KNU မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေအတွင်းရှိ မြို့နယ်သုံးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၉၆၀၀၀ ကျော်ရှိလာ

KNU မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေအတွင်းရှိ မြို့နယ်သုံးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၉၆၀၀၀ ကျော်ရှိလာ
Published 16 August 2022

ကရင်အမျိုးသားအစည်းအရုံး (KNU) မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေအတွင်းရှိ မြို့နယ်သုံးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၉၆၀၀၀ ကျော်ရှိလာကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ  မူတြော်ခရိုင် တပ်မဟာ (၅) အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၅)၏ လက်အောက်ခံတပ်ရင်များနှင့် လုံခြုံရေးလုပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်(BGF)များအကြား နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

တိုက်ပွဲများဖြစ်ပွားပြီးသည့်နောက်တွင် ဒေသခံပြည်သူလူထုနေထိုင်သောကျေးရွာများ၊ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များသို့ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့်  ၎င်းတို့နေထိုင်သောကျေးရွာများ၊ ပိုင်ဆိုင်သောပစ္စည်းဥစ္စာများနှင့် လုပ်ငန်းခွင်များကို ထားခဲ့ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လူသောမြို့နယ်၊ ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ  ၉၆၁၈၀ ဦးအထိရှိလာနေပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်ပြည်သူအများစုမှာ မိရိုးဖလာတောင်ယာလုပ်ငန်းများနှင့် လယ်လုပ်ငန်းများကို အဓိကအသက်မွေးဝမ်းကြောင်း လုပ်ငန်းများအဖြစ်လုပ်ကိုင်နေကြသူများဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းခွင်များကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံရိက္ခာ မလုံလောက်သည့် ပြဿနာများကို ရင်ဆိုင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူတြော်ခရိုင်၏ တာဝန်ရှိသူများအနေဖြင့်  လိုအပ်သည်များကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသော်လည်း စစ်ဘေးရှောင်ပြည်သူအရေအတွက် အများအပြားတိုးပွားလာသည့်အတွက် လိုအပ်ချက်အများအပြား လိုအပ်လျက်ရှိကြောင်း  KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent