ယခုနှစ် နိုဘယ်ဆုတွေကို ဘယ်သူတွေ ရမလဲ

ယခုနှစ် နိုဘယ်ဆုတွေကို ဘယ်သူတွေ ရမလဲ
Photo: AFP
Photo: AFP
Published 2 October 2022
ခက်ဝေ

နိုဘယ်ဆုတီထွင်သူ အဲလ်ဖရက်နိုဘယ်၏ ဆန္ဒနှင့်အညီ ၁၉၀၁ ခုနှစ်မှစတင်ကာ လူသားထုအတွက် တိုးတက်ဖြစ်ထွန်းစေသည့်အရာများက ုိ စွမ်းဆောင်အားထုတ်ခဲ့သူ အမျိုးသား၊ အမျိုးသမီး၊ အဖွဲ့အစည်းများကို နိုဘယ်ဆုများပေးအပ်ချီးမြှင့်လာခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်အတွက် နိုဘယ်ဆုရသူများကို အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ထုတ်ပြန်ကြေညာသွားတော့မည် ဖြစ်သည်။

ဆေးပညာ၊ ရူပဗေဒ၊ ဓာတုဗေဒ ၊ စာပေနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုများကို ၁၉၀၁ ခုနှစ်မှစတင်ပေးအပ်လာသော်လည်း စီးပွားရေးနိုဘယ်ဆုက ၁၉၆၉ ခုနှစ်မှစတင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဓိကဆုဖြစ်သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိသူကိုအောက်တိုဘာ ၇ ရက်တွင် နော်ဝေနိုင်ငံ၊ မြို့တော် အော်စလို၌ ကြေညာမည်ဖြစ်ပြီး ထိုဆုက ယခုနှစ်တွင် ထူးထူးခြားခြား အရေးပါလိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်လျက်ရှိသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုမှုများကို ဇန်နဝါရီ ၃၁ ရက် (ရုရှားကယူကရိန်းကိုမကျူးကျော်မီ) နောက်ဆုံးသတ်မှတ်ထားသည်။ သို့သော်  နော်ဝေနိုဘယ်ကော်မတီအဖွဲ့ဝင်ငါးဦးက ယခုနှစ်၏ပထမဆုံးကော်မတီအစည်းအဝေး (ယူကရိန်းကျူးကျော်ခံရအပြီး ဖေဖော်ဝါရီလကုန်တွင် ကျင်းပထား) တွင် ၎င်းတို့စိတ်ကြိုက်ရွေးချယ်ထားသူများကို ထပ်အဆိုပြုနိုင်သည်။

အဆိုပြုလျာထားခံရသူများစာရင်းကို လျှို့ဝှက်ထားသော်လည်း  ယခုနှစ်တွင် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ၏ အမည် ၃၄၃ ခု အဆိုပြုခံထားရသည်။

 

နိုဘယ်ငြိမ်းချမ်းရေးဆုက ပူတင်ဆန့်ကျင်ရေးဆုလား

နော်ဝေနိုဘယ်ကော်မတီက နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ထိုက်တန်သည့်သူမရှိဟုယူဆပါက ထိုဆုကို မပေးရန် ဆုံးဖြတ်ခွင့်ရှိသည်။ ထိုဆုံးဖြတ်ချက်မျိုးကိုလွန်ခဲ့သည့်အနှစ် ၅၀ က နောက်ဆုံးအကြိမ် ချခဲ့ဖူးသည်။

ပူတင်ဆန့်ကျင်ရေးဆုအတွက်ဆိုလျှင် အကျဉ်းကျနေသည့် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီနာဗာညီ အလားအလာရှိသကဲ့သို့ ဘီလာရုစ် အတိုက်အခံခေါင်းဆောင် တီခါနော့ဗ်စကာယာလည်း ဖြစ်နိုင်ဖွယ်ရှိသည်။

မနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆုကို သတင်းလွတ်လပ်ခွင့်အားထုတ်ကြိုးပမ်းမှုများကြောင့် ပူတင်၏ဆူးငြှောင့်တစ်ခုဖြစ်သည့် ရုရှားသတင်းသမား ဒီမစ်ထရီမူရာ တော့ဗ်နှင့် ဖိလစ်ပိုင်သတင်းသမား မာရီယာရက်ဆာတို့ ပူးတွဲချီးမြှင့်ခံထားရသည်။

ကျွမ်းကျင်သူများအဆိုအရ ယခုနှစ် ငြိမ်းချမ်းရေးဆုအတွက် အခြားသောအလား အလာရှိသူများထဲ အဂတိလိုက်စားမှုတိုက် ဖျက်ရေးအဖွဲ့ Transparency International ၊ ရာသီဥတုအရေးလှုပ်ရှားသည့် ဆွီဒင်ဆယ် ကျော်သက် ဂရက်တာသန်းဘတ်နှင့် ပတ်ဝန်း ကျင်အရေးတက်ကြွလှုပ်ရှားသူအချို့ ပါဝင်နေသည်။

 

လက်ရှိကမ္ဘာတွင် ယူကရိန်းအရေး၊ ထိုင်ဝမ်အရေးတို့ကြောင့် လုံခြုံရေးပဋိပက္ခကို ရင်ဆိုင်နေရသော်လည်း နော်ဝေနိုဘယ် ကော်မတီအနေဖြင့် ပတ်ဝန်းကျင်အရေးဘက် ကိုထောက်ကြည့်ရန် အချိန်ဖြစ်ကောင်းဖြစ် လိမ့်မည်ဟု စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်း ရေးသုတေသနအဖွဲ့မှ ဒါရိုက်တာဒန်စမစ်က ယူဆသည်။

နိုင်ငံရေးနှင့်သက်ဆိုင်မှုနည်းသည့် ဆုကစာပေနိုဘယ်ဆုဖြစ်သည်။ သို့သော်လည်း ယခုနှစ်တွင်  ထိုဆုရလာမည့်သူက ပူတင်ဆန့်ကျင်ရေးသမား ဖြစ်နေမည်လား စိတ်ဝင်စားစရာကောင်းသည်။

ရုရှားစာရေးဆရာလည်း ဖြစ်၊ ပူတင် ဝေဖန်ရေးသမားလည်း ဖြစ်သည့် လုဒ်မီ လာယူလစ်စကာယာသည် လတ်တလောနှစ်များအတွင်း စာပေနိုဘယ်ဆုအတွက် အလား အလာရှိသူဖြစ်ခဲ့ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရလည်း ယခုနှစ်အတွက် အလားအ လာကောင်းနိုင်သည်ဟု စာပေဝေဖန်ရေး သမားများက AFP ကို ပြောသည်။

နိုဘယ်ဆုရာသီကို အောက်တိုဘာ ၃  ရက်တွင်  ဆေးပညာဆိုင်ရာ နိုဘယ်ဆုကြေညာခြင်းနှင့် စတင်မည်ဖြစ်ကာ အောက်တိုဘာ ၄ ရက်တွင် ရူပဗေဒဆိုင်ရာနိုဘယ်ဆု၊ အောက်တိုဘာ ၅ ရက်တွင် ဓာတုဗေဒဆိုင် ရာနိုဘယ်ဆုများကို ကြေညာမည်ဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၆ ရက်တွင် စာပေဆိုင်ရာနိုဘယ်ဆု၊  အောက်တိုဘာ ၇ ရက်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုတို့ကိုကြေညာမည်ဖြစ်ပြီး အဲလ်ဖရက်နိုဘယ် တီထွင်ခဲ့ခြင်းမဟုတ်သည့် တစ်ခုတည်းသောဆု စီးပွားရေးနိုဘယ်ဆုကိုအောက်တိုဘာ ၁၀ ရက်တွင် အပြီးသတ်ကြေညာသွားမည်။

နိုဘယ်ဆုတစ်ခုစီအတွက် ဆုကြေးငွေမှာ ဆွီဒင်ခရိုနော် ၁၀ သန်းဖြစ်ပြီး ဆုတစ်ဆု ကိုပူးတွဲရပါကဆုကြေးငွေကို ခွဲဝေကြရမည်ဖြစ်သည်။

 

ယူကရိန်းစစ်ပွဲလောင်းရိပ်နှင့် မလွတ်

ဥရောပပါလီမန်အဖွဲ့ဝင်များက ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးနှင့် ယူက ရိန်းပြည်သူများသည် ရုရှားကျူးကျော်စစ်အပေါ် ၎င်းတို့၏ရဲဝံ့စွာခုခံနေမှုအတွက် ယခုနှစ်တွင် နိုဘယ်ကော်မတီ၏ အသိအမှတ်ပြုမှုရသင့်သည်ဟု မေတ္တာရပ်ခံထားသည်။

ထိုတိုက်တွန်းချက်ကို နားလည်ပေး၍ ရသော်လည်း အစဉ်အဆက်အားဖြင့် နိုဘယ်ကော်မတီသည် စစ်ပွဲရပ်တန့်စေသူများကိုသာ အသိအမှတ်ပြုဂုဏ်ပြုခဲ့ခြင်းဖြစ်ပြီး စစ်ပွဲဦးဆောင်သည့် ခေါင်းဆောင်များကို အသိအမှတ်ပြုလေ့မရှိဟု စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့မှ ဒါရိုက်တာ ဒန်စမစ်က ပြောသည်။

ထို့ပြင် ၎င်းက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တိုက်ဖျက်နေသူများ၊ (ငြိမ်းချမ်းရေးနိုဘယ်ဆု ရထားပြီးဖြစ်သည့်) နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA တို့ ကိုငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ပိုအလားအလာရှိသူများအဖြစ် ရှုမြင်နေသည်။

IAEA ကို ထပ်မံ ဂုဏ်ပြုမည်ဆိုပါက ယူကရိန်းတွင် ရုရှားလက်အောက်ကျရောက် ထားသည့် ဇာပိုရီးရှား နျူကလီးယားဓာတ်အားပေးစက်ရုံ၌ ရေဒီယိုသတ္တိကြွမှုကပ်ဘေး  မဖြစ်အောင် ကြိုးပမ်းနေသည့် IAEA ၏ အားထုတ်မှုကို အသိအမှတ်ပြုရာကျမည်ဟုလည်း ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးကို မြှင့်တင်သူတိုင်း နိုဘယ်ဆုဖြင့် အမြဲအသိအမှတ်ပြုခံရသည်ချည်း မဟုတ်ပေ။ အကြမ်းမဖက်နည်းဖြင့် ဗြိတိသျှ အစိုးရကိုဆန့်ကျင်ခဲ့သူ အိန္ဒိယ၏လွတ်လပ် ရေးဖခင်ကြီး မဟတ္တမဂန္ဓီသည် ထိုဂုဏ်ပြုမှု မျိုးကို မည်သည့်အခါကမှ မရခဲ့။

အချို့သောဖြစ်စဉ်များတွင်မူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များသည် ငြိမ်းချမ်းရေးဆု၏တန်ဖိုးကို ထိန်းသိမ်းနိုင်စွမ်း မရှိကြပေ။

ငြိမ်းချမ်းရေးနိုဘယ်ဆုရ ခရစ်ယာန်ဘုန်းတော်ကြီး ကားလို့စ်ဇီးမန့်နက်စ်သည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အရှေ့တီမောတွင်  ယောကျ်ားလေးများကို လိင်ပိုင်း ဆိုင်ရာအမြတ်ထုတ်မှုများရှိခဲ့သည့်အတွက်  စည်းကမ်းပိုင်း အရေးယူခံထားရကြောင်း ဗာတီကန်က ထုတ်ပြန်ထားသည်။

အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီး အာဘီယာအာမက်သည် အိမ်နီးချင်းအီရစ် ထရီးယားနိုင်ငံနှင့် ငြိမ်းချမ်းအောင်လုပ်ဆောင်ခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ခံရသည်။ သို့သော်တစ်နှစ်အကြာတွင်  နိုင်ငံအတွင်းရှိ တီဂရေးဒေသ၌ လူမျိုးစုပဋိပက္ခ အကြီးအကျယ်ပေါ်ပေါက်လာကာ အချို့က အာမက်ကို မီးမွှေးလှုံ့ဆော်သူအဖြစ် မြင်ကြသည်။

ဝေဖန်ရေးသမားများကမူ ၎င်း၏ နိုဘယ်ဆုကို  ပြန်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်အထိ နာမည်ဆိုးထွက်ခဲ့ပြီး နိုဘယ်ကော်မတီကဆုကို ပြန်မရုပ်သိမ်းသော်လည်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent