စစ်မှုမထမ်းမနေရစနစ်၏ အားသာချက်များနှင့် အားနည်းချက်များ

စစ်မှုမထမ်းမနေရစနစ်၏ အားသာချက်များနှင့် အားနည်းချက်များ
Published 26 September 2022
■ ရဲကျော်စွာ

 “စစ်မှုမထမ်းမနေရစနစ် “ ခေါ် “ ပြဋ္ဌာန်းစစ်မှုထမ်းစနစ် “ (Military Service Conscription System) ဆိုသည်မှာ အရွယ်ရောက်ပြီးသူ၊ အသက်ပြည့်သူ၊ ကျန်းမာသန်စွမ်း၍ ကိုယ်လက်အင်္ဂါနှင့် ပြည့်စုံသူ နိုင်ငံသားတိုင်းအား သတ်မှတ်ထားသော အရည်အသွေးစံနှုန်းများ ( ဥပမာ အနိမ့်ဆုံးအရပ်အမြင့်၊ အနည်းဆုံး ကိုယ်အလေးချိန်၊ အခြေခံ စိတ်ကျန်းမာရေးအဆင့်အတန်းများ) နှင့် ပြည့်စုံလျှင် နိုင်ငံတော်၏ လက်နက်ကိုင်တပ်ဖွဲ့များအနက် သတ်မှတ်ပေးထားသော လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုခုအတွင်း ကန့်သတ်ထားသော နှစ်ကာလအပိုင်းအခြားတစ်ခုအတွင်း မဖြစ်မနေစစ်ပညာလေ့ကျင့်သင်တန်းပေးခြင်းနှင့် စစ်သည်များ အဖြစ် စစ်မှုထမ်းစေသောစနစ် ဖြစ်သည်။

■ “စစ်ရေး မဟုတ်သော အမှုမထမ်းမနေရစနစ်“ (Non-Military Conscription System)

 အမှန်စင်စစ်အားဖြင့် “အမှုမထမ်းမနေရစနစ်“ (Conscription System) ဆိုသည်မှာ “စစ်မှုထမ်းခြင်း“ (Military Service) တစ်မျိုးတည်းသာ တည်ရှိခြင်း မဟုတ်ပါ။

 စစ်ရေးမဟုတ်သော နယ်ပယ်များဖြစ်သော အရပ်ဘက်လုံခြုံရေး၊ ဘေးအန္တရာယ်ကယ်ဆယ်ရေး၊ ကျေးလက်ပညာရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း အမျိုးအစားအချို့တွင်လည်း သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံသူများအား ကန့်သတ်ကာလတစ်ခုအတွင်း “အမှုမထမ်းမနေရ စနစ် “ ခေါ် “ ပြဋ္ဌာန်းအမှုထမ်းစနစ်“ ကို ဆိုရှယ်လစ်နိုင်ငံများ၊ လူမှုဖူလုံရေး နိုင်ငံအချို့နှင့် ဒီမိုကရေစီနိုင်ငံအချို့တွင် ယခင်ကလက်တွေ့ကျင့်သုံးခဲ့ကြပြီး ထိရောက်သောဖွံ့ဖြိုးရေး အောင်မြင်မှုများကို ရရှိခဲ့ကြသည်။

■ “အမျိုးသမီး ပြဋ္ဌာန်းလုံခြုံရေး အမှုထမ်းစနစ်“

 ပထမစစ်အေးခေတ် (၁၉၄၆ - ၁၉၉၁) ပြီးဆုံးချိန်နောက်ပိုင်း ဆိုရှယ်လစ်ဗီယက်နမ်နိုင်ငံတွင် အမျိုးသားများအတွက် စစ်မှုမထမ်းမနေရစနစ်ကို ဆက်လက် ကျင့်သုံးနေစဉ်အတွင်း အမျိုးသမီးများအတွက် ရဲမှုထမ်း သို့မဟုတ် လုံခြုံရေးအမှုထမ်းများအဖြစ် အနည်းဆုံးတစ်နှစ်တာလေ့ကျင့်ခြင်းနှင့် တာဝန်ထမ်းဆောင်စေခြင်းကို ပြဋ္ဌာန်းအမှုထမ်း စနစ်အဖြစ် ကျင့်သုံးခဲ့သည်။ ယင်းလုပ်ဆောင်ချက်ကြောင့် နိုင်ငံ၏ အရန်လုံခြုံရေးတပ်ဖွဲ့များအင်အားကို သိသာစွာ မြင့်တက်လာစေခဲ့သည်။ 

■ “ထင်ရှားလူသိများသော ပြဋ္ဌာန်းစစ်မှုထမ်းစနစ်နိုင်ငံများ“

 စစ်မှုမထမ်းမနေရစနစ်ကို လက်တွေ့ကျင့်သုံးနေဆဲနိုင်ငံများအဖြစ် မြန်မာနိုင်ငံအတွင်း အရပ်ဘက်လူ့အဖွဲ့အစည်း၌ လူသိများသောနိုင်ငံများမှာ အစ္စရေး၊ အာရပ်နိုင်ငံများ၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်နှင့် ဆွစ်ဇာလန်နိုင်ငံများ ဖြစ်ကြသည်။

လက်တွေ့တွင် ရုရှားပြည်ထောင်စုအပါအဝင် အချို့သော ဥရောပနိုင်ငံများ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံအချို့တွင် အကန့်အသတ်တစ်ခု အတွင်း စစ်မှုမထမ်းမနေရစနစ်ကို လက်တွေ့ဆက်လက်ကျင့်သုံးနေကြဆဲဖြစ်သည်။ 

■ “ဥပဒေပြဋ္ဌာန်းထားသော်လည်း လက်တွေ့မကျင့်သုံးသောနိုင်ငံများ“

သို့သော်လည်း အစ္စရေး၊ ဗီယက်နမ်နှင့် ဆွစ်ဇာလန်၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအပါအဝင် နိုင်ငံအချို့မှလွဲ၍ အခြားနိုင်ငံအများစုသည် ယင်းပြဋ္ဌာန်း စစ်မှုထမ်းစနစ်ကို လက်တွေ့ကျင့်သုံးနိုင်သော အခွင့်အာဏာများကို အစိုးရများကို အပ်နှင်းထားသော ဥပဒေများကို ပြဋ္ဌာန်းထားသော်လည်း လက်တွေ့ ဆင့်ခေါ်စုဆောင်းမှု မကျင့်သုံးသော နိုင်ငံများရှိသကဲ့သို့ ဆင့်ခေါ်စုဆောင်းခွင့်ရှိသော သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများ၏ အရည်အတွက် အနည်းစုကိုသာလျှင် ဆင့်ခေါ်စုဆောင်းခြင်း လက်တွေ့ပြုလုပ်သောနိုင်ငံများလည်း ရှိကြသည်။ 

 

 မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်၏ USDP အစိုးရလက်ထက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၂၀၁၁-၂၀၁၅) က ပြဋ္ဌာန်းစစ်မှုထမ်းစနစ်အရ မြန်မာနိုင်ငံသား အမျိုးသားနှင့် အမျိုးသမီးများအားလုံးကို စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်စုဆောင်းနိုင်သောအခွင့်အာဏာကို ပြည်ထောင်စုအစိုးရကို အပ်နှင်းထားသော ပြဋ္ဌာန်းစစ်မှုထမ်းစနစ် ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း ယခု ၂၀၂၂ ခုနှစ်အထိ လက်တွေ့ကျင့်သုံးခဲ့ခြင်းမရှိခဲ့ပါ။

■ “ရှေးခေတ်မြန်မာနိုင်ငံ ပြဋ္ဌာန်းအမှုထမ်းစနစ်များ “

 ရှေးခေတ် မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရစနစ်နှင့် အခြားသော အရပ်ဘက်ပြဋ္ဌာန်းအမှုထမ်းစနစ်များ မျိုးစုံကို ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့သော ၁၈၈၅ ခုနှစ်အထိ လက်တွေ့ကျင့်သုံးခဲ့သည်။

ရှေးမြန်မာဘုရင်များက အသက် ၂၀ မှ ၅၀ အတွင်း “အစု“ မျိုးရိုးမှ အမျိုးသားတိုင်းကို အရန်တပ်စစ်သည်များအဖြစ် စစ်မှုထမ်းရန်စုဆောင်းပြီး မိခင်တိုင်း 

အတွက် သားတစ်ဦးစီကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခဲ့သည်။

 “ မြင်းစု“ ခေါ် အဆင့်မြင့်စစ်သည်တော်များ အစုမျိုးရိုးကမူ မြင်းမွေးမြူရေးနှင့် မြင်းလေ့ကျင့်ရေးကို တာဝန်ယူရပြီး အသက် ၂၀ မှ အသက် ၄၀ အထိ အချိန်ပြည့် အမြဲထမ်း စစ်မှုထမ်းမြင်းစီးစစ်သူရဲများအဖြစ် တာဝန်ထမ်းဆောင်ရသည်။

  “ သွေးသောက်စု“ ခေါ် လက်ရွေးစင် ဘုရင့်စစ်သည်တော်များအစုမျိုးရိုးကမူ ဘုရင့်အမြဲတမ်းတပ်မတော် (King’s Standing Army) ၏ စစ်ရေးကေဒါများ အဖြစ် ငြိမ်းချမ်းစဉ်ကာလအတွင်း အမှုထမ်းရပြီး စစ်မက်ကာလများတွင် တိုးချဲ့ထားသော အရန်တပ်များ၏ တပ်မှူးငယ်များ၊ စစ်ဦးစီးအရာရှိငယ်များ၊ တပ်ဖွဲ့ ရုံးအဖွဲ့ဝင်များနှင့် တပ်ထိန်းများအဖြစ် အမှုထမ်းခဲ့ရသည်။ 

■ “ပြဋ္ဌာန်းအမှုထမ်းစနစ်များ၏ အားသာချက်များ“

 စစ်မှုမထမ်းမနေရစနစ် အပါအဝင် ပြဋ္ဌာန်းအမှုထမ်းစနစ်များနှင့် အကြိုလေ့ကျင့်မှုသင်တန်းများက နိုင်ငံသားလူငယ်ထုအား ကာယသန်စွမ်းမှု ၊ နိုးကြားဖျတ်လပ်မှု၊ အမြဲတမ်းအသင့်ဖြစ်မှု၊ စည်းကမ်းစနစ်ကျမှု၊ တိကျသေချာမှု၊ အဖွဲ့အစည်းနှင့် အလုပ်လုပ်တတ်စေခြင်း၊ အတွေ့အကြုံများ၊ ကျွမ်းကျင်မှုများနှင့် အခြေခံသိမှုနယ်ပယ်များကို မြှင့်တင်ပေးခြင်း၊ အခြေခံ လူမှုဆက်ဆံရေး အရည်အသွေးကို မြှင့်တင်ပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော တစ်ကိုယ်ရေ နေထိုင်မှု နှင့် တစ်ကိုယ်ရေ စားသောက်မှု အလေ့အထကောင်းများကို ရရှိစေခြင်း အစရှိသော အလေ့အကျင့်ကောင်းများကို ဖြစ်ပေါ်စေသည်။

စစ်မှုမထမ်းမနေရစနစ် အပါအဝင် ပြဋ္ဌာန်း အမှုထမ်းစနစ်များကြောင့် သက်ဆိုင်ရာနိုင်ငံအတွင်း စစ်ရေးမဟုတ်သော အခြားသောနယ်ပယ်များ ဖြစ်ကြသည့် အရပ်ဘက်လုံခြုံရေး၊ အရပ်ဘက်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံ အဆောက်အအုံလုပ်ငန်းများ၊ အိမ်သုံးနှင့် အရပ်ဘက်သုံး စက်မှု၊ လျှပ်စစ်၊ အီလက်ထရွန်နစ် ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး၊ မြေယာဉ်၊ ရေယာဉ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အတွက် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးခြင်းနှင့် သဘာဝတရားအတွင်း အသက်ရှင်သန်ကျန်ရစ်ရေးဆိုင်ရာ အခြေခံကျွမ်းကျင်မှုများ (Basic Survival Skills) ကို တိုးတက်စေခြင်း အစရှိသော ကောင်းသော အကျိုးဆက်များစွာက်ု ဖြစ်ပေါ်စေသည်။

■ “ပြဋ္ဌာန်း အမှုထမ်းစနစ်၏ အားနည်းချက်များ“

ရောမအင်ပါယာမတိုင်ခင်က ရှေးဟောင်းခေတ် အင်ပါယာများနှင့် မြိုပြယဉ်ကျေးမှုအားလုံးသည် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ စနစ်ကို အသီးသီး ကျင့်သုံးခဲ့ကြသော်လည်း နောက်ဆုံးတွင် ပြိုကွဲကျဆုံးချုပ်ငြိမ်းခဲ့သည်။

 အနှစ်တစ်ထောင်နီးပါး အဓွန့်ရှည်ခဲ့ဖူးသော ရောမအင်ပါယာကိုယ်တိုင်သည်လည်း ရောမလူမျိုးများအတွက် စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးခဲ့သော်လည်း နောက်ဆုံးတွင် ကျဆုံးပြိုလဲခဲ့ကြသည်။

 အလယ်ခေတ်အတွင်း ထင်ရှားခဲ့သော အရှေ့တိုင်းအင်ပါယာများဖြစ်ကြသည့် အာရပ်အစ္စလာမ်မစ် ခါလီဖိတ် အင်ပါယာ၊ တူရကီ အော်တိုမန် ခါလီဖိတ် အင်ပါယာ၊ မဂိုလ် အစ္စလာမ်မစ် အင်ပါယာ၊ တရုတ် အင်ပါယာများနှင့် မန်ချူးအင်ပါယာတို့သည်လည်း စစ်မှုမထမ်းမနေရစနစ်များကို အသီးသီးကျင့်သုံးခဲ့ကြသော်လည်း  နောက်ဆုံးတွင် ကျဆုံးပြိုလဲခဲ့ကြသည် ။

အေဒီ ၁၆ ရာစုမှ အေဒီ ၂၀ ရာစုအတွင်း ခေတ်သစ်စစ်ရေးနည်းပညာအသစ်များနှင့်အတူ ကမ္ဘာ့ထိပ်တန်း ဥရောပရေကြောင်းအင်ပါယာများ (European Naval Maritime Empires) ဖြစ်ခဲ့ကြသော စပိန်အင်ပါယာ၊ ပေါ်တူဂီအင်ပါယာ၊ ဒတ်ခ်ျအင်ပါယာ၊ ဂျာမန်အင်ပါယာ၊ အီတာလျံအင်ပါယာ၊ ဗြိတိသျှအင်ပါယာနှင့် ပြင်သစ်အင်ပါယာတို့သည်လည်း  စစ်မှုမထမ်းမနေရစနစ်များကို လက်တွေ့ကျင့်သုံးခဲ့ကြသော်လည်း နောက်ဆုံးတွင် ကျဆုံးပြိုလဲခဲ့ကြသည်။

ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ့ဥရောပကွန်မြူနစ်နိုင်ငံများသည် ကွန်မြူနစ်ပါတီများမှ နိုင်ငံရေးမှူးများ (Political Commissars) က ထိန်းချုပ်ထားသော ဆိုရှယ်လစ်တပ်မတော်များ၏ စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးခဲ့ကြသော်လည်း လက်ယာတန်ပြန်တော်လှန်ရေး အရပ်ဘက်အုံကြွမှုများကို မနှိမ်နင်းတော့ဘဲ ၁၉၈၉-၁၉၉၁ ခုနှစ်ကာလများအတွင်း ပထမမျိုးဆက် အရှေ့အုပ်စုဟောင်း ကျဆုံးပြိုလဲခဲ့သည်။

 မော်စီတုန်းခေတ်မှ စစ်မှုမထမ်းမနေရ စနစ်‌ဟောင်းကို လက်တွေ့ကျင့်သုံးခြင်းကို ပြန်လည်ရပ်ဆိုင်းထားခဲ့ပြီး ဆန္ဒအလျောက် စစ်မှုထမ်းသူများဖြင့်သာ အမြဲတမ်းတပ်များကို ပြင်ဆင်ပြောင်းလဲ၊ ဖွဲ့စည်းထားခဲ့သော တိန့်ရှောင်ဖိန့်၏ ကွန်မြူနစ်တရုတ်ပြည်သည် ၁၉၈၉ ခုနှစ် လက်ယာတန်ပြန်တော်လှန်ရေး အရပ်ဘက်အုံကြွမှုများကို အောင်မြင်စွာ အင်အားသုံးနှိမ်နင်းနိုင်ခဲ့ပြီး ခေတ်သစ်ဆိုရှယ်လစ် တရုတ်ပြည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမည့်အရေးကို အောင်မြင်စွာ တားဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

■ “ဗီယက်နမ်စစ်ပွဲမှ သင်ခန်းစာယူခြင်း“

၁၉၇၆ ခုနှစ်တွင် ကွန်မြူနစ်မြောက်ဗီယက်နမ်က တောင်ဗီယက်နမ်ကိုသိမ်းယူပြီးနောက် အရှက်တကွဲဖြင့် စစ်ရှုံးလာခဲ့သော အမေရိကန်ပြည်ထောက်စုသည် ဗီယက်နမ်စစ်ပွဲမှ သင်ခန်းစာများကိုရယူကာ နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အင်စတီကျူးရှင်းများကို အခြေခံမှစတင်ကာ ပြင်ဆင်ပြောင်းလဲပြုပြင်ခဲ့သည်။

 ဗီယက်နမ်စစ်ပွဲအတွင်း စစ်မှုမထမ်းမနေရစနစ်ဖြင့် ဆင့်ခေါ်စုဆောင်းလာသော စစ်မှုထမ်းများ၏ အားနည်းချက်များကြောင့် ဖြစ်ပေါ်လာခဲ့သော စစ်ပွဲရှုံးနိမ့်မှု နှင့် အုပ်ချုပ်မှုအမှားများကို သင်ခန်းစာယူကာ ဗီယက်နမ်စစ်ပွဲအပြီးတွင် အမေရိကန်ပြည်ထောင်စုအတွင်း စစ်မှုမထမ်းမနေရစနစ်ကို လက်တွေ့ကျင့်သုံးခြင်းအား 

အပြီးအပိုင်ရပ်ဆိုင်းခဲ့သည်။

 အမေရိကန်တပ်ဖွဲ့များနှင့် အရန်တပ်ဖွဲ့များအတွက် မိမိဆန္ဒအလျောက် စစ်မှုထမ်းသော အမြဲတမ်းတပ်စစ်သည်များနှင့် အရန်တပ်စစ်သည်များဖြင့်သာ အရည်အသွေး ပိုမိုမြင့်မားစွာဖြင့် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

 အမေရိကန်ပြည်ထောင်စု၏ အရန်တပ်များကို ဖွဲ့စည်းရာတွင် ကြည်းတပ်မတော် လက်အောက်ခံ အရန်တပ်ဖွဲ့များအဖြစ် “အမျိုးသား အစောင့်တပ်“ ခေါ်  “နိုင်ငံတော်စောင့်တပ် “ (National Guards) ၊ “အမျိုးသားအရန်တပ်“ ခေါ်  “နိုင်ငံတော် အရန်တပ်“ (National Reserve Corp)၊ ရေကြောင်းချီ တပ်မတော် လက်အောက်ခံအရန်တပ်ဖွဲ့၊ ရေတပ်မတော်လက်အောက်ခံအရန်တပ်ဖွဲ့၊ လေတပ်မတော် လက်အောက်ခံအရန်တပ်ဖွဲ့၊ မြို့ပြကာကွယ်ရေးတပ် (Civil Defense) အရန်တပ်ဖွဲ့၊ ပြည်နယ်အစောင့်တပ်ဖွဲ့များ (State Guards) အစရှိသော ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်ကိုယ်စီနှင့် ကျည်ကာဝတ်စုံ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး၊ ချပ်ဝတ်တန်ဆာ အပြည့်အစုံဝတ်ဆင်ထားသော အမျိုးအစားပေါင်းစုံလက်နက်ကိုင် အရန်တပ်ဖွဲ့များကို မတူညီသော စုဆောင်းရေးစံချိန်စံညွှန်းများဖြင့် ဆန္ဒအလျောက် စာရင်းပေးစစ်မှုထမ်းသူများဖြင့်သာ လေ့ကျင့်ဖွဲ့စည်းထားခဲ့သည်။ 

ထိုအမြဲတမ်းတပ်ဖွဲ့များနှင့် အရန်တပ်ဖွဲ့များကြောင့် အမေရိကန်ပြည်ထောင်စုသည် ဗီယက်နမ်စစ်ပွဲအပြီး နောက်ပိုင်းကာလ၊ ပထမ စစ်အေးခေတ်နှောင်းပိုင်း နှင့် ၂၀ ရာစု နှောင်းပိုင်းတွင် လက်တင်အမေရိကဒေသများအတွင်း ကွန်မြူနစ်ပြောက်ကျားများကို နှိမ်နင်းတိုက်ဖျက်သော “တန်ပြန်ပြောက်ကျား စစ်ဆင်မှု “ (Counter Guerilla Warfare) ကို ထိရောက်စွာ ဆင်နွှဲအောင်မြင်ခဲ့သည်။

ထိုကဲ့သို့သော ဆန္ဒအလျောက် စစ်မှုထမ်းသူများဖြင့်သာ “အထူးပြု ကျွမ်းကျင်စစ်သည်များ“ (Professional Soldiers) အဖြစ် လေ့ကျင့် ဖွဲ့စည်းထားသော အမေရိကန်တပ်ဖွဲ့များသည် အာဖဂန်နစ္စတန်စစ်ပွဲနှင့် ဒုတိယအမေရိကန်-အီရတ် စစ်ပွဲများအတွင်း ကြီးမားသော စစ်ရေးအောင်မြင်မှုများကို ဆောင်ကြဉ်းပေးနိုင်ခဲ့ကြသည်။

ခေတ်လွန် အဆင့်မြင့်နည်းပညာများ ထွန်းကားနေသော ယနေ့ခေတ်လူ့အဖွဲ့အစည်းအတွင်း စစ်မှုမထမ်းမနေရစနစ်ဖြင့် အတင်းအကျပ် စုဆောင်းသော ယာယီစစ်မှုထမ်းများနှင့်စာလျှင် ဘက်ပေါင်းစုံ စနစ်တကျ လေ့ကျင့်ပေးထားသော၊ ဆန္ဒအလျောက် စစ်မှုထမ်းသော အမြဲတမ်းတပ်များနှင့် အရန်တပ်များမှ အထူးပြု ကျွမ်းကျင်ပရော်ဖက်ရှင်နယ်စစ်သည်တော်များကသာ ထိရောက်မြင့်မားသော စစ်ရေးအောင်မြင်မှုများကို ဆောင်ကြဉ်းပေးနိုင်ရန် ပိုမိုအခွင့်အရေး ရှိကြောင်းကို ခေတ်သစ် နိုင်ငံတကာစစ်ဝိဇ္ဇာပညာများ (Military Arts) နှင့် စစ်သိပ္ပံပညာများ (Military Sciences) နယ်ပယ်များအတွင်း ကျွမ်းကျင်သူ အားလုံး နီးပါးက အတည်ပြု လက်ခံထားခဲ့ကြပြီးဖြစ်သည်။

■  “နောက်ကျောမှထိုးသော ဓားသွားများ “

့သော်လည်း ယင်းစစ်ပွဲများအပြီးတွင် အမေရိကန်နိုင်ငံရေးသမားများနှင့် ပုဂ္ဂလိက စီးပွားရေးကော်ပရိတ်အရင်းရှင်များ၏ အဂတိလိုက်စားမှု အရှုပ်တော်ပုံများကြောင့် အမေရိကန်လူထုအတွင်း စစ်ပွဲကို ထောက်ခံမှုများ ပြန်လည်ကျဆင်းလာခဲ့ကြခြင်းနှင့်အတူ ၂၀၀၈ ခုနှစ်မှ စတင်ခဲ့သော အမေရိကန် ဘဏ္ဍာရေးနှင့် စီးပွားရေး အကြီးစားကျဆင်းမှု ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် အမေရိကန်တပ်ဖွဲ့များကို ပြန်လည် ရုပ်သိမ်းပေးခဲ့ရသည်။

 ရောမအင်ပါယာ၏ ဆီးနိတ်လွှတ်တော်မှ စတင်ကာ ၂၁ ရာစုခေတ် အမေရိကန်ကွန်ဂရက်လွှတ်တော်ခေတ်အထိ ရှေ့တန်းစစ်မြေပြင်မှ စစ်သည်တော်များက ဆောင်ကြဉ်းလာခဲ့သော အောင်ပွဲများကို ဘက်စုံအဂတိလိုက်စားနေသော ခေါင်းဆောင်များ၊ ထိပ်တန်းအီလစ်များ၊ ထိပ်တန်းစီးပွားရေးသမားများ၊ မှူးမတ်များ၊ အလယ်အလတ်အဆင့် အီလစ်များ၊ အရပ်သားနိုင်ငံရေးသမားများနှင့် အလယ်အလတ်အဆင့် စီးပွားရေးသမားများက တက်ညီလက်ညီ ပူးပေါင်း ဖျက်ဆီး ခဲ့ကြသည်မှာ လူမျိုးနွယ်၏ သမိုင်းစဉ် တစ်လျှောက် ယခုအချိန်အထိ အကြိမ်ကြိမ် ရရှိခဲ့ကြသော၊ ဘယ်တော့မှ မရိုးနိုင်ဆဲ ဖြစ်နေသော လက်တွေ့သင်ခန်းစာများပင် ဖြစ်သည်။

 

Most Read

Most Recent