အိုင်အမ်အက်ဖ် သတိပေးထားသည့် ကမ္ဘာ့စီးပွားရေးအန္တရာယ်

အိုင်အမ်အက်ဖ် သတိပေးထားသည့် ကမ္ဘာ့စီးပွားရေးအန္တရာယ်
(Photo : imf.org)
(Photo : imf.org)
Published 2 October 2022
စောနိုင် (အသုံးချဘောဂဗေဒ)

နိဒါန်း

ကမ္ဘာ့စီးပွားရေးအကျပ်အ တည်း၊ အခက်အခဲများသည် မုန်တိုင်းတစ်ခုသဖွယ် နိုင်ငံအားလုံး၏ စီးပွားရေး၊ ဥစ္စာဓနများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖျက်ဆီးလျက် မတည်မငြိမ်ဖြစ်စေခဲ့ပြီ။

ယခု မုန်တိုင်းစဲတော့မည်လား။ မည်သည့်အချိန်တွင် စဲမည်နည်း။ အကယ်၍ မုန်တိုင်းသာစဲသွားခဲ့လျှင် ပြန်လည်နာလန်ထူရေးအစီအစဉ်များ မည်သို့ပြုလုပ်မည်နည်း စသည်ဖြင့် မေးခွန်းများထုတ်လျက် မျှော်လင့်ချက်စိတ်ကူးများ ရှိနေကြသည်။ မုန်တိုင်းစဲလျှင် လေပြည်လာသည် မဟုတ်ပါလော။ မုန်တိုင်းစဲပြီဟု ယူဆလျက် လေပြည်အလာကို စောင့်နေကြချိန်၊  အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ၏သတိပေးသံကိုကြားလိုက်ရသည်။ အားလုံး၏ မျှော်လင့်ချက် စိတ်ကူးများ လွင့်ပျောက်သွားခဲ့၏။

အိုင်အမ်အက်ဖ်အဖွဲ့က ကမ္ဘာကြီး၏အခြေအနေသည် ဆက်လက်ပြင်းထန်နေသော စီးပွားရေးမုန်တိုင်းထဲ၌ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေဆဲဖြစ်သည်ဟုဆိုသည်။ လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းသည် နှစ်-ရာခိုင်နှုန်းသို့  ကျဆင်းသွားနိုင်သည်။ နှစ်ပေါင်း ၅၀ ကျော်အတွင်း အနိမ့်ဆုံး အခြေအနေဖြစ်လိမ့်မည်။ အောက်တွင် ဖော်ပြထားသော အခြေအနေ ခုနစ်ရပ်က ကမ္ဘာနိုင်ငံများ မျှော်လင့်ထားသည့် စီးပွားရေးဖွံဖြိုး တိုးတက်မှုများကို ဆက်လက် ထိခိုက်လျက်ရှိသည်ဟု ခန့်မှန်းသုံးသပ်ထားသည်။    

အခြေအနေ (၁)  ရုရှား-ယူကရိန်း စစ်ပွဲ

ရုရှားတပ်ဖွဲ့များ ယူကရိန်း နယ်မြေကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံမှ အီးယူနိုင်ငံများသို့ ဓာတ်ငွေ့ တင်ပို့ရောင်းချမှုသည် ၂၀၂၁ ခုနှစ်၌ ၄၀ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်။   ထိုအခြေအနေသည် အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့ကို ပြန်လည်တုံ့ပြန်လုပ်ဆောင်သည့်  လုပ်ရပ်ဖြစ်သည်ဟု အီးယူနိုင်ငံအစိုးရများက စွပ်စွဲပြစ်တင်သည်။ ထိုအခြေအနေ ဆက်လက် ဖြစ်နေပါက  ဓာတ်ငွေ့ရောင်းချမှု ဆက်လက်ကျဆင်းလာဖွယ် ရှိသည်ဟု အိုင်အမ်အက်ဖ်က ခန့်မှန်းထားသည်။  အကယ်၍ ရုရှားနိုင်ငံသည် နိုင်ငံရပ်ခြားသို့ ၎င်းတို့၏ ပို့ကုန်များတင်ပို့မှု လုံးဝ ရပ်ဆိုင်းခဲ့ပါက အီးယူနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုပိုမိုဆိုးရွားလာနိုင်ပြီး  အဆိုပါနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုများသည် ယခင်ကထက် ပိုမိုကျုံ့သွားနိုင်သည်ဟုဆိုသည်။

  အခြေအနေ(၂) ငွေဖောင်းပွခြင်း

ရုရှား-ယူကရိန်းစစ်ပွဲတွန်းအားကြောင့်ပင် ဖြစ်ပေါ်လာသော အလွန်အမင်း မြင့်တက်လာသည့် စားနပ်ရိက္ခာနှင့် လောင်စာဆီစျေးနှုန်းများသည် ငွေကြေးဖောင်းပွမှုကို ဖြစ်လာစေခဲ့သည်။ နိုင်ငံအစိုးရများသည်လည်း ဝယ်လိုအားကိုထိန်းထားနိုင်ရန် ငွေချေးငှားမှုကုန်ကျစရိတ်(အတိုးနှုန်း) များကို မြှင့်တင်ခြင်းဖြင့် တုံ့ပြန်ခဲ့ကြသည်။ အကျိုးဆက်မှာ ဝယ်လိုအားကိုနှေးကွေးမှု ဖြစ်စေခဲ့သည်။ ဆက်လက်ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်မှာ နယ်ပယ်ကဏ္ဍအားလုံးတွင် ကုန်ကျစရိတ်များ ဆက်လက်မြင့်တက်လျက် (လုပ်ခ၊ လစာများ တိုးမြှင့်မှု မရှိဘဲ) စီးပွားရေးတုံ့ဆိုင်းမှုဖြစ်လာနိုင်ခြေဖြစ်သည်။ အလုပ်လက်မဲ့ နှုန်းနိမ့်ကျမှုသည် အလုပ်သမားများကို လစာပိုမိုတိုးမြင့် တောင်းဆိုရန် လှုံ့ဆော်မည့်အခြေအနေရှိသောကြောင့် လုပ်ခလစာများ တိုးမြင့်လာကာ စျေးနှုန်းများမြင့်တက်ခြင်း၊ အပြန်အလှန်အားဖြင့် စျေးနှုန်းများ မြင့်တက်လာကာ လုပ်ခ၊ လစာ များ တိုးမြင့်တောင်းဆိုခြင်းတို့ ဖြစ်လာနိုင်သည်။ ထိုအခြေအနေကို လုပ်ခနှင့် စျေးနှုန်းတို့ အပြန်အလှန်  သက်ရောက်လျက် ကြောင်လိမ်လှေကားသဖွယ်မြင့်တက်ခြင်း  (wage-price spirals) ဟုခေါ်လေ့ရှိသည်။  

အခြေအနေ (၃) စီးပွားရေးဆုတ်ယုတ်မှု

အိုင်အမ်အက်ဖ် နောက်ဆုံး ထုတ် အစီရင်ခံစာထဲတွင် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဆုတ်ယုတ်မှု ဘေးအန္တရာယ်သည် ၂၀၂၃ ခုနှစ်တွင် ပိုမိုထင်ထင်ရှားရှားဖြစ်ပေါ်လိမ့်မည်ဟု ဆိုထားသည်။ ကမ္ဘာ့နိုင်ငံများရှိ ဗဟိုဘဏ်အများအပြားသည် ဝယ်လိုအားအခြေအနေ နှေးကွေးသွားစေရန် အားထုတ်လျက် မကြာသေးမီကပင် အတိုးနှုန်းကို မြှင့်တင်ခဲ့ကြပြီးဖြစ်သည်။ ကုန်ကျစရိတ်များပြားလွန်း၍ ငွေချေးငှားမှုများ ရှိလာနိုင်သည်။ ငွေချေးငှားမှု ကုန်ကျစရိတ် (အတိုးနှုန်း) များ မြင့်မားမှုကြောင့် စားသုံးသူများ၏ ဝယ်လိုအားများ ရပ်တန့်ကာ စီးပွားရေးအခြေအနေများပင်တုံ့ဆိုင်း သွားနိုင်သည်။ 

အခြေအနေ (၄) ကြွေးမြီသောက

ငွေချေးငှားမှုများ ကုန်ကျစရိတ်များပိုမိုမြင့်မားလာပြီး စီးပွားရေးတိုးတက်မှုများ နှေးကွေးလာချိန်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ စားသုံးသူများအနေဖြင့် မူလက စုဆောင်းထားသည့်ငွေများကို ထုတ်ယူ အသုံးပြုလျက် အကျပ်အတည်းကိုကျော်ဖြတ်နိုင်သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ စားသုံးသူတို့မှာ ကြီးမားသောအခက်အခဲများ ကြုံတွေ့လာရနိုင်သည်။ ထွန်းသစ်စ စီးပွားရေးအဆောက်အအုံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် စီးထွက်သွားမှုကြုံလာရဖွယ်ရှိသည်။ 

စီးပွားရေးအခက်အခဲများ ပိုရှုပ်ထွေးပြီး စားနပ်ရိက္ခာနှင့် လောင်စာဆီစျေးနှုန်းများ ဆက်လက် မြင့်တက်နေသောကြောင့် ထိုနိုင်ငံများ ၏ ပြည်တွင်းသုံး ငွေကြေးများ တန် ဖိုးကျဆင်းသွားစေသည့် ဖိအားများ ဖြစ်လာနိုင်သည်။ အိုင်အမ်အက်ဖ်၏ ခန့်မှန်းချက်အရ ဝင်ငွေနည်း နိုင်ငံများ၏ ရာခိုင်နှုန်း ၆၀ သည်  အစိုးရကြွေးမြီဘေးအန္တရာယ်မြင့်မားသည့်အခြေအနေတွင် ရှိနေပြီဟု သိရသည်။

အခြေအနေ (၅) တရုတ်နိုင်ငံ၏ ရုန်းကန်နေရမှု

ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ဆက်လက်ရုန်းကန်နေရသည်။  တရုတ်နိုင်ငံ၏လုပ်ဆောင်နေမှုများသည်  ကမ္ဘာ့စီးပွားရေးအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ဆက်လက်ရှိနေသည်။ တရုတ်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍ ထိပ်တန်းလုပ်ငန်းကြီးအချို့၏ ပမာဏ ကြီးမားသည့် ကြွေးမီပြဿာနာများသည်လည်း တရုတ်နိုင်ငံ၏အိမ်ခြံမြေကဏ္ဍကို  စိုးရိမ်ပူပန်မှုများ ဆက်လက်ဖြစ်ပေါ်စေလျက်ရှိသည်။ တရုတ်နိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်သည့် အဲဗားဂရန့် (Evergrande) သည် ခန့်မှန်းခြေ ယူရိုငွေ  ၃၀၀ ဘီလျံ ပမာဏရှိသည့် ချေးငွေများအပေါ် အတိုးငွေပေးနိုင်ရေး ရုန်းကန်နေရသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အခြားသော တရုတ်အိမ်ခြံမြေ ကုမ္ပဏီအရေအတွက် တစ်ဒါဇင်လောက်သည်လည်း အလားတူ အခက်အခဲများကြုံတွေနေရသည်။ တရုတ်နိုင်ငံ၏  အိမ်အရောင်းပမာဏသည်  ဆယ့်တစ်လဆက်တိုက် ကျဆင်းလျက် အိမ်ခြံမြေကဏ္ဍ စီးပွားရေး ကျုံ့သွားနိုင်သည့် အခြေအနေကို ဦးတည်နေသည်။  

အခြေအနေ (၆) လူမှုရေးမတည်ငြိမ်မှု

စားနပ်ရိက္ခာစျေးနှုန်းနှင့် စွမ်းအင်၊ လောင်စာဆီစျေးနှုန်းများ မြင့်တက်လာမှုသည် လူမှုရေး မငြိမ်မသက်ဖြစ်မှုများအတွက် သေချာသော ခန့်မှန်းချက်များဖြစ်သည်ဟု အိုင်အမ်အက်ဖ်အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။ စားနပ်ရိက္ခာနှင့် လောင်စာဆီတို့သည် နိုင်ငံသူ နိုင်ငံသားအားလုံး၏  နေ့စဉ် ဘဝရပ်တည်မှုတွင် အဓိကကျသောလိုအပ်ချက်များဖြစ်သည်။ ထိုကုန်စည်များ၏ စျေးနှုန်းမြင့်တက်မှုသည် နိုင်ငံအတွင်း လူမှုရေးမတည်ငြိမ်မှုဖြစ်စေသော မီးတောက်မီးစများဖြစ်လာနိုင်သည်။ လူကြိုက်မများသော အစိုးရ၊ အတိုက်အခံအင်အားကြီးကြီးနှင့် ရင်ဆိုင်နေရသော အစိုးရအဖွဲ့ရှိသည့် နိုင်ငံများတွင် လူမှုရေးမတည်ငြိမ်မှုများ ပိုမိုမြင်တွေ့လာရနိုင်သည်။  

အခြေအနေ (၇) ကမ္ဘာ့နိုင်ငံရေး အစိပ်စိပ်အမြွှာမြွှာဖြစ်ခြင်း

ရုရှား-ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးအခြေအနေကို အစိပ်စိပ်အမြွှာမြွှာ အကွဲကွဲအပြားပြားဖြစ်မှုဆီသို့ ဦးတည်နေပြီး ကမ္ဘာ့နိုင်ငံများကြား ပထဝီနိုင်ငံရေးအရ  အုပ်စုများထပ်မံ ကွဲထွက်ဖြစ်ပေါ်လာမည်။ အနာဂတ်ကာလများတွင် ကမ္ဘာ့ရေးရာကိစ္စများ၌ နိုင်ငံများ အတူတကွ အဆင်ပြေချော့မွေစွာ လုပ်ကိုင်နိုင်သည့် အခြေအနေများ လျော့နည်းသွား နိုင်သည်။  ထိုအခြေအနေများသည်  အနာဂတ်ကမ္ဘာအတွက် ကောင်းမွန်သောရလဒ်များ မပေးနိုင်ပေ။ နယ်စပ်ဖြတ်ကျော် ငွေကြေးပေးချေမှုများနှင့် ငွေကြေးလဲလှယ်ရေးလုပ်ငန်းများတွင် ခက်ခဲမှုများပိုမိုရှိလာမည်။ အဆိုးဆုံးအခြေအနေမှာ ရာသီဥတုပြောင်းလဲမှုများနှင့် သက်ဆိုင်သည့်ကိစ္စများတွင် နိုင်ငံအုပ်စုများကြား တုံ့ပြန်လုပ်ဆောင်မှုများ နည်းပါးလာခြင်း၊ စားနပ်ရိက္ခာ အကျပ်အတည်းကိစ္စများ ဖြစ်ပေါ်လာပါက ထိထိရောက်ရောက် မဖြေရှင်းခြင်း စသည်ဖြင့် ကမ္ဘာ့နိုင်ငံများ အားလုံးပူးပေါင်းဆောင်ရွက်မှုနည်းလာနိုင်ခြင်းဖြစ်သည်။   

နိဂုံး

ကမ္ဘာ့စီးပွားရေးသည် တစ်ကျော့ပြန်  ကိုဗစ်ကပ်ရောဂါ၊ ရုရှား-ယူကရိန်းစစ်ပွဲ၊ ငွေကြေးဖောင်းပွမှုတို့ဖြင့် ရုန်းကန်နေရဆဲဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးဇာတ်ခုံပေါ်တွင် အဓိကဇာတ်ဆောင် စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်ကြသည့် အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် အီးယူနိုင်ငံများ၏ စီးပွားရေးအခြေအနေသည်  အခက်အခဲအကျပ်အတည်းများကြားတွင် သိသိသာသာ နှေးကွေးလျက်ရှိသည်။ ထို့ကြောင့် အိုင်အမ်အက်ဖ်အဖွဲ့သည်လည်း စီးပွားရေး တိုးတက်မှုနှုန်းများကို လျှော့ချခန့်မှန်းမှုများ ပြုလုပ်ထားပြီဖြစ်သည်။ အကယ်၍ ဆက်လက်ပြင်းထန်လာခဲ့ပါက ကမ္ဘာ့စီးပွားရေးသည် ၁၉၇၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး အခြေအနေဖြစ်လာလိမ့်မည်ဟုလည်း ဆိုထားသည်။  

အိုင်အမ်အက်ဖ်၏ အကြီးတန်းစီးပွားရေးပညာရှင်ဖြစ်သူ ပီယားအိုလီဗီယား ဂရမ့်ချက် (Pierre-Olivier Gourinchas) က “ကမ္ဘာကြီးသည် မကြာသောအချိန်တွင် ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှု အစွန်အဖျားပေါ်တွင် ဒယီးဒယိုင် ရွေ့လျားနေရလိမ့်မည်” ဟု ကောက်ချက်ချထား၏။ ဤသို့ဆိုလျှင် စီးပွားရေးအင်အားကြီးနိုင်ငံများအပေါ် မှီခိုရပ်တည်နေရသည့် စီးပွားရေးအားနည်း ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ အနာဂတ် အခြေအနေသည်ကား ပို၍ပင်စိုးရိမ်ကြီးစရာ ဖြစ်လာနေတော့သတည်း ။      

Most Read

Most Recent