တစ်ကျော့ပြန် ရခိုင်စစ်မီးနှင့် စစ်ဘေးရှောင်တို့၏ဒုက္ခ

တစ်ကျော့ပြန် ရခိုင်စစ်မီးနှင့် စစ်ဘေးရှောင်တို့၏ဒုက္ခ
၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ်
Published 11 September 2022

(၁) ရခိုင်ပြည်နယ်တွင် နှစ်နှစ် ကျော်ကြာ အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ နိုဝင်ဘာ လဆန်းပိုင်းမှစ၍ တပ်မတော်နှင့် AA အကြား နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများ ရပ်တန့်ခဲ့သည်။

နောက်ပိုင်းတွင် AA သည် ပြည်နယ်တွင်း သြဇာလွှမ်းမိုးရန်အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပြီး ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်ခဲ့သည်။ ပြည်သူလူထုအနေဖြင့် မတရားခံရမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာစသည့် အမှုအခင်းများအပြင် တရားဥပဒေအဆုံးအ ဖြတ် ခံယူရမည့် အမှုအခင်းအားလုံးကို တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်အချို့၌ သြဂုတ်လ ဒုတိယပတ်မှစ၍ တပ်မတော်က ရိက္ခာနှင့်  စစ်သည်အင်အား တိုးချဲ့နေ၍ ဒေသတွင်း စိုးရိမ်မှုများမြင့်တက်ခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် သြဂုတ် ၁၅ ရက်တွင် ​​အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနှင့် အွန်လိုင်းဆက် သွယ်မေးမြန်းခန်းတွင် AA  စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်းများကို တန်ပြန်ပြီး တပ်မတော်က စစ်ရေးလှုပ်ရှားလာခြင်း၊ ခြိမ်းခြောက်လာခြင်းတို့ကြောင့် သတိထားစောင့်ကြည့်နေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့်အနေအထားကို ရောက်ရှိနေသောကြောင့် စစ်ရေးသတိကြီးစွာဖြင့် အထူးသတိထားစောင့်ကြည့်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (AA) က ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ရခိုင်ကျေးရွာများအတွင်း နယ်မြေစိုးမိုးရေးအတွက် အကြောင်းပြချက်အမျိုးမျိုးဖြင့် လှုပ်ရှားသွားလာနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တပ်အပြောင်းအရွှေ့ ဆက်တိုက် လုပ်ဆောင်နေခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဒေသတွင်း သယ်ယူပို့ဆောင်နေမှုများကို ဆက်လက်ဟန့်တား ပိတ်ပင်တားမြစ်နေခြင်းများကြောင့် ပြည်သူတို့ စားဝတ်နေရေး ခက်ခဲလာသလို နှစ်ဖက်တပ်အကြား တင်းမာမှုများ မြင့်တက်စေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်သူများ “စစ်ရေး သတိရှိကြရန်”လည်း AA က သတိပေးထားသည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း တစ်နှစ်အကြာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းမှစ၍ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့နေရာ သုံးနေရာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရခိုင်ပြည်နယ်တွင် တပ်မတော်က အင်အားတိုးချပြီး စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အတွက် တိုက်ပွဲဝင်နိုင်ရေး အသင့်ရှိရန် ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ်က ၎င်း၏တပ်ဖွဲ့ဝင်များကို သတိပေးလိုက်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ လိုင်ဇာမြို့တော်တွင် ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်က ကျင်းပသည့် AA ထူထောင်ခြင်း ၁၃ နှစ် ပြည့်အခမ်းအနားတွင် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အထက်ပါအတိုင်း သတိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။

“ရဲဘော်တို့ စစ်ရေးသတိကို မည်သည့်အခါမှ မပေါ့ဆကြနဲ့။ ဗဟိုက အမိန့်ပေးလာတာနဲ့ တိုက်ပွဲဝင် နိုင်ဖို့ အဆင်သင့်ရှိနေကြပါ”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။

(၂) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကမူ ယခု ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့သည်။

ဧပြီ ၂၂ ရက်တွင် နကစဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

“ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် လိုအပ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် တွေ့ဆုံပြီးပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

လိုအပ်ပါက ထပ်မံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်း ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်ကိုယ်တိုင်နှင့် အဖွဲ့ဝင်နှစ်ဦး တက်ရောက်ရန် ၎င်းက ဖိတ်ခေါ်သည်။

နေပြည်တော်သို့ လာရောက် ဆွေးနွေးရေးအတွက် မေ ၉ ရက်နေ့ နောက်ဆုံးထားအကြောင်းပြန်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ်းလှမ်းခဲ့ရာ တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ရန်မဖြစ်နိုင်သေးကြောင်း တုံ့ပြန်ခဲ့ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို အကြောင်းမပြန်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် ရက္ခိုင့်တပ်တော် (AA) လည်း ပါဝင်ခဲ့သည်။

(၃) နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အာဏာစက်တည်ထောင်ရန် AA က ကြိုးပမ်းလာသည်။

ရခိုင်ပြည်နယ်အတွင်း ၎င်းတို့ လုပ်ဆောင်နေသော တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးပိုင်းကို တပ်မတော်ဘက်က အနှောင့်အယှက်ပေးနေကြောင်း ဧပြီလဆန်းပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ထုတ်ဖော်ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် တောင်ကုတ် မြို့နယ်တို့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ တရားရေးဌာနကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ULA ၏ နယ်မြေခံတရားရုံးအချို့ ပိတ်ထားခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“ULA တရားရေးဌာနမှာ အမှုတိုင်ထားတဲ့ အမှုသည်များကို ခေါ်ယူပြီး သူတို့ တရားရုံးမှာ တိုင်ရမယ်။ ULA တရားရုံးမှာတိုင်ရင် ဥပဒေအရ အရေးယူမယ်ဆိုပြီးတော့ ပြည်သူတွေကို ပြောဆိုနေတာတွေရှိနေပါတယ်”ဟု ခိုင်သုခက ဆိုသည်။

ထို့ပြင် တပ်မတော်၏ လှုပ်ရှားမှုများအပေါ် အထူးသတိထားစောင့်ကြည့်နေပြီး စစ်ရေးအရ ထိပ်တိုက်တွေ့လာနိုင်သည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။​

(၄) ဒေသတွင်း ဖမ်းဆီးမှု၊ လုံခြုံရေး တင်းကျပ်မှုများရှိနေချိန်တွင် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ် နပခတိုင်းမှူးကို ၂၀၂၂ ခုနှစ် မေ ၆ ရက်တွင် ၎င်း၏ လူမှုကွန်ရက် Twitter မှတစ်ဆင့် သတိပေးပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ၏ တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်”ဟု ရေးသားထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း နေရာဒေသအများပြား၌ စစ်ရေးကိစ္စရပ်များကို အဓိကတာဝန်ယူ ကွပ်ကဲအုပ်ချုပ်နေသည့် ဌာနချုပ် တစ်ခုလည်း ဖြစ်သည်။

ဧပြီလမှစ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်အချို့တွင် တပ်မတော်က စစ်ရေးလှုပ်ရှားမှုများကို ပိုမိုပြုလုပ်ဆောင်လာနေသလို စစ်ဆေးရေးဂိတ်များ တိုးမြှင့်ချချိန်တွင် AA စစ်ဦးစီးချုပ်က ယခုကဲ့သို့ ပြော ဆိုလာခြင်းလည်း ဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သောကြောင့် တပ်မတော်ရှိသည့် နေရာများအနီး သွားလာခြင်းကို ရှောင်ရှားကြရန် ရက္ခိုင့်တပ်တော် (AA) က ၂၀၂၂ ခုနှစ် မေ ၁၅ ရက် တွင် သတိပေးခဲ့သည်။

တပ်မတော်က စစ်အင်အား ထပ်မံတိုးချဲ့နေခြင်း၊  AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း၊ အဆိုပါကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော မိမိတို့တရားရေး ဝန်ထမ်းများကို ဖမ်းဆီးရန် ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ဟု AA က ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် မေ ၁၆ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ULA။AA တို့ အွန်လိုင်းမှ တွေ့ဆုံခဲ့ပြီး AA စစ်ဦးစီးချုပ်နှင့် အထွေထွအတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင်တို့ ဆွေးနွေးခဲ့ကြ သည်ဟု NUG ဘက်က ထုတ်ပြန်သည်။ AA နှင့် NUG အကြား ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး တပ်မတော်နှင့် စစ်ရေးတင်းမာနေချိန်၌ ထိုတွေ့ဆုံမှု ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

နောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်၏ ကရင်ပြည်နယ်က စစ်စခန်းတစ်ခုကို တပ်မတော်က ဗုံးကြဲတိုက် ခိုက်ခဲ့ပြီးတဲ့နောက် AA ဘက်ကလည်း မောင်တောမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

 (၅) အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတိပေးခဲ့ပြီးနောက် တပ်မတော်ဘက်ကမူ ရခိုင်ပြည်သူများ ဒုက္ခမရောက်စေရန် ၎င်းတို့အနေဖြင့် ထိန်းသိမ်းနေခြင်းသာဖြစ်ကြောင်း တုံ့ပြန်သည်။

၂၀၂၂ ခုနှစ် မေ ၁၉ ရက်က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီအချိန်မှာ ကျွန်တော်တို့ လုပ်နေတာ၊ ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ထပ်ပြောပါမယ်။ ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ လုပ်နေတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။

“အဲဒီအတွက် အခုဖြစ်နေတဲ့ ဟာတွေနဲ့ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ ကျွန်တော် ပြောချင်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

AA အနေဖြင့် ဒေသအတွင်း ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများအတွင်း ဝင်ရောက်နှောင့်ယှက်ခြင်းများ ရှိခဲ့ကြောင်း၊ ယင်းအပေါ်တွင် တပ်မတော်အနေဖြင့်သည်းခံခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နောက်ပိုင်းတွင် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦးနှင့် မြေပုံမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသလို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

၂၀၂၂ ခုနှစ် သြဂုတ် ၃၁ ရက် မြန်မာ-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄ဝအနီးရှိ တပ်မတော် စခန်းတစ်ခုကို AA က သိမ်းပိုက်ပြီးနောက်ပိုင်း တပ်မတော်နှင့် AA အကြားတွင် စစ်ရေးတင်းမာမှုက အထွတ်အထိပ်သို့ ရောက်ခဲ့သည်။

(၆) လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် စက်တင်ဘာ ၅ ရက်အထိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် လူဦးရေ ၉,၆၀၀ နီးပါး လတ်တလော နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် အတွက် နေရပ်စွန့်ခွာသူဦးရေ ၈၄,၀၀၀ အထိရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA MYANMAR) က စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ များပြားလာပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ တိုးလာကြောင်း OCHA MYANMAR ဆိုသည်။

၂၀၂၂ ခုနှစ် သြဂုတ်လဆန်းပိုင်းက စတင်ပြီး ပလက်ဝမြို့တောင်ပိုင်း ကုလားတန်မြစ်အနီးနှင့် ကျောက် တော်-ဆမီး-ပလက်ဝလမ်းပိုင်းတွင် ပြင်းထန်သောတိုက်ပွဲများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် အင်အားဖြည့်တင်းမှုများရှိသည်ဟု သိရှိရကြောင်း OCHA MYANMAR က ဆိုသည်။

အလားတူ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ရသေ့တောင် နှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွားနေသည်ကို သိရှိရကြောင်း၊  ရခိုင်ပြည်နယ် အလယ်ပိုင်း မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပြင် ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်မြို့နယ်အထိ တိုက်ပွဲများ ကျယ်ပြန့်ခဲ့ကြောင်း၊ ပြည်နယ်အတွင်းရှိ နေရာအနှံ့အပြားတွင် လုံခြုံရေး အစီအမံများ တင်းကျပ်နေကြောင်း OCHA MYANMAR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကုန်းလမ်းရော ရေလမ်းပါ ပိတ်ဆို့ထားပြီး ပလက်ဝမြို့နယ်သို့ ဆေးဝါးနှင့် အစားအစာဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း၊ ယင်းအစီအမံများသည် အရပ်သားပြည်သူများ၏ သွားလာမှုကို ကန့်သတ်ထားပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ဝင်ရောက်ပံ့ပိုးခွင့်ကိုလည်း အဟန့်အတားဖြစ်ပေါ်စေကြောင်း OCHA MYANMAR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ဆေးဝါးနှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်မှု ကန့်သတ်ထားပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA MYANMAR) က ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား လက်နက်ကိုင်တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ဆက်လက်ဆိုးရွားနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်တွင် လက်နက်ကြီး အသုံးပြုပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း၊ ရသေ့တောင်မြို့နယ်အတွင်း အိမ်ထောင်စု ၁၀၀ ခန့် (လူဦးရေ ၃၆၄ ဦး) သည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒေသခံမိတ်ဖက်အဖွဲ့အစည်းများက အကူအညီများ ပေးထားကြောင်း OCHA MYANMAR က ဆိုသည်။

၂၀၂၂ခုနှစ် သြဂုတ်လဆန်း ပိုင်းကတည်းကစပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်များထံ ဆေးဝါးနှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းကို ကန့်သတ်ထားပြီး ကုန်းလမ်းနှင့်ရေလမ်းပိတ်ဆို့ထားခြင်းများ အပါအဝင် နေရာအများအပြား၌ လုံခြုံရေး တင်းကျပ်ထားကြောင်း OCHA MYANMAR က ထုတ်ပြန်သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားခဲ့သည့် ယခင်တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ  ၅,၅၀၀ နီးပါး ရှိကြောင်း၊ ‌ဒေသခံမိတ်ဖက်အဖွဲ့များအနေဖြင့် နေရပ်စွန့်ခွာကြရသူများကို အခြေခံလိုအပ်ချက်များ ကူညီပေးနေသော်လည်း ရွှေ့ပြောင်းနေထိုင်ရသည့် နေရာအများစုတွင် တားမြစ်ကန့်သတ်ချက်များကြောင့် သွားရောက်ကူညီရန် ခက်ခဲနေကြောင်း OCHA MYANMAR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာပြီးနောက်ပိုင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံရခြင်းကြောင့် ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကုန်စျေးနှုန်းမြင့်တက်မှုများ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) သည် ပလက်ဝမြို့နယ်သို့ အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ လုံခြုံရေးအခြေအနေများ ဆိုးရွားနေသည့်ကြားမှ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ WFP သည် ပလက်ဝ မြို့နယ်သို့ ၁၅၀ မက်ထရစ်တန်ချိန်ရှိသည့် စားနပ်ရိက္ခာမျိုးစုံကိုပို့ဆောင်နိုင်ခဲ့ပြီး လာမည့်ရက်များတွင်လည်း ထပ်တိုးပေးပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာလာရသူများနှင့် ပဋိပက္ခ ဒဏ်ခံစားနေရသူများ ၉,၀၀၀ ခန့် ထံ အဆိုပါကယ်ဆယ်ရေးနှင့် အာဟာရအထောက်အပံ့များ စတင်ဖြန့် ဖြူးပေးနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent