မြန်မာတို့၏ ခေတ်ဟောင်းများမှ သမိုင်းရေးရာအတွေ့အကြုံများ

မြန်မာတို့၏ ခေတ်ဟောင်းများမှ သမိုင်းရေးရာအတွေ့အကြုံများ
Published 2 October 2022
ရဲကျော်စွာ

လူမှုရုပ်ဘဝများနဲ့ လက်တွေ့အတွေ့အကြုံများသည် အာဏာပိုင်နိုင်ငံတော်များ (States)၊ တိုင်းပြည်များ (Nations)၊ လူမျိုးများ (Races)၊ ပြည်သူများ (Peoples)၊ လူ့အဖွဲ့အစည်းများ (Societies) နှင့် မြို့ပြယဉ်ကျေးမှုများ (Civilisations) ၏ လူမှုစိတ်ဘဝပြောင်းလဲမှုနှင့် ဖွံ့ဖြိုးမှုနှုန်းထားများကို လျင်မြန်တိုးတက်လာစေရန်၊ ကျဆင်း၊ နှေးကွေး၊ ရပ်တန့်စေရန် နှင့် နောက်ပြန်လှည့်စေရန်အတွက် တိုက်ရိုက် 

အကြောင်းတရားပြုပေးလေ့ ရှိကြသည် ။

(၁) ရှေးဟောင်းခေတ် မြန်မာတို့၏အတွေ့အကြုံများ

 ရှေးဟောင်းခေတ် မြန်မာနိုင်ငံအတွင်း ပျူ၊ ကမ်းယံ၊ သက်၊ မွန်ခမာ၊ တိဗက်မြန်မာနှင့် ထိုင်းရှမ်းလူမျိုးစုနွယ်ဖွား တိုင်းရင်းသား လူမျိုးစုများသည် အိန္ဒိယတိုက်ငယ်၊ ပါရှန်းကုန်းပြင်မြင့်၊ အရှေ့မြောက်အာရှ ဒေသကုန်းမြင့်‌ဒေသများနှင့် မြေပြန့်လွင်ပြင်များ၊ ဗြာဟ္မဏ အင်ပါယာများ၊ ခတ္တိယအင်ပါယာများနှင့် အင်ဒိုဂရိအင်ပါယာများကဲ့သို့သော အိမ်နီးချင်းအင်ပါယာများမှ စီးဆင်းဝင်ရောက်လာသော အင်ဒိုအာရီယန် မျိုးနွယ်စုများ၊ အင်ဒိုဂရိမျိုးနွယ်စုများနှင့် အရှေ့တိုင်း မွန်ဂိုလွိုက်ဒ်မျိုးနွယ်စုများထံမှ ဓလေ့ယဉ်ကျေးမှုများ၊ မြို့ပြယဉ်ကျေးမှုများ၊ အက္ခရာများနှင့် စာပေများ၊ သိပ္ပံနှင့် နည်းပညာများ၊ လက်မှုပညာများနှင့် အနုပညာများ၊ နိုင်ငံတော်အာဏာဖွဲ့စည်းမှု စနစ်များ၊ အုပ်ချုပ်ရေးပညာများ၊ စစ်ပညာများ၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရားများ၊ ဒဿနဗေဒများ၊ အတွေးအခေါ်များနှင့် လောကအမြင်များကို လက်ခံရရှိခဲ့ကြသည်။

ယင်းအတွေ့အကြုံများကို အခြေပြု၍ ရှေးဟောင်းခေတ် မြန်မာတို့သည် မြို့ပြနိုင်ငံများ (Citistates)၊ ကျေးလက် ပဒေသရာဇ် မင်းနိုင်ငံငယ်များ (Small Rural Feudalist Kingdoms)၊ အမျိုးသား ဘုရင့်နိုင်ငံတော်များ (National Kingdoms)၊ အင်ပါယာများ (Empires) ၊ မြို့ပြယဉ်ကျေးမှု အသစ်များ (New Civilisations)၊ နန်းစဉ် မင်းဆက်များ (Dynasties)၊ ကျေးကျွန်စနစ် (Slavery System)၊ မြေကျွန်စနစ် (Serf System)၊ ပဒေသရာဇ် စနစ် (Feudalism)၊ မှူးမတ်စနစ် (Aristocracy)၊ ဧကရာဇ်စနစ် (Monarchy) နှင့် သက်ဦးဆံပိုင် စနစ် (Autocracy)၊ ကုန်ထုတ်လုပ်ငန်းအသစ်များနှင့် ကုန်ထုတ်ဆက်ဆံရေးအသစ်များကို တည်ဆောက်ထူထောင်ခဲ့ကြသည်။ 

    ရှေးဟောင်းခေတ် မြန်မာမျိုးနွယ်စုများက ထူထောင်ခဲ့သော ဆင်တပ်၊ မြင်းတပ်၊ ‌ခြေသည်တပ်၊ ဖောင်တပ်၊ လှေတပ်၊ သင်္ဘောတပ်များသည် အိန္ဒိယတိုက်ငယ် တောင်ပိုင်း နယ်ပယ်များနှင့် အာဖရိကအရှေ့မြောက် ဦးချိုဒေသမှ စီးဆင်းဝင်ရောက်လာနေခဲ့သော ရှေးဟောင်းခေတ် အင်ဒိုအာဖရိကန်နှင့် နီဂရစ်တိုမျိုးနွယ်စုများ၏ ပင်လယ်ရေကြောင်း ရွှေ့ပြောင်းဝင်ရောက်မှုများကို မောင်းထုတ်၊ ဖယ်ရှား ၊ တားဆီးပစ်ခဲ့ပြီး မြန်မာမျိုးနွယ်စုများ၏ ပင်လယ်ရေကြောင်းအဆက်အသွယ်များကို ဘင်္ဂလားပင်လယ်အော်၊ အာရေးဗီးယား ပင်လယ်၊ ပါရှန်း ပင်လယ်ကွေ့နှင့် ပင်လယ်နီဒေသများအထိ ရောက်ရှိဆက်သွယ်နိုင်ခဲ့ကြသည်။

ထိုရေကြောင်းအဆက်အသွယ်များကြောင့် ရှေးကျသောဉာဏ်အလင်းပွင့်မှု (Ancient Enlightenment) တစ်ခုက ရှေးဟောင်းခေတ် မြန်မာမျိုးနွယ်စုများအတွင်း ပထမအကြိမ်အဖြစ် ပေါ်ပေါက်ထွန်းကားလာခဲ့သည်။

     သို့သော်လည်း ထိုပထမအကြိမ် ဉာဏ်အလင်းပွင့်မှုနှင့်အတူ လွဲမှားနေသော အယူသည်းစွဲလမ်းယုံကြည်မှုများ (Superstitions)၊ အစွန်းရောက်နေသော လောကအမြင်များ (Extreme World Outlooks) နှင့် အမှောင်ဘက်ခြမ်းမှ ပ ဉ္စလက်အတတ်များ (Magics of the Dark Side) များကလည်း ရောနှော ပါဝင်လာခဲ့သည်။

(၂) အလယ်ခေတ် မြန်မာတို့၏ အတွေ့အကြုံများ

 အလယ်ခေတ် ပျူ၊ ကမ်းယံ၊ သက်၊ မြန်မာ၊ မွန်၊ ရှမ်းတိုင်းရင်းသားလူမျိုးစုများသည် အိန္ဒိယတိုက်ငယ်၊ တရုတ်တိုက်ငယ်နှင့် မဲခေါင်မြစ်ဝှမ်းဒေသများအတွင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့် အထွေထွေမတည်ငြိမ်မှုများကို တုံ့ပြန်ရင်ဆိုင်ရန် ပိုမိုအဆင့်မြင့်လာသော တီထွင်မှုအသစ်များနှင့် ဆန်းသစ်မွမ်းမံမှုအသစ်များကို စုစည်း၍ ရှမ်းမြန်မာလူမျိုး နှစ်မျိုး ပေါင်းစပ်ထားသော နန်းစောအင်ပါယာကဲ့သို့သော ရှမ်းမြန်မာအင်ပါယာများ၊ ပျူအင်ပါယာများ၊ မြန်မာအင်ပါယာများ၊ မွန်အင်ပါယာများ၊ ရခိုင်အင်ပါယာများနှင့် ရှမ်းအင်ပါယာများကို အရှေ့တောင် အာရှ ဒေသ၊ တရုတ် တိုက်ငယ် တောင်ပိုင်း၊ အိန္ဒိယတိုက်ငယ် အရှေ့ဖျားဒေသများတွင် ထူထောင်ခဲ့ကြသည်။

     အလယ်ခေတ် မြန်မာနိုင်ငံအတွင်း ဝေဒဘာသာတရား၊ ဗြာဟ္မဏဝါဒ ဘာသာတရား၊ ဂုပတားခေတ်ဦး ဘုရားသုံးဆူ ဘာသာတရား နှင့် ခေတ်သစ်ဟိန္ဒူဘာသာတရားများ၏ ဩဇာလွှမ်းမိုးမှုများ အဆင့်လိုက်ကျဆင်းသွားခဲ့ပြီး အရှေ့မြောက် အိန္ဒိယမဟာယာန ဗုဒ္ဓဘာသာ၊ အရှေ့ပိုင်း အိန္ဒိယ တန္တရယာနဗုဒ္ဓဘာသာ၊ အရှေ့ဘင်္ဂလားပုံစံ ထေရဝါဒဗုဒ္ဓဘာသာနှင့် သီရိလင်္ကာပုံစံ ထေရဝါဒ ဗုဒ္ဓဘာသာများ စတင် ဝင်ရောက်လာခဲ့သည်။

ပျူအင်ပါယာခေတ်တွင် မဟာယာနနှင့် တန္တရယာန ဗုဒ္ဓဘာသာများ ထွန်းကားခဲ့ပြီး ပုဂံအင်ပါယာခေတ်တွင် ထေရဝါဒ ဗုဒ္ဓဘာသာ သည် နိုင်ငံတော်၏ ဘာသာတရား ဖြစ်လာခဲ့သည်။ ရှေးခေတ်တရုတ်မှတ်တမ်းများအရ အနော်ရထာ၏ ပုဂံအင်ပါယာသည် အရှေ့တောင်အာရှအတွင်း အကျယ်ဝန်းဆုံး အင်ပါယာဖြစ်ခဲ့သည်ဟု ဆိုသည်။ 

     အေဒီ ၁၂၇၇ ခုနှစ်တွင် အလယ်ခေတ်၏ ကမ္ဘာ့အကျယ်ဝန်းဆုံးအင်ပါယာဖြစ်သော မွန်ဂိုလ်အင်ပါယာ ဧကရာဇ် ကူဘလိုင်ခန်က စတင် စေလွှတ်လိုက်သော စစ်ရေးထိုးစစ်များကို စစ်ရှုံးကာ ပုဂံအင်ပါယာ ပြိုလဲခဲ့သည်။ 

(၃) ပြန်လည်ဆန်းသစ်ရေးခေတ် မြန်မာတို့၏အတွေ့အကြုံများ

 ပြန်လည်ဆန်းသစ်ရေးခေတ် (Renaissance Age) ၏ ရှေ့ပြေးဖြစ်သော အီတလီ ရှေးဦးအကြို ပြန်လည်ဆန်းသစ်ရေးခေတ် (Italian Proto Renaissance Age) သည် အလယ်ခေတ်နှောင်းပိုင်း (Later Middle Age) အဆုံးပိုင်းကာလ၊ အေဒီ ၁၃ ရာစုအတွင်း အေဒီ ၁၂၅၀ ခုနှစ်မှ ၁၃၀၀ ပြည့်နှစ်အတွင်း စတင်ပေါ်ပေါက်လာခဲ့သည်။

 ဥရောပတိုက်တစ်ခုလုံး၏ ပြန်လည်ဆန်းသစ်ရေးခေတ်သည် အေဒီ ၁၄ ရာစုမှ အေဒီ ၁၇ ရာစု အထိ၊ အေဒီ ၁၃၀၁ ခုနှစ်မှ ၁၇၀၀ 

ပြည့်နှစ်အထိ နှစ်ပေါင်းလေးရာ ဆက်လက်ကြာမြင့်ခဲ့သည်။

  အေဒီ ၁၅၃၀ ခုနှစ်များအတွင်း တောင်ငူမြို့ပြနိုင်ငံ အင်အားကြီးထွားလာခဲ့ပြီး ဘုရင်တပင်ရွှေထီးက ၁၅၅၀ ခုနှစ်တွင် မြန်မာ့ဦးစွန်းကို 

ပြန်လည်ထူထောင်ကာ တောင်ငူအင်ပါယာခေတ်ကို စတင်ခဲ့သည်။ 

 တပင်ရွှေထီးဘုရင်ကို ဆက်ခံခဲ့သော ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူများရှင်) ဘုရင်က ၁၅၆၅ ခုနှစ်အတွင်း အရှေ့တောင်အာရှဒေသအတွင်း အကျယ်ဝန်းဆုံး အင်ပါယာအဖြစ် အနောက်တိုင်းသမိုင်းပညာရှင်များက လက်ခံထားသော အင်ပါယာအဆင့်အထိ တောင်ငူအင်ပါယာကို ဆက်လက်တိုးချဲ့ခဲ့သည်။ 

 ဧကရာဇ် တပင်ရွှေထီးသည် ဥရောပရေကြောင်းကုန်သည်များနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ပေါ်တူဂီကြေးစားစစ်သားများကို စတင်ငှားရမ်းခဲ့သည်။ ပေါ်တူဂီ ကြေးစားစစ်သားများက သင်ကြားပေးသော ကမ္ဘာ့ပထဝီ၊ ကမ္ဘာ့မြေပုံ၊ ဥရောပသမိုင်းနှင့် ဥရောပသဘာဝသိပ္ပံများကို လေ့လာသင်ယူနေစဉ်အတွင်း တပင်ရွှေထီးသည် မည်သည့်ဘာသာတရားကိုမှ မကိုးကွယ်သူ ဘာသာမဲ့တစ်ဦး ဖြစ်သွားခဲ့သည်။ နောက်ပိုင်းတွင် သူမြှောက်စားထားခဲ့သော မွန်မှူးမတ်တစ်ဦး၏ အင်ပါယာကို အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် လုပ်ကြံသတ်ဖြတ်မှုကိုရင်ဆိုင်ခဲ့ရသည်။ 

ဘုရင့်နောင်သည် အင်ပါယာတပ်မတော်နှင့် အင်ပါယာအုပ်ချုပ်ရေးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပေါ်တူဂီကြေးစားစစ်သားများကို ဆက်လက် ငှားရမ်းထားခဲ့သည်။ နောက်ထပ်အတွင်း ပုန်ကန်မှုများကို တားဆီးနိုင်ရန် ပေါ်တူဂီလူမျိုး ခြေလျင်သေနတ်ကိုင် စစ်သည်လေးထောင်၊ မြင်းစီး သေနတ်ကိုင်စစ်သည် လေးထောင်နှင့် မြင်းဆွဲ အမြောက်တပ်စစ်သည် လေးထောင် အထိ စုဆောင်းကာ ဘုရင့်နောင်၏ အနီးကပ်ကိုယ်ရံတော် အစောင့်လိုက်တပ်မကြီး (Emperor’s Escort Guards Corp) အတွင်း ထည့်သွင်းဖွဲ့စည်းထားခဲ့သည်။ 

ပြန်လည်ဆန်းသစ်ရေးခေတ်အတွင်း မြန်မာနိုင်ငံသို့ ရှေးဦး ဥရောပရေကြောင်းကုန်သည်များဖြစ်သော ပေါ်တူဂီ၊ စပိန်နှင့် ဒတ်ခ်ျများထံမှ ဥရောပသမိုင်း၊ ကမ္ဘာ့ပထဝီနှင့် ကမ္ဘာ့မြေပုံစာပေများ စတင်ဝင်ရောက်စီးဆင်းလာခဲ့သော်လည်း တပင်ရွှေထီး ဘုရင်၏အဖြစ်ကြောင့် မသင်မနေရစနစ် မကျင့်သုံးခဲ့ဘဲ ပုဂ္ဂလိကပိုင် ပွဲကျောင်းများ၊ အစုကျေးရွာများ၊ အမြဲတမ်းတပ်ဖွဲ့များ၊ ရုံးတော်၊ အိမ်တော်များနှင့် နန်းတော်များတွင် ဆက်လက်သင်ကြားပေးခဲ့ကြသည်။

(၄) စက်မှုတော်လှန်ရေးခေတ်နှင့် ဉာဏ်အလင်းပွင့်ခေတ် မြန်မာတို့၏အတွေ့အကြုံများ

ဥရောပစက်မှုတော်လှန်ရေးခေတ်အတွင်း ဦးအောင်ဇေယျသည် ဒုတိယ အင်းဝဘုရင့်နိုင်ငံတော်နှင့် တောင်ငူအင်ပါယာကို ပြန်လည် ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ခုခံစစ်ဆင်နွှဲရာမှ စတင်ကာ အေဒီ ၁၇၅၂ ခုနှစ် တွင် ကုန်းဘောင်မင်းဆက်ကို စတင်ထူထောင်မိခဲ့သည်။

     ကုန်းဘောင်ခေတ် မြန်မာ ဧကရာဇ်များသည် “စစ်ဘက်ရေးရာ ဝန်ကြီးများ “ (Ministers for Military Affairs) အဖြစ် အမြောက်ဝန်၊ သေနတ်ဝန်၊ ဆင်ဝန်၊ မြင်းဝန်၊ သူရဲဝန်၊ ဒိုင်းဝန်၊ ကင်းဝန်၊ အစုဝန် ကြည်းတပ်ဝန်ကြီးရှစ်ဦးနှင့် သင်္ဘောဝန်၊ လှေဝန်၊ ဖောင်ဝန် ရေတပ်ဝန်ကြီးသုံးဦးအောက်တွင် အမြောက်တပ်၊ သေနတ်ကိုင်တပ်၊ ဆင်တပ်၊ မြင်းတပ်၊ သံကိုယ်ချပ်ဝတ် ခြေသည် စစ်သူရဲတပ်၊ ဒိုင်းတပ်၊ ကင်းတပ်၊ အစုတပ်၊ သင်္ဘောတပ်၊ လှေတပ်၊ ဖောင်တပ်များကို သီးခြား ဝန်ကြီးဌာန 

၁၁ ခုအဖြစ် သီးခြားစီဖွဲ့စည်းထားရှိခဲ့သည်။

 ဦးအောင်ဇေယျ၏ သားတော်အငယ်ဖြစ်သော ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာ ပြန်လည်အားကောင်းလွှမ်းမိုးလာခဲ့သည်။ ဗဒုံမင်းသည် ထေရဝါဒ ဘာသာရေး ခေါင်းဆောင်များ၏ တောင်းဆိုမှုများကို အကြောင်းပြချက်ပေးကာ အိန္ဒိယရိုးရာ အတတ်ပညာများ၊ မြန်မာ့ ရိုးရာ စစ်ပညာများ၊အနောက်တိုင်း ဥရောပ ခေတ်သစ်အတတ်ပညာများကို အရပ်သားလူငယ်များအား လေ့ကျင့်သင်ကြားပေးနေသော ပုဂ္ဂလိကပိုင် ပွဲကျောင်းများကို ခြွင်းချက် မရှိ တားမြစ်ပိတ်ပင် ဖျက်သိမ်းခဲ့သည်။

      ထို့နောက်တွင် ဥရောပဉာဏ်အလင်းပွင့်ခေတ် (Enlightenment Age) ဖြစ်သော အေဒီ ၁၉ ရာစု ( အေဒီ ၁၈၀၁ ခုနှစ် မှ အေဒီ ၁၉၀၀ ပြည့်နှစ်အတွင်း ) မြန်မာတို့သည် ဗြိတိသျှ အင်ပါယာနှင့် စစ်ပွဲသုံးကြိမ် ဖြစ်ပွားပြီး ကိုလိုနီအဖြစ်သို့ ကျရောက်ခဲ့သည်။

 (၅) ကိုလိုနီခေတ် မြန်မာနိုင်ငံ ( ၁၈၈၅ - ၁၉၃၉ )

ကိုလိုနီခေတ် မြန်မာတို့၏ လူမှုရုပ်ဘဝ အတွေ့အကြုံများအတွင်းသို့ ရေနွေးငွေ့ စက်ခေါင်းတပ် မီးရထားများ နှင့် မီးသင်္ဘောများ၊ လျှပ်စစ် ဓာတ်ရထားများ၊ ဒီဇယ်အင်ဂျင်နှင့်  ဓာတ်ဆီအင်ဂျင်တပ် မော်တော်ကားများ၊ လျှပ်စစ်ဓာတ်အားပေးစက်များ၊ ကြေးနန်း သံကြိုး၊ တယ်လီဖုန်း၊ ပုံနှိပ် နေ့စဉ် သတင်းစာများ၊ ခဲစာလုံး ပုံနှိပ်စက်များ၊ အသံတိတ်နှင့် အသံထွက် ဖလင်ရုပ်ရှင်များ ဝင်ရောက်လာခဲ့ကြသည်။

 မြန်မာတို့၏ လူမှုစိတ်ဘဝ ပြောင်းလဲမှုသည် အနည်းဆုံး အနေဖြင့် ဥရောပတိုက်၏ အေဒီ ၁၄ ရာစုခေတ် လူမှု စိတ်ပိုင်းဆိုင်ရာ အဆင့် နှင့် နီးကပ်သွားခဲ့သည် ။ 

     သို့သော်လည်း မြန်မာ လယ်သမားများ နှင့် အလုပ်သမားများသည် အေဒီ ၁၄ ရာစုခေတ် ဥရောပ လယ်သမားများ နှင့် အလုပ်သမားများ၏ အခြေခံ ကျွမ်းကျင်မှုများ ဖြစ်သော ပန်းရံပညာ ၊ အုတ်ဖုတ်ပညာ ၊ ရွက်လှေ ၊ ရွက်သ‌င်္ဘော ၊ အဆောက်အဦး ၊ ပရိဘောဂ နှင့် လူ့အသုံးဆောင် ပစ္စည်းများ ဆိုင်ရာ လက်သမားပညာ ၊ မြင်း ၊ မြည်း ၊ လား ၊ ကျွဲ ၊ နွား မွေးမြူရေးပညာများ ၊ လယ်ယာစိုက်ပျိုးရေး နှင့် ဥယျာဉ်ခြံ စိုက်ပျိုးရေးပညာများ ၊ ယက္ကန်းပညာ ၊ စားသောက်ကုန် ထုတ်လုပ်ရေး ကျွမ်းကျင်မှုများ နှင့် အခြားသော လက်မှုပညာ ကျွမ်းကျင်မှုများကို ကိုလိုနီခေတ် မြန်မာနိုင်ငံ အတွင်း အနည်းငယ်မျှ လိုက်မှီ တတ်ကျွမ်း လာခဲ့ကြခြင်း မရှိခဲ့ပါ ။

 အင်္ဂလိပ် လူမျိုး အရာရှိ ၊ အရာထမ်းများက မြန်မာလူမျိုးများကို ခေတ်သစ် စက်မှုပညာများ နှင့် ခေတ်သစ် နည်းပညာများကို လေ့ကျင့် သင်ကြာပေးခြင်း မပြုမိစေရန် တတ်နိုင်သမျှ သတိထား ထိန်းချုပ်ထားဆီး ထားခဲ့ပြီး ၊ ယင်းအစား ခေတ်ဟောင်းများမှ ဥရောပ အလုပ်သမား ၊ လယ်သမားများ၏ ရိုးရာ လက်မှုပညာ ကျွမ်းကျင်မှုများ ကို လေ့ကျင့် သင်ကြားပေးရန် ကနဦးအစတွင် ကြိုးစားခဲ့ကြသည် ။ သို့သော်လည်း မြန်မာလူမျိုးစု အသီးသီးမှ သက်ကြီး လက်မှုပညာသည်များက မိမိတို့ ရိုးရာ မဟုတ်သော ၊ ပိုမို ခေတ်မီ ၊ ပိုမို အဆင့်မြင့်နေသော လက်မှုပညာ အခြေခံ ကျွမ်းကျင်မှု အသစ်များကို မလိုမုန်းထား ဆန့်ကျင် နေခဲ့ကြသဖြင့် ၊ နောက်ပိုင်းတွင် အင်္ဂလိပ်လူမျိုး အရာရှိ ၊ အရာထမ်းများသည် မိမိတို့ လေ့ကျင့် ၊ စေခိုင်းရန် လွယ်ကူသော အိန္ဒိယလူမျိုး အလုပ်သမားများကိုသာ အဓိကထား ဆက်လက် လေ့ကျင့်ပေးခဲ့သည် ။

      

 အင်္ဂလိပ် လက်အောက် မြန်မာတို့ ကျ ရောက်သွားခဲ့‌သည့် ခေတ်ကာလများ ဖြစ်သော ၊ ၁၈၈၅ ခုနှစ် မှ ဒုတိယကမ္ဘာစစ် စဖြစ်တဲ့ ၁၉၃၉ အတွင်း ၊ မြန်မာနိုင်ငံမှ ပြည်မ မြေပြန့်လွင်ပြင်ဒေသ (Proper Burma) အခြေစိုက် ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာတွေ ၊ အတွေးအမြင်များသည်   ရသစာပေ ၊ ဒဿနဗေဒ ၊ အတွေးအခေါ် နှင့် လောက အမြင် များတွင် အနည်းဆုံး နှင့် အနိမ့်ဆုံး အနေဖြင့် ဥရောပတိုက်သားများ၏ အေဒီ ၁၄ ရာစု ခေတ်မှ စိတ်ပိုင်းဆိုင်ရာများ ၊ အတွေးများ ၊ လောက အမြင်များကို ကိုလိုနီခေတ် မြေပြန့်ဒေသနေ မြန်မာပြည်သူများ လိုက်မှီ သွားခဲ့ကြသည်ဟု ယေဘုယျအားဖြင့် အကဲဖြတ်၍ ရနိုင်ပါမည် ။ 

(၆) အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုကာလမြန်မာတို့၏အတွေ့အကြုံများ (၁၉၃၉ - ၁၉၄၈)

အမျိုးသား လွတ်လပ်ရေး တိုက်ပွဲ အဆင့်သို့ တိုက်ရိုက် မကူးပြောင်းမှီ အေဒီ ၁၉၀၅ ခုနှစ်မှ ၁၉၃၈ ခုနှစ် အတွင်း ပြည်မမြေပြန့်လွင်ပြင်ဒေသနေ မြန်မာတိုင်းရင်းသားများသည် မကြောက်တရား လှုပ်ရှားမှု ၊ ဝိုင်အမ်ဘီအေ၏ အမျိုး ၊ ဘာသာ ၊ သာသနာ လှုပ်ရှားမှု ၊ အမျိုးသား ပညာရေး လှုပ်ရှားမှု ၊ ဂျီစီဘီအေ၏ ဝံသာနု လှုပ်ရှားမှု ၊ ကိုယ်ပိုင် အုပ်ချုပ်ရေး လှုပ်ရှားမှု ၊ ခေတ်သစ် တိုးတက်ရေး လှုပ်ရှားမှု ၊ ဒို့ဗမာ အစည်းအရုံး နှင့် အခြား မျိုးချစ် အဖွဲ့အစည်းများ စုပေါင်းလှုပ်ရှားခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံ များကို အဆင့်လိုက် ဖြတ်သန်း တွေ့ကြုံခဲ့သည် ။

 အမျိုးသား လွတ်လပ်ရေး တိုက်ပွဲ အဆင့်တွင် မြန်မာတို့၏ လူမှုရုပ်ဘဝ အတွေ့အကြုံများ အဖြစ် ဒုတိယကမ္ဘာစစ် ( ၁၉၃၉ - ၁၉၄၅ ) ၊ ကိုယ်ပိုင် အမျိုးသား တပ်မတော် တစ်ခု  (BIA, BDA, BNA and PBF) ၊ အမျိုးသားရေး တပ်ပေါင်းစုများ ( ဗမာ့ ထွက်ရပ်ဂိုဏ်း ၊ ဒို့ဗမာဆင်းရဲသားပါတီ ၊ ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ (AFO) ၊ ဖတပလ နှင့် ဖဆပလ ) ၊ မြန်မာ အမျိုးသား အစိုးရများ ဖြစ်သောအဓိပတိ ‌ဒေါက်တာဗမော်၏ “ ဗမာနိုင်ငံတော် အစိုးရ ( ၁၉၄၃ - ၁၉၄၅ ) နှင့် နန်းရင်းဝန် ဗိုလ်ချုပ်အောင်ဆန်း၏ ဖဆပလ ညွန့်ပေါင်း အစိုးရ ( ၁၉၄၆ - ၁၉၄၇ ) စသည်တို့ကို တွေ့ကြုံခဲ့ရသည် ။

ထိုအတွေ့အကြုံများကြောင့် မြန်မာတို့၏ အခြေခံသဘောထား အမြင်များတွင် စစ်ရေးအင်အား ကြီးမားသော ကိုယ်ပိုင် အမျိုးသား တပ်မတော် တစ်ရပ်ကို လက်ဝယ် ပိုင်ဆိုင် ထားနိုင်ရေး ဆိုသော သဘောထားမှာ အလွန် အားကောင်းလာခဲ့သည် ။ 

ထိုမှတဆင့် အရာရာ အားလုံး အတွက် စစ်ရေးကို ဗဟိုပြု ထားသော “ စစ်မှုရေးရာဝါဒ “ (Militarism) က မြန်မာနိုင်ငံ အတွင်း လက်ဝဲ ၊ လက်ယာ နှင့် အမျိုးသားရေးဝါဒီ အင်အားစုများ ၊ လူမျိုးရေး လူနည်းစုများ နှင့် ဘာသာရေး လူနည်းစုများ ၏ အင်အားစုများ အပါအဝင် ဘက်အသီးသီးတွင် တပြိုက်တည်း ကြီးထွား လွှမ်းမိုး လာခဲ့သည် ။

 ယေဘုယျ အားဖြင့် ၁၉၃၉ - ၁၉၄၈ ကာလ မြန်မာနိုင်ငံ ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာများ ၊ အတွေးအခေါ်များ နှင့် လောက အမြင်များ သည်  အနည်းဆုံး နှင့် အနိမ့်ဆုံး အနေဖြင့် ဥရောပတိုက်သားများ၏ အေဒီ ၁၅ ရာစုခေတ်  စိတ်ပိုင်း ၊ လောကီ အတွေးအခေါ်ပိုင်း နှင့် လောကီရေးရာပိုင်း လောက အမြင်များကို အတိုင်းအတာ တစ်ခုအထိ မြန်မာတို့က လိုက်မှီ သွားခဲ့သည်ဟု ပြော၍ ရနိုင်မည် ဖြစ်သည် ။ 

 

Most Read

Most Recent