက်ပလီကေးရှင်းများ၌ အနီရောင်ကာလာပြောင်း ထားပြီဖြစ်သည်။

သမ္မတရှီကျင်းပင်အုပ်ချုပ်သည့် ပြီးခဲ့သည့် ၁၀ နှစ်တာအတွင်းအကြီးမားဆုံး တိုးတက်မှုများကိုပေါင်းစည်းဖော်ပြချက်များအား ပရိသတ်ကြည့်ရှုမှုအများဆုံးအချိန်များ၌ ထုတ်လွှင့်ပြသလျက်ရှိပြီးအလားတူ ပြပွဲအခမ်းအနားများလည်း တရုတ်နိုင်ငံတစ်ဝန်းတွင် စည်စည်ကားကားကျင်းပနေသည်။

Most Read

Most Recent