အကြွင်းမဲ့အာဏာ (Absolute Power)

အကြွင်းမဲ့အာဏာ (Absolute Power)
Published 10 October 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူသည် မြန်မာနိုင်ငံ အပူပိုင်းဒေသ ကျေးလက်နေ ပြည်သူ ပြည်သားများ၏ စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရ ပြည့်ဝစေရေး အခြေအနေကို လေ့လာဆန်းစစ်ရန်အတွက် ကွင်းဆင်းလေ့လာခြင်းများကို ပါဝင်ဆောင်ရွက်ခွင့် ရရှိခဲ့ပါ သည်။ အဆိုပါ လေ့လာခြင်းစစ်တမ်းတွင် နိုင်ငံတကာ အတိုင်ပင်ခံအရာရှိအဖြစ် အင်္ဂလန်နိုင်ငံသူ ပညာတတ် လူငယ် မိန်းကလေး၊ အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်အသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့သူတစ်ဦးလည်း ပါဝင်ခဲ့ပါသည်။ ကွင်းဆင်းလေ့လာခြင်းမပြုမီ သင်တန်းပေးချိန်များတွင် စာရေးသူအနေဖြင့် မြန်မာနိုင်ငံ ကျေးလက်ဒေသများ၏ အခြေအနေ၊ ဆက်စပ် စဉ်းစားသင့်သည့် အကြောင်းအရာ အခြေအနေများ (Contexts) ကို ရှင်းလင်း တင်ပြခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အပူပိုင်းဇုန်တွင်ပါဝင်သော ကျေးရွာများကို ကွင်းဆင်းလေ့လာသည့်အချိန်တွင်မူ ဖော်ပြပါ အတိုင်ပင်ခံအရာရှိ မိန်းကလေးသည် စာရေးသူအား အပြင်းအထန် ဝေဖန်အပြစ်တင်ပါတော့သည်။ ပြောကြားသည်မှာ “မင်းတို့လို အခြေအနေကို သိတဲ့သူတွေ ရှိနေပါလျက်နဲ့ ကိုယ့်ရဲ့ ကျေးလက်နေ ပြည်သူပြည်သား အများစုမှာ ယခုကဲ့သို့ ဝမ်းရေးဖူလုံ ရုံမျှအဆင့်အတန်း (Subsistence Level)၊ အချို့ဆိုရင် အပြင်းအထန်ဆုံး ထိခိုက်ခံစားလွယ်သည့် အဆင့်အတန်း (Most Vulnerable Level) တွင် ရောက်ရှိနေရတယ်။ လူမှုဒုက္ခအပေါင်းကို ခါးစည်းပြီး ခံစားနေကြရတယ်” စသည်ဖြင့် ပြောဆိုပြီး ကွင်းဆင်းချိန်တွင် တွေ့ရှိရသည်များကို အခြေခံကာ စေတနာနှင့် အပြစ်တင် ပြောကြားခြင်း ဖြစ်ပါသည်။

စာရေးသူက မင်းတို့၏ နိုင်ငံအခြေအနေနှင့် ငါတို့ နိုင်ငံ၏ အခြေအနေမှာ မတူညီကြောင်း၊ လူတစ်ဦး တစ်ယောက် သိမြင်နားလည်ရုံမျှနှင့် တိုင်းပြည်နိုင်ငံတော်အဆင့်သို့ သိမြင်လာစေရေးမှာ တင်ပြရန် မဖြစ်နိုင်ကြောင်း၊ စာရေးသူအနေဖြင့် စာရေးသူ၏ ပတ်ဝန်းကျင်တွင် တည်ရှိနေသည့် လူပုဂ္ဂိုလ်များကို စာရေးသူလေ့လာသိရှိသမျှ၊ တွေ့မြင်ရသည်များကို ရှင်းလင်းတင်ပြပါကြောင်း ပြောပြပါသည်။ ဖော်ပြပါ အတိုင်ပင်ခံအရာရှိ မိန်းကလေး၏ အပြစ်တင် ပြောကြားချက်သည် စာရေးသူအတွက် တာဝန်များကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်စေခဲ့ပါ သည်။ ထိုအချိန်မှ စတင်ကာ စာရေးသူသည် မိမိတတ်သမျှ၊ မှတ်သမျှ အကြောင်းအရာများကို နေ့စဉ်ရေးသားပြီး ငွေကြေးအကုန်အကျခံကာ စာအုပ်ကလေးများအဖြစ် ထုတ်ဝေနိုင်ရန် စတင်ပြင်ဆင်ခဲ့ပါသည်။

ဤတွင်မေးခွန်းမှာ “နေ့စဉ် အပင်ပန်းခံစဉ်းစားပြီး ငွေကြေးအကုန်အကျခံကာ ရေးသားတင်ပြသည့်အတွက် တိုင်းပြည်နိုင်ငံတော် ဖွံ့ဖြိုးပြီး ပြည်သူ ပြည်သားများ ဝမ်းရေးဖူလုံရုံမျှအဆင့်အတန်း (Subsistence Level)၊ အချို့ဆိုရင် အပြင်းအထန်ဆုံး ထိခိုက်ခံစားလွယ်သည့် အဆင့်အတန်း (Most Vulnerable Level) ကနေ လွတ်မြောက်နိုင်၊ ရုန်းထွက်နိုင်ပါမည်လား”

စာရေးသူ၏ အဖြေမှာ “တိုင်းပြည် နိုင်ငံတော် မဖွံ့ဖြိုးနိုင်ပါ။ ပြည်သူပြည်သားများအနေဖြင့်လည်း ဝမ်းရေးဖူလုံရုံမျှ အဆင့်အတန်း (Subsistence Level)၊ အချို့ဆိုရင် အပြင်းအထန်ဆုံး ထိခိုက်ခံစားလွယ်သည့် အဆင့်အတန်း (Most Vulnerable Level) ကနေ လွတ်မြောက်ပြီး ရုန်းထွက်နိုင်ရန် မဖြစ်နိုင်ပါ” သက်ဦးဆံပိုင် ဘုရင်စနစ်ထက်ပင် ရက်စက်ပြင်းထန်ဆိုးရွားသည့် အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ် သို့မဟုတ် အကြွင်းမဲ့အာဏာရှင်စနစ်ကို ကျင့်သုံးအကောင်အထည်ဖော်နေသမျှ ကာလပတ်လုံး တိုင်းပြည်နိုင်ငံတော်၏ အကျိုးနှင့် ပြည်သူပြည်သားများ၏အကျိုးကို ရှေးရှုဆောင်ရွွက်သည့်လုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်လာရန် မဖြစ်နိုင်ပါ။

အနည်းငယ်ရှင်းလင်းတင်ပြပါ မည်။ သက်ဦးဆံပိုင်ရှင်ဘုရင်စနစ်ဆိုသည်မှာ အုပ်ချုပ်ခံ ပြည်သူ ပြည်သားများ၏ အသက်ကို ဘုရင်ကပိုင်သည် ဆိုပါသော်လည်း အမှန်တကယ် ကျင့်သုံးသည့်စနစ်မှာ အမတ်ကြီးများခန့်အပ်ထားရှိပြီး ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအာဏာများကို ရယူထားရှိခြင်းသာ ဖြစ်သည်ဟု လေ့လာသိရှိရပါသည်။ သို့သော် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသည်တို့မှာ ချမှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရသော်လည်း လွတ်လပ်စွာဆောင်ရွက်နိုင်သည့် အခြေအနေဖြစ်သည်ဟု လေ့လာသိရှိရပါသည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော်သည ့် အာဏာရှင် စစ်အုပ်ချုပ်ရေး သို့မဟုတ် အကြွင်းမဲ့အာဏာရှင်စနစ်ဆိုသည်မှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအာဏာများကို လူတစ်ဦး သို့မဟုတ် လူတစ်ဖွဲ့က ရယူထားရှိသည့်အပြင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသည်အလုံးစုံကိုလည်း လူတစ်ဦးလူတစ်ဖွဲ့က ချုပ်ကိုင်ထားရှိသည့် စနစ်ဖြစ်ပါသည်။ မည်သည့် အခန်းကဏ္ဍ၊ မည်သည့်နေရာကိုမျှ အလွတ်မပေးဘဲ ရက်စက်ကြမ်းကြုတ်စွာ ချုပ်ကိုင်သည့် စနစ်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်နေရာဒေသတွင်မျှ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ခြင်းမရှိသည့် စနစ်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အကြွင်းမဲ့အာဏာဆိုသည့် စကားလုံးစကားရပ်ကို အသုံးပြုပြီး တိုင်းပြည်နိုင်ငံတော်အဆင့် မီးမောင်းထိုးတင်ပြခဲ့သည်မှာ ဆရာကြီး ဒေါက်တာမောင်မောင်ဖြစ်ပါသည်။ ဆရာကြီး၏ တင်ပြထားချက်မှာ “အာဏာဟာ လူကို ဖျက်တတ်တယ်။ အကြွင်းမဲ့အာဏာဟာ အကြွင်းမဲ့ ဖျက်တတ်တယ်။ အာဏာရပြန်တော့ ယစ်မူးလာတတ်တယ်။ အာဏာမဲ့နေပြန်တော့ အာဏာကိုပဲ ဆာလောင်မွတ်သိပ်နေတတ်တယ်။ ဒီရောဂါနဲ့ ကင်းတဲ့သူ အင်မတန်ရှားမှာပါ။ အရိယာပုဂ္ဂိုလ်များမှ ဒီရောဂါကို လုံးဝကင်းစင်ကြမှာပါ။” (Reference : 1, pp-512).

ဆရာကြီးက အကြွင်းမဲ့ အာဏာ၏ ဆိုးရွားပြင်းထန်ပုံကို ဖော်ပြခဲ့သည့်အပြင် အကြွင်းမဲ့အာဏာကို ကိုင်တွယ်သုံးစွဲခွင့် ရရှိသူများအား ရောဂါသည်များနှင့် နှိုင်းယှဉ်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဆရာကြီးက အကြွင်းမဲ့အာဏာကို ကိုင်တွယ်သုံးစွဲခဲ့သည့် လူပုဂ္ဂိုလ်ကြီးများအား အပြစ်တင်လိုဟန်မရှိပါ။ ထို့ကြောင့်လည်း ဆရာကြီး လော့(ဒ်) အက်တမ်၏ ပထမစာကြောင်း ကလေးကိုသာ အသုံးပြုပြီး ကျန်စာကြောင်းများကို ချန်လှပ်ထားကာ ကိုယ်ပိုင်အမြင်ကို ထည့်သွင်းထားရှိသည်ဟု ယူဆပါသည်။

အလျဉ်းသင့်သဖြင့် စာရေးသူ နည်းပြဘဝက ဆရာကြီးတစ်ဦး၏ ပြင်းထန်သည့် စကားလုံးစကားရပ်များကို အသုံးပြုကာ လမ်းညွှန်ဆုံးမ ခဲ့သည်ကို စာဖတ်သူများအား တင်ပြပါမည်။ ဆရာကြီးက ရက်စက်ပြင်း ထန်သည့် အကြွင်းမဲ့အာဏာရှင်စနစ်ကို ကျင့်သုံးလျက်ရှိသည့်အချိန်တွင် တက္ကသိုလ်များရှိ ဘာသာရပ်ဆိုင်ရာ ပညာရှင်ကြီးများ၏ ရာထူး၊ အာဏာ၊ ငွေကြေးများအား တမ်းတမက်မောလျက်ရှိနေသည့် ပုံစံများကို ဥပမာပေးကာ ရှင်းလင်းပြောကြား ဆုံးမခဲ့ပါသည်။

ဆရာကြီးက ဘာသာရပ်ဆိုင်ရာ ပညာရှင်ကြီးများအား ခွေးကလေးများနှင့် ဥပမာပေးပြီး ရာထူး၊ အာဏာနှင့် ငွေကြေးတို့ကို လူတို့၏ မစင်တုံးနှင့် ဥပမာပေးကာ ရှင်းလင်းပြောကြားခဲ့သည်မှာ အုပ်ချုပ်သူအာဏာရှင်ကြီးများက ရာထူး၊ အာဏာနှင့် ငွေကြေးတို့အား ကိုယ်စားပြု သည့် လူတို့၏မစင်တုံးကို တုတ်ချောင်းကလေးထိပ်တွင် ထားရှိပြီး နိမ့်ချည် မြင့်ချည် ပြုလုပ်လိုက်လျှင် ဘာသာရပ်ဆိုင်ရာ ပညာရှင်ကြီးများမှာ ခွေးကလေးများကဲ့သို့ ခေါင်းတဆတ်ဆတ်နှင့် ရရှိနိုင်ရန် လက်လှမ်းမီနိုင်ရန် ပြုမူလျက်ရှိကြသည်မှာ ပြင်ပမှ ကြည့်မြင်နေရသူများအဖို့ ရှက်ဖွယ်လိလိ ဖြစ်နေကြောင်း ပြောပြပြီး မင်းတို့လည်း ဖော်ပြပါအခြေအနေကို သတိပြုသင့်ကြောင်း ပြောဆို ဆုံးမခဲ့ပါသည်။

ယခုဆောင်းပါးတွင် ပါဝင်သည့် အကြောင်းအရာများသည် တိုင်းပြည်နိုင်ငံတော်အကျိုးနှင့် ပြည်သူ ပြည်သားများ၏အကျိုးကို ရှေးရှုတင်ပြမည်ဖြစ်ပါသဖြင့် စာဖတ်သူများအနေဖြင့် ယခင်အချိန်ကာလများက လေ့လာသိမြင်ခဲ့ရသည့် သတင်းအချက်အလက်များသည် အခြေခံအားဖြင့် တူညီမည် ဖြစ်ပါသော်လည်း ရှုမြင်တင်ပြမည့် အခြေအနေများမှာ လွန်စွာကွဲပြား ကွာခြားသွားမည် ဖြစ်ပါသည်။ စာရေးသူ၏ တင်ပြချက်များကို ဖတ်ရှုလေ့လာကာ စာဖတ်သူများက တိုင်းပြည် နိုင်ငံတော်အကျိုး၊ ပြည်သူ ပြည်သားများ၏အကျိုးအတွက် အမှန်တရား အရှိတရားများအား ဝေဖန်ဆန်းစစ်ပေးကြပါရန် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် လွတ်လပ် ရေးရရှိပြီးချိန်နောက်ပိုင်း စတင်ဖြစ် ထွန်းပေါ်ပေါက်လာစေခဲ့ပြီး ယနေ့ အချိန်အထိ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ရက်စက်ပြင်းထန် ဆိုးရွားသည့် အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ် သို့မဟုတ် အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် ပြည်သူပြည်သားတို့၏ အသက်ပေါင်းမြောက်မြားစွာ ပေးဆပ်ခဲ့ကြရပြီးဖြစ်ပါသည်။ ယနေ့အချိန် အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ် သို့မဟုတ် အကြွင်းမဲ့အာဏာရှင်စနစ်မှ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဖက်ဒရယ်ပြည်ထောင်စုကို ပြောင်းလဲတည်ဆောက်ရာတွင် သတိပြုသင့်သည့် အကြောင်းအရာအချက်အလက်များအား စာအုပ်စာစောင်များတွင် တွေ့ရှိရသည်များကို အခြေခံကာ အကြောင်းနှင့်အကျိုးကို ရှင်းလင်းတင်ပြမည် ဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူကိုင်စွဲအသုံးပြုကြမည့် သူများအနေဖြင့် သတိပြုလိုက်နာ နိုင်ကြစေရေးကို ရည်ရွယ်ပါသည်။

ပထမဦးစွာ အာဏာရှင်စစ် အုပ်ချုပ်ရေးစနစ် သို့မဟုတ် အကြွင်းမဲ့အာဏာရှင်စနစ် မြန်မာနိုင်ငံတွင် သန္ဓေတည်ပေါက်ပွားလာပုံကို စာရေးသူ၏ လေ့လာတွေ့ရှိချက် အသိအမြင်ကို အခြေခံကာ တင်ပြပါမည်။ စာဖတ်သူတို့ သိရှိပြီးဖြစ် သည့်အတိုင်း မြန်မာနိုင်ငံသည် ဗြိတိသျှ အင်္ဂလိပ်တို့၏ လက် အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ ကျရောက်ခဲ့ရပြီး အင်္ဂလိပ်တို့ သည် မြန်မာနိုင်ငံရှိ တည်ရှိဆဲ ရိုးရာအုပ်ချုပ်ရေးစနစ်များနှင့် ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်ကို ပေါင်းစည်းကာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။ လုံခြုံရေးအတွက် လက်နက်ကိုင်ရဲတပ်ဖွဲ့များနှင့် တရားရေးစနစ်များအား စနစ်တကျ ထူထောင်ထားရှိသည်ကို တွေ့ရှိခဲ့ရပါသည်။ သို့သော်လည်း ကာကွယ်ရေးအတွက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံအခြေပြု လက်နက်ကိုင် တပ်မတော်ကြီးကို စနစ်တကျ ထူထောင်ထားရှိသည်ကိုမူ မတွေ့ရှိရပါ။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်ကာလတွင် မြန်မာနိုင်ငံသည် ဂျပန်တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရပါသည်။ ဂျပန်တို့သည် မြန်မာလူငယ်များအား စစ်ပညာရပ်များကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး လက်နက်ကိုင် အဖွဲ့အစည်း တပ်မတော်ကို ထူထောင်ပေးခဲ့ပြီးလျှင် မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးစနစ်အသုံးပြုကာ အုပ်ချုပ်စေခဲ့ပါသည်။ ထို့ကြောင့် ဂျပန်တို့သည် မြန်မာနိုင်ငံတွင် လက်နက်ကိုင် တပ်မတော်ကြီး ဖြစ်ထွန်းပေါ်ပေါက်လာစေရန် လေ့ကျင့် သင်ကြားပေးခဲ့ပြီးလျှင် ဂျပန်တို့၏ စစ်အုပ်ချုပ်ရေးစနစ်ကိုလည်း ကျင့်သုံးလာစေရန် မျိုးစေ့ချပေးခဲ့ကြသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် ဂျပန်တို့သည် မြန်မာနိုင်ငံတွင် ကာကွယ်ရေးနှင့် စစ်အုပ်ချုပ်ရေးကို စတင် အကောင်အထည်ဖော်ပေးခဲ့ကြသူများ ဖြစ်ကြပါသည်။

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီ အချိန်ကာလကတည်းကပင် မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားကြသည့် လူငယ်အများအပြားသည် ဗြိတိသျှအင်္ဂလိပ်တို့၏ အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်တော်လှန်လိုကြသဖြင့် လက်ဝဲဆန်သည့် နိုင်ငံရေးစာပေများကို လေ့လာလိုက်စားခဲ့ကြပြီး လက်ဝဲဆန်သည့် သဘောထားအယူ အဆများကို စွဲလမ်းယုံကြည်ခဲ့ကြပါသည်။ လက်ဝဲဆန်သည့် အယူအဆများမှာ တင်းကျပ်သည့် ဗဟိုချုပ်ကိုင်မှုကို အခြေခံသဖြင့် အာဏာရှင်စနစ်သို့ အလွယ်တကူ ပြောင်းလဲသွားစေနိုင်သည့် သဘောတရား အယူအဆများဖြစ်ကြပါသည်။

သို့သော်လည်း ထိုစဉ်အချိန်ကာလက အာဏာရှင်စနစ်သည် ရက်စက်ပြင်းထန်ဆိုးရွားသည့်အပြင် လူတို့၏ အသက်ပေါင်း မြောက်မြားစွာကို သေကျေစေတတ်သည်ဆိုသည့်အချက်ကိုမူ သိမြင်နိုင်သည့် အခြေအနေမရှိကြပါ။ ထို့ကြောင့်ပင် အောက်ဖော်ပြပါ အာဏာရှင်နှင့် ပတ်သက်သည့် သဘောကျ ကြိုက်နှစ်သက်ခြင်းကို ဖော်ပြသော စကားလုံး စကားရပ်များကို တွေ့မြင်ရခြင်း ဖြစ်ပါသည်။

ဖော်ပြထားချက်မှာ - “ကမ္ဘာ့ခေတ်နှင့်အညီ “တစ်သွေး၊ တစ်သံ၊ တစ်မိန့်”  “ကမ္ဘာမှာလည်း ခေတ်သစ်ထွင်၊ တို့လည်း ခေတ်သစ်ထွင်”  “ကမ္ဘာမှာလည်း အာဏာရှင်၊ တို့လည်း အာဏာရှင်” စသည့် အသံများထွက်ပေါ် လာ သည်။}} (ျွန်နမနညခနါ် ၂ယ စစ – ၅၀၄).

ထို့အပြင် မြန်မာနိုင်ငံအတွက် ဆိုးဝါးပြင်းထန်သည့် အခြေအနေကို ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အတွက် အထက်ဖော်ပြပါ အခြေခံ အကြောင်းရင်းများအပြင် လွတ် လပ်ရေးကြိုးပမ်းမှု အချိန်ကာလမှ သည် ယနေ့အချိန် ကာလအထိ ခိုင် မာအားကောင်းသန်မာသည့် နိုင်ငံ ရေး အင်စတီကျူးရှင်းကို မတည် ဆောက်နိုင်ခြင်းပင် ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးကာလတွင် လည်း ခိုင်မာအားကောင်းသန်မာ သည့် နိုင်ငံရေး အင်စတီကျူးရှင်းကို စတင်မတည်ဆောက်နိုင်ခဲ့ဘဲ စစ် ရေး အင်စတီကျူးကိုမူ စတင်တည် ဆောက်နိုင်စေခဲ့ခြင်းမှာ ယနေ့ တိုင်းပြည်နိုင်ငံ တွေ့ကြုံနေကြရသည့် စိန်ခေါ်မှုများ၏ အရင်းခံအကြောင်းတရားများပင် ဖြစ်ပါသည်။

စာရေးသူတို့၏ တိုင်းပြည် နိုင်ငံတွင် စာရေးသူ၏ မိခင်၊ ဖခင်တို့က ပြောပြခဲ့သည့် အချက်အလက်များနှင့် စာရေးသူကိုယ်တိုင် ဖတ်ရှု လေ့လာသိမြင်နားလည်ချက်များအရ၊ အုပ်ချုပ်ရေး၊ ဗျူရိုကရေစီယန္တရား ပျက်စီးရပ်ဆိုင်းခဲ့မှုသည် ဗြိတိသျှအင်္ဂလိပ်တို့ ဆုတ်ခွာချိန်နှင့် ဂျပန်တို့ ဝင်ရောက်ချိန်အကြားတွင် ဖြစ်ပေါ်ခဲ့ရပါသည်။ ဗြိတိသျှ အင်္ဂလိပ်တို့ ဆုတ်ခွာချိန်၊ ထွက်ခွာချိန်သည် စောလွန်းခဲ့ပြီး၊ ဂျပန်တို့ ဝင်ရောက်ချိန်၊ ရောက်ရှိချိန်သည် နောက်ကျနေသဖြင့် ဂျပန်တို့၏ စစ်အုပ်ချုပ်ရေး နောက်ကျနေခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ဟု ကြားသိခဲ့ရပါသည်။ အထက်ဖော်ပြပါအချက်ကို အထောက်အထားအဖြစ်တွေ့ရှိရသည်မှာ - “မြန်မာပြည် ရှိ အင်္ဂလိပ်အစိုးရအဖွဲ့သည် ဂျပန်တပ်များ စစ်ဆင်ရေး မဆင်နွှဲမီကပင် အိန္ဒိယပြည်သို့ ရွှေ့ပြောင်းဆုတ်ခွာသွားနှင့် ပြီးဖြစ်သည်။” (Reference : 3, pp 101).

စာရေးသူအနေနှင့် မြန်မာနိုင်ငံတွင် တပ်မတော်အဖြစ် သန္ဓေတည်ပေါက်ပွားလာပုံနှင့် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များတွင် ရှုပ်ထွေးစွာ ဖြစ်ပေါ်လာခဲ့ရသည့် အခြေအနေကို (Reference : 3)  ကို အခြေခံကာ တင်ပြပါမည်။ တပ်မတော် စတင်တည်ထောင်ဖွဲ့စည်းခဲ့သည်မှာ - “၁၉၄၁ ခု၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၌ လက်နက်ကိုင်တပ်ဖွဲ့ တည်ထောင်ရေးအခန်းအနား ပြုလုပ်ကျင်းပ၍ ဘီ- အိုင်- အေ ခေါ် (B-I-A (Burma Independent Army) မြန်မာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်သည်။”  (Reference : 3, pp-70-71).ဘီ- အိုင်- အေ တပ်မတော်အနေနှင့် အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ရသည့် အခြေအနေမှာ - “မြန်မာပြည်အတွင်းသို့ ဝင်ရောက်လာကြသော မီနာမီအဖွဲ့သည် ဂျပန်စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးမဖွင့်မီ ကာလကတည်းက မြန်မာ့လွတ်လပ်ရေးတပ်မတော်နှင့် ဒို့ဗမာအစည်းအရုံးဝင် သခင်များကို ခေါင်းဆောင်၍ နေရာတိုင်းတွင် ငြိမ်းချမ်းတည်တံ့မှု ကော်မတီ (၀ါ) လုံခြုံရေးထိန်းသိမ်းမှုအဖွဲ့၊ ဘီအိုင်အေ ဒေသန္တရအုပ်ချုပ်ရေး ကော်မတီ၊ ယာယီမြူနီစီပါယ်အဖွဲ့ အစရှိသော ဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားများ ဖွဲ့စည်းခဲ့သည်။” (Reference : 3, pp 74).

ဘီ- အိုင်- အေ တပ်မတော်အနေနှင့် နိုင်ငံရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ရသည့် အခြေအနေမှာ - မီနာမီအဖွဲ့၊ ရဲဘော်သုံးကျိပ်ဝင်များ နှင့် ဒို့ဗမာအစည်းအရုံးဝင် သခင်များ ကတိကဝတ်ပြုချက်ကို အခြေခံကာ ဖော်ပြရာတွင် - “ထို့ကြောင့်ပင် မြန်မာပြည်၏ နိုင်ငံရေးလုပ်ငန်းများကို စစ်ဝတ်စုံတို့က ဝင်ရောက်လုပ်ကိုင်ခဲ့ရလေသည်။” (Reference : 3, pp 74).

တပ်မတော်သည် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးတွင် ခွဲခြားနိုင်ခြင်းမရှိပါက တိုင်းပြည် နိုင်ငံအပေါ် ဆိုးကျိုးသက်ရောက်နိုင်ပုံကို ဂျပန် အမှတ် ၁၅ တပ်မတော်စစ်သေနာပတိကြီးက ၁၉၄၂ ခု ဇွန်လ (ဂျွန်လ) ၂-ရက်နေ့ မိန့်ခွန်းတွင် အောက်ပါအတိုင်း သတိပေး ပြောကြားခဲ့ပါသည်။

“နောက်ဆုံးစကား ဆက်ပြောချင်တာကတော့ ဘီအိုင်အေတပ်ဖွဲ့ နဲ့ အုပ်ချုပ်ရေးဟာ ဘယ်လိုဆက်စပ်နေသလဲ ဆိုတဲ့အချက်ပါပဲ။ စစ်ရေးနဲ့ နိုင်ငံရေးကို ခွဲခြားပြီး အချင်းချင်း မစွက်ဖက်အောင် လုပ်နိုင်မှ နိုင်ငံ တစ်နိုင်ငံဟာ တည်မြဲ ခိုင်မာစမြဲ ဖြစ်ပါတယ်။ အထူးသဖြင့် အောက်တန်း အဖွဲ့အစည်းအချင်းချင်းကို ခွဲခွဲခြားခြား စည်းကလနား သတ်မှတ်ပေးမထားရင် တစ်နေ့နေ့မှာ တိုင်းသူပြည်သားတွေက တပ်မတော်ကို မုန်းတီးရွံရှာလာကြမှာဘဲ။ အုပ်ချုပ်ရေး ယန္တရားအသစ်ကို ဖွဲ့စည်းထူထောင်ရတော့မယ့် အခုလို အချိန်မှာ အတိအကျပြောထား ချင်တယ်။ နေရာအနှံ့အပြားမယ် စခန်းချနေကြတဲ့ ဘီအိုင်အေတပ်ဖွဲ့ တွေက အုပ်ချုပ်ရေး စက်ယန္တရားအ သစ်ကို မနှောင့်ယှက် မထိခိုက်ရ အောင် သတိပြုကြရမယ်။ နောင်ရေးအတွက် စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကို ခွဲခြားထားရပါမယ်” (Reference : 3, pp 77).

ဒုတိယအနေနှင့် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အာဏာရှင် စစ်အုပ်ချုပ်ရေး သို့မဟုတ် အကြွင်းမဲ့အာဏာရှင် စနစ် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အခြေအနေကို တင်ပြပါမည်။ အထက်တွင် ဖော်ပြသကဲ့သို့ အာဏာရှင်စနစ်သဘောတရားအမြစ် တွယ်လာခြင်းနှင့် သန္ဓေတည်စ တပ်မတော်အနေနှင့်လည်း စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကို ခွဲခြား မကျင့်သုံးနိုင်ခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် အာဏာရှင် စစ်အုပ်ချုပ်ရေး သို့မဟုတ် အကြွင်းမဲ့အာဏာရှင်စနစ်သည် လွတ်လပ်ရေးရရှိပြီးချိန်တွင် အားကောင်းမောင်းသန် ထွက်ပေါ်လာစေခဲ့ပါသည်။

စာဖတ်သူများအနေဖြင့် စာရေးသူ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ တနင်္လာနေ့တွင် ထုတ်ဝေသည့် Weekly Eleven News တွင် ရေးသားတင်ပြခဲ့သည့်  “အာဏာရှင်စနစ်၏ သွင်ပြင်လက္ခဏာရပ်များ” ဆောင်းပါးကလေးနှင့် တွဲဖက်ပြီး လေ့လာဖတ်ရှုကြပါရန် အကြံပြုပါသည်။

အလျဉ်းသင့်သဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် နိုင်ငံရေး အဖွဲ့အစည်းအချို့ကို လေ့လာကြည့်ရာ တိုင်းပြည်နိုင်ငံတော်အကျိုး၊ ပြည်သူပြည်သားများ၏ အကျိုးကို ရှေးရှုခဲ့ကြသည့် အခြေအနေထက် အခြားသော အခြေအနေများကိုသာ ဦးတည်လျက် ထင်ပေါ်ကျော်ကြားလျက်ရှိသည့် အမည်ဟောင်းကို အသုံးပြု အသုံးချ၊ ကြုံသလို အမည်ပေး၊ တိုက်ခိုက် သတ်ဖြတ် အနိုင်ရယူလိုသည့် သဘောတရားများနှင့် တည်ဆောက်ခဲ့ကြသည်ကို လေ့လာတွေ့ ရှိရပါသည်။

ဥပမာအားဖြင့် ဖက်ဆစ်ဆန့် ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ ချုပ် (ဖဆပလ) အမည်အား လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် အသုံးပြုရန် သင့်တော်ခြင်းမရှိသော်လည်း ဖဆပလ အဖွဲ့ချုပ်၊ ဖဆပလ အဖွဲ့ကြီး၊ ဖဆပလ အစိုးရ စသည်ဖြင့် အသုံးပြုခဲ့ကြသည့်နည်းတူ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) စသည် အမည်များအား တွေ့ရှိရသည်မှာ တိုင်းပြည်နိုင်ငံ တည်ဆောက်ရေးထက် တိုက်ခိုက် သတ်ဖြတ် အနိုင်ရယူလိုသည့် သဘောတရားများကိုသာ လေ့လာ တွေ့ရှိရပါသည်။

လွတ်လပ်ရေး ရရှိခဲ့သည်မှာ ဆယ်စုနှစ်ပေါင်း မြောက်မြားစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါသော်လည်း ယနေ့အချိန်အထိ နိုင်ငံရေး အင်စတီကျူးရှင်းများကို ခိုင်မာအား ကောင်းသန်မာစေရန် တည်ဆောက်နိုင်ခြင်းမရှိဘဲ အကြွင်းမဲ့ အာဏာရှင်စနစ်သည်သာ သက်ဆိုးရှည်လျက် ရှင်သန်ရပ်တည်လျက်ရှိနေပါသည်။ အကြွင်းမဲ့အာဏာရှင် စနစ်၏ အဖျက်စွမ်းအား ကြီးမား ပြင်းထန်သည့် အခြေအနေကို ပုံတွင် ဖော်ပြထားပါသည်။

 ယနေ့ မြန်မာနိုင်ငံတွင် အကြွင်းမဲ့အာဏာရှင်စနစ် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် အခြေအနေမှာ နောက်ဆုံးအဆင့် ဗျူရိုကရေစီယန္တရားအတွင်း၌ပင်လျှင် အာဏာရှင်ကြီးများ၏ အမိန့်အာဏာကို ရိုသေကျိုးနွံလိုက်နာစေမည့် လူပုဂ္ဂိုလ်များအား ထည့်သွင်းအသုံးပြု သည့်အဆင့်သို့ပင် ရောက်ရှိစေခဲ့ပါသည်။

ထို့ကြောင့် မည်သည့်အခန်း ကဏ္ဍ၊ မည်သည့်နေရာကိုမျှ အလွတ်မပေးဘဲ ရက်စက်ကြမ်းကြုတ်စွာ ချုပ်ကိုင်သည့်စနစ် ဖြစ်စေခဲ့ပါ သည်။

၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့် နှစ် ကြားအချိန်ကာလ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခု ခေတ္တရပ်နားချိန်တွင် ဂျပန်ကြီးတစ်ဦးက စာရေးသူအား “လက်ရှိ မြန်မာနိုင်ငံ၏ အဓိက စိန်ခေါ်မှုက ဘာဖြစ်ပါမည်လဲ။”ဟု မေးမြန်းရာ  စာရေးသူက “ဂျပန်တို့ လေ့ကျင့်သင်ကြားပေးခဲ့သည့် စစ်ပညာရပ်များ၊ အုပ်ချုပ်မှုပညာရပ်များနှင့် အင်္ဂလိပ်တို့ ကာလ တာရှည် အုပ်ချုပ်ခဲ့စဉ်က တည်ရှိ နေခဲ့သည့် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ တရားစီ ရင်ရေး၊ စီးပွားရေး၊ လူမှုရေး (စစ်ရေးပါဝင်ခြင်းမရှိပါ) စသည်တို့ အကြားတွင် ခေတ် ကာလအခြေအ နေအရ မြန်မာနိုင်ငံနှင့် ကိုက်ညီပြီး သင့်တော်ကောင်းမွန်စေမည့် စစ် ရေး ဒီဇိုင်းပုံစံ၊ အုပ်ချုပ်ရေးဒီဇိုင်းပုံစံ၊ နိုင်ငံရေးဒီဇိုင်းပုံစံ၊ စီးပွားရေး ဒီဇိုင်း ပုံစံ၊ လူမှုရေးဒီဇိုင်းပုံစံ စသည်တို့ကို မရှာဖွေ၊ မတည်ဆောက်နိုင်သေး ခြင်းပင်ဖြစ်ပါသည်”ဟု ဖြေကြားခဲ့ပါသည်။ စာဖတ်သူတို့လည်း စဉ်းစားပြီး အဖြေထုတ်ကြစေလိုပါသည်။

တတိယအနေဖြင့် စာရေးသူ တစ်ဦးတည်း၏ အမြင်သက်သက်ဖြင့် တိုင်းပြည်နိုင်ငံတော်အကျိုးနှင့် ပြည်သူ ပြည်သားများ ၏အကျိုးကို ရှေးရှုပြီး ပြောင်းလဲတည်ဆောက်သင့်သည့်အချက်များကို အဆိုပြု ရှင်းလင်းတင်ပြပါမည်။ အဆိုပြု တင်ပြခြင်းမပြုမီ ဒုတိယကမ္ဘာစစ် မတိုင်မီကာလ သို့မဟုတ် ဂျပန်တို့ မသိမ်းပိုက်မီ ကျင့်သုံးအကောင်အထည်ဖော်ခဲ့သည့် တရားဥပဒေစိုးမိုးရေးစနစ် (The System of Rule of Law) နှင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အာဏာရှင် စစ်အုပ်ချုပ်ရေးတွင် ပါဝင်သည့် စစ်အုပ်ချုပ်ရေး သဘောတရားအချို့အား စာဖတ်သူများ သတိပြုနိုင်စေရန် (Reference : 2) တွင် ဖော်ပြထားချက်များကို အခြေခံကာ တင်ပြပါမည်။

ဥပဒေနည်းစနစ် (System of Rule of Law)) ဖြင့် အုပ်ချုပ်ပုံတွင် “လူကို အဓိကထားကာ ဥပဒေအတွင်း လူ့လွတ်လပ်ရေး အပြည့်အဝ ပေးထားသည်။ ဥပဒေကို မကျူးလွန်သမျှကာလပတ်လုံး မည်သူကမျှ လက်ဖျားနှင့် မတို့ကြရပေ။ ဥပဒေအရမဟုတ်ဘဲ မည်သူ့ကိုမျှ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ခဏခေါ်ခြင်း၊ ထိန်းသိမ်းထားခြင်း၊ ထောင်ချခြင်း၊ တားဆီးပိတ်ပင်ခြင်း၊ ၎င်း၏ ပိုင်နက်အတွင်း ဝင်ရောက်ခြင်း၊ ရှာဖွေခြင်း၊ ကျူးကျော်ခြင်း၊ ဖျက်ဆီးခြင်းမလုပ်နိုင်၊ ၎င်း၏ ပစ္စည်းအိုးအိမ်ကိုလည်း ဥပဒေအရမဟုတ်ဘဲ လျော်ကြေးမပေးဘဲ သိမ်းဆည်းခြင်း၊ အပိုင်စီးခြင်း၊ ခဏယူခြင်း၊ ရယူခြင်း မလုပ်နိုင်၊ ဥပဒေက အာမခံချက်ပေးထားသည်။” (Reference : 2. pp 503).

စစ်အုပ်ချုပ်ရေးနှင့် ပတ်သက်၍ (Reference : 2, pp 506) တွင် ဖော်ပြထားသည်မှာ - “ကမ္ဘာတွင် လူကိုလေးစား၍ တန်ဖိုးထားသော အစိုးရတိုင်းသည် အတိအလင်း ကြေညာ၍သော်လည်းကောင်း၊ ကြေညာခြင်းမပြုဘဲ ပုံမှားရိုက်၍သော်လည်းကောင်း စစ်အုပ်ချုပ်ရေးကို စစ်ဖြစ်နေချိန်မှအပ အသုံးမပြုကြချေ။ မလိုလားကြချေ။”

“စစ်အုပ်ချုပ်ရေးတွင် လူသည်အဓိကမဟုတ်။ ကိစ္စသည်သာ အဓိကဖြစ်၍ လူ၏တန်ဖိုးအောက်သို့ ကျဆင်းသွားတတ်သည်။ ဗဟိုချုပ်ကိုင်မှု လျော့လျှင် သို့မဟုတ် ဝေးလျှင် ၎င်းနှင့် ဝေးသူက သူတစ်လူ ငါတစ်မင်းဖြစ်ရန် အလားအလာများစွာ ရှိတတ်ပေသည်။ ဥပဒေ နည်းစနစ်ကိုလည်း ဘေးချိတ်ပြီး အကွပ်အကဲ အထိန်းအသိမ်းမရှိ ထင်ရာစိုင်းတတ်၍ လူအများ၏ အသက်အိုးအိမ်နှင့် စိတ်ကိုများစွာ ထိခိုက်နိုင်သည်။ ရည်မှန်းချက်က တောင်ဘက်သို့၊ ရောက်တာက မြောက်ဘက်သို့ ဖြစ်တတ်သည်။ မိမိ၏ ရည်ရွယ်ချက်ကို မိမိက ပြန်သတ်မိတတ်သည်။ ထိုစနစ်မျိုးကြောင့် ရာဇဝင်သမိုင်းတွင် တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာဖြစ်ခဲ့ရသည့် သာဓကများစွာပင် ရှိခဲ့ပေသည်။”

ယနေ့အချိန် တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူ ပြည်သားများ၏အကျိုးကို ရှေးရှုဆောင်ရွက်မည်ဆိုပါက စာရေးသူအနေဖြင့် အောက်ဖော်ပြပါ သုံးချက်ကို အဆိုပြုတင်ပြပါသည်။

ပထမအချက်အနေနှင့် မြန်မာနိုင်ငံတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နေထိုင်လျက်ရှိ ကြသည့် ပြည်သူ ပြည်သားအားလုံးတို့က သဘောတူလက်ခံနိုင်မည့် အမျိုးသား အကျိုးစီးပွားများကို အချိန်နှင့် တစ်ပြေးညီ ပွင့်လင်း မြင်သာစွာ ချပြပြီး  အကောင်အထည်ဖော် ဆောင်ရွက်တတ်သည့် အလေ့အထကို စတင်ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဒုတိယအချက်အနေဖြင့် အားကောင်း မောင်းသန် ခိုင်မာသည့် နိုင်ငံရေး အင်စတီကျူးရှင်းကြီးများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို တိုင်းပြည်နိုင်ငံအတွင်း နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားအားလုံးတို့က အားသွန်ခွန်စိုက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ တတိယအချက်အနေနှင့် ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ ရပ်များအား ခေတ္တ (ကာလတို) စစ်အုပ်ချုပ်ရေး ကျင့်သုံးရသည့် နေရာနှင့်အချိန်မှအပ မည်သည့်အခြေ အနေမျိုးသို့ ကျရောက်နေသည် ဖြစ်စေ လူတစ်ဦး လူတစ်ဖွဲ့အဖွဲ့အ စည်းတစ်ရပ်ရပ်က အလုံးစုံပူးတွဲ ကိုင်တွယ် အသုံးပြုခြင်း မရှိစေရန် နှင့် စစ်ရေး၊ လုံခြုံရေး၊ တရားစီရင် ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကို ဖြစ်နိုင်သမျှ ခွဲခြား ထားစေပြီး သီးခြား လုပ်ပိုင်ခွင့်အာဏာ (Mandate) အရသာ ကျင့်သုံး ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလို သည်မှာ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း စတင်ဖြစ်ထွန်း ပေါ်ပေါက်လာစေခဲ့ပြီး ယနေ့အချိန်အထိ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ရက်စက်ပြင်းထန် ဆိုးဝါးသည့် အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ် သို့မဟုတ် အကြွင်းမဲ့ အာဏာရှင်စနစ်ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် ပြည်သူပြည်သားတို့၏ အသက်ပေါင်းမြောက်မြားစွာ ပေးဆပ်ခဲ့ကြရပြီးဖြစ်ပါသည်။ ယ နေ့အချိန် အာဏာရှင် စစ်အုပ်ချုပ် ရေးစနစ် သို့မဟုတ် အကြွင်းမဲ့အာဏာရှင်စနစ်မှ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဖက်ဒရယ်ပြည်ထောင်စုကို ပြောင်းလဲတည်ဆောက်ရာတွင် သတိပြုသင့်သည် အကြောင်းအရာ အချက်အလက်များအား စာအုပ် စာစောင်များတွင် တွေ့ရှိရသည်များကို အခြေခံကာ အကြောင်းနှင့်အကျိုးကို ရှင်းလင်းတင်ပြထားချက်များအား နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူကိုင်စွဲအသုံးပြုကြမည့်သူများအနေနှင့် သတိပြုလိုက်နာနိုင်ကြစေရေးအတွက် အသိဉာဏ်ပညာကို အခြေခံကာ အစွမ်းကုန် ကြိုးစားအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။   

Reference :

1. ဒေါက်တာမောင်မောင် (၂၀၁၉), “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း”, (ပထမတွဲ + ဒုတိယတွဲ) SKCC Press (00413).

2. ဦးချမ်းသာ (၂၀၁၁), “ကျွန်တော် အိုင်စီအက်စ်”, ဒုတိယအကြိမ်၊ စာအုပ်စျေး စာအုပ်တိုက်။

3. မစ္စတာအိုးတတက်ဆူနေဇို ဂျပန်ဘာသာဖြင့်ရေးသား၍ မစ္စတာ အိုးနိုတိုးရု မြန်မာပြန်သော “ဂျပန်စစ် အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ” (၁၉၇၅), ပုဂံစာအုပ်အမှတ် ၂၄၇။

Most Read

Most Recent