ရွေးကောက်ပွဲ ဖြစ်ရေး မဖြစ်ရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးအပေါ်တွင် မူတည်နေပြီး ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲ ဖြစ်ရေး မဖြစ်ရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးအပေါ်တွင် မူတည်နေပြီး ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 13 September 2022

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲဖြစ်ရေး မဖြစ်ရေးသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးအပေါ်တွင် မူတည်နေပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၆ ရက်က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) ၌ ရုရှားနိုင်ငံ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms.Kukushkina Tatiana ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲ ဖြစ်ရေး မဖြစ်ရေးဆိုတာကတော့  ငြိမ်းချမ်းရေးနဲ့ စီးပွားရေးအားကောင်းလာဖို့ နိုင်ငံရေးတည်ငြိမ်အေးချမ်းဖို့ ဒီအပေါ်မှာ အများကြီးတည်ပါတယ်။ တတ်နိုင်သလောက် ကျွန်တော်တို့ ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြောလိုပါတယ်” ဟု ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ မဲဆန္ဒရှင်များအား အပြင်မှ ဖိအားပေးပြီး မဲထည့်စေသည့် ဖြစ်ရပ်မျိုးမဖြစ်ရန်လိုကြောင်း၊ ပြည်သူများ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိရန် အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“ရွေးကောက်ပွဲဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ပဲ။ နောက်ပြီးတော့ အပြင်ကနေ ဖိအားတွေပေးပြီးတော့မှ မဲထည့်စေတဲ့ဖြစ်ရပ်မျိုး မဖြစ်ဖို့လိုပါတယ်။ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိဖို့ သိပ်အရေးကြီးပါတယ်။ ဒါမှသာ သူတို့ရဲ့ ခံစားချက်ကို သူတို့ဆန္ဒဖော်ထုတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကဒီဟာကိုရအောင် ကျွန်တော်တို့ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်တွင် ပထမအကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် တတိယအကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ပထမအကြိမ်ပြုလုပ်ရာတွင် မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၅ မြို့နယ်၌ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဒုတိယအကြိမ်ပြုလုပ်ရာတွင် မြို့နယ်ပေါင်း ၃၃၀ အနက် ၃၂၃ မြို့နယ်၌ ပြုလုပ်နိုင်ခဲ့ကြောင်းနှင့် တတိယအကြိမ်ပြုလုပ်ရာတွင် မြို့နယ်ပေါင်း ၃၃၀ အနက် ၃၁၅ မြို့နယ်၌သာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“ဒီမိုကရေစီမှာ ရွေးကောက်ပွဲက သိပ်အရေးကြီးပါတယ်။ ရွေးကောက်ပွဲဖြစ်ပြီးမှသာ ရွေးကောက်ပွဲက  တက်လာတဲ့အမတ်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး တခြားနိုင်ငံတော်အဆင့်က ဖွဲ့စည်းပြီး တာဝန်ပေးတာတို့၊ ရွေးချယ်တာတို့ လုပ်ပါတယ်။ ဆိုလိုတာကတော့ ပြည်သူတွေက ဒီအခွင့်အရေးကို အားလုံးရဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် မြို့နယ်တစ်မြို့နယ်တွင် ရွေးကောက်ပွဲလုပ်နိုင်သည့် အရေအတွက်လျော့ကျသွားပါက ယင်းမြို့နယ်တွင်ရှိသည့် ပြည်သူများ ဒီမိုကရေစီအခွင့်အရေးဆုံးရှုံးခြင်းကို ဖော်ပြနေကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ဒီမိုကရေစီအခွင့်အရေးကို ရပိုင်ခွင့်ရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ရွေးကောက်ပွဲပြုလုပ်နိုင်ရေးဖြစ်ပါတယ်။ ဒါကြောင့် စောစောက ခင်ဗျားမေးခဲ့တဲ့မေးခွန်းထဲက ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုပါတယ်။ ဒါတွေက ရွေးကောက်ပွဲနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်ငြိမ်းချမ်းရေးရအောင် လုပ်ပြီးတော့မှ အဲဒီနယ်မြေတွေမှာရှိတဲ့ ပြည်သူတွေ ရွေးကောက်ပွဲကိုဝင်နိုင်အောင် ကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးတော့ ကျွန်တော်ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။