ကုန်စျေးနှုန်းကြီးမြင့်မှု၊ ဝင်ငွေထွက်ငွေမညီမျှမှုနှင့် ပြည်သူတို့၏ဒုက္ခ

ကုန်စျေးနှုန်းကြီးမြင့်မှု၊ ဝင်ငွေထွက်ငွေမညီမျှမှုနှင့် ပြည်သူတို့၏ဒုက္ခ
ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်းရှိ စျေးတစ်စျေးတွင် စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်းရှိ စျေးတစ်စျေးတွင် စျေးသည်စျေးဝယ်တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 14 August 2022

“ကုန်စျေးနှုန်းက တက်နေတော့ ဘာဝယ်ဝယ် ဘုရားတနေရတယ်”

ဒီစကားကို ပြောကြားလာသူက မအိမွန် ဖြစ်ပါတယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း မိခင်ဖြစ်သူကို သူတို့မောင်နှမလေးယောက်က ကျွေးမွေးပြုစုစောင့်ရှောက်ရင်း ဘဝကို ရုန်းကန်နေရသူပါ။

ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းမှာ သူတို့မိသားစုမှာ စားဝတ်နေရေးဟာ ပိုပြီးကျပ်တည်းလို့ လာပါတယ်။ အရင်က မိခင်ကလွဲရင် မောင်နှမလေးယောက်စလုံးမှာ အလုပ်အကိုင်ရှိပေမဲ့ ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာတော့ နှစ်ယောက်ပဲ အလုပ်ရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့ မိသားစုငါးယောက်ဟာ နှစ်ယောက် စာဝင်ငွေနဲ့ပဲ ကျပ်ကျပ်တည်းတည်း ရှင်သန်နေခဲ့ရတာပါ။

“အလုပ်မရှိတာ ၂၀၂၁ ခုနှစ်  နှစ်ဆန်းပိုင်းကတည်းကပေါ့။ မိသားစုငါးယောက်မှာ နှစ်ယောက်ပဲအလုပ် ရှိတယ်။ ကျန်တဲ့သုံးယောက်က ထိုင်စားနေရတာနဲ့ ရှိတာပြောင်တဲ့အပြင် ပေါင်စရာတောင် ဘာမှမရှိတော့ဘူး”လို့ သူက ပြောပါတယ်။

အဓိကကတော့ ဝင်ငွေလျော့နည်းနေချိန်မှာ ကုန်စျေးနှုန်းမြင့်တက်လာတဲ့အတွက် စားဝတ်နေရေး ပိုမိုကျပ်တည်းလာရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ကိုယ့်ချည်းပဲလားဆို ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေမှ အများကြီးပဲ။ အဓိက,ကတော့ အလုပ်မရှိ ဝင်ငွေမရှိတာပဲ။ ဝင်ငွေကမရှိဘူး။ စျေးက အကုန်တက်စျေးချည်းပဲ။ အခြေခံလူတန်းစားတွေ စားဝတ်နေရေး  ကျပ်တည်းနေကြပြီ”လို့ မအိမွန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း စီးပွားရေးကျဆင်းမှုတွေ ရှိလာသလို အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာတဲ့အပြင် ကုန်စျေးနှုန်း မြင့်တက်လာမှုကြောင့် အခြေခံလူတန်းစားတွေရဲ့ နေ့စဉ်စားဝတ်နေရေးဟာလည်း တဖြည်းဖြည်း အကျပ်အတည်းနဲ့ ရင်ဆိုင်လို့လာခဲ့ ရပါတယ်။

လက်ရှိမှာလည်း အခြေခံလက်လုပ်လက်စား ပြည်သူတွေအနေနဲ့ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေလျှော့ကျမှုနဲ့ ကုန်စျေးနှုန်းမြင့်တက်လာမှုတွေကြောင့် ဝင်ငွေနဲ့ ထွက်ငွေမမျှတမှုတွေရဲ့ စိန်ခေါ်မှုဒဏ်ကို အလူးအလဲ ခံစားနေရတာပါ။

နေ့စဉ်သုံးစွဲနေရတဲ့ လူသုံးကုန် ပစ္စည်းတွေကစလို့ နေ့စဉ်စားသုံးနေရတဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေအလယ် ဆေးဝါးစျေးနှုန်းတွေဟာလည်း အဆမတန် မြင့်တက်လာတဲ့အတွက် ပြည်သူတွေရဲ့ စားဝတ်နေရေးဟာ တစ်နေ့ထက် တစ်နေ့ ပိုဆိုးလို့လာခဲ့ပါတယ်။   

“မလွယ်ဘူး။ ရေချိုးဆပ်ပြာကစလို့ အိမ်မှာလိုတဲ့အသုံးအဆောင်ပစ္စည်းတွေဝယ်တာ အားလုံးက စျေးနှစ်ဆ၊ သုံးဆလောက်တက်သွားတယ်။ လက်ထဲရှိတဲ့ ပိုက်ဆံလေး ကိုင်မထားရဲဘူး။ လိုတာနဲ့ သွားလိုက်တာပဲ။ ကိုယ်က စောင့်နေရင် ကုန်စျေးနှုန်းက မစောင့်ဘဲတက်နေတာဆိုတော့လေ”လို့ အိမ်ရှင်မတစ်ဦးက ညည်းတွားပါတယ်။ 

လက်ရှိမှာ ပြည်သူတွေ နေ့စဉ်စားသုံးနေရတဲ့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်စတဲ့ စျေးနှုန်းတွေဟာလည်း အတက်ဘက်ချည်းမှာပဲ ရှိနေပါတယ်။

အရင်က ဆန်အကောင်းစား တစ်အိတ်ကို ငါးသောင်းကျော်သာရှိပေမယ်လို့ လက်ရှိမှာတော့ ဆန်အကောင်းစား တစ်အိတ်ကို အပြင်မှာ တစ်သိန်းဝန်းကျင် ရှိနေပါတယ်။

အလတ်စားဆန်တစ်အိတ်ကို အရင်က သုံးသောင်းခွဲ လေးသောင်းလောက်သာရှိပေမဲ့ လက်ရှိမှာတော့ အလတ်စားဆန်တစ်အိတ်ကို ခြောက်သောင်းခွဲနဲ့ ခုနစ်သောင်းဝန်းကျင်ရှိနေပါတယ်။

ဒါကိုကြည့်အားဖြင့် ဆန်စျေးနှုန်းက နှစ်ဆနီးပါး မြင့်တက်လာတာကို တွေ့ရမှာပါ။

“စားနေကျ ဆန်တွေ အရင်က တစ်ပြည်ကို ၂၅၀၀၊ အခု ၃၃၀၀ ဖြစ်သွားပြီ။ တစ်ပြည် ၁၀၀၀ နီးပါးတက်တဲ့ ဆန်ရှိသလို ၁၀၀၀ လောက်တက်တဲ့ဆန်တွေ လည်းရှိတယ်။ ရွှေဘို ပေါ်ဆန်းဆို အရင်က တစ်ပြည် ၃၀၀၀ အခု ၄၀၀၀”လို့ အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။

ဆီစျေးနှုန်းကလည်း အရင်က ပဲဆီနဲ့ နှမ်းဆီ တစ်ပိဿာကို ၉,၀၀၀ လောက်သာရှိပေမဲ့ လက်ရှိမှာတော့ တစ်ပိဿာကို ၁၂,၀၀၀ လောက်ရှိ နေပါတယ်။ အခြေခံလူတန်းစား အများစု စားသုံးနေရတဲ့ စားအုန်းဆီကတော့ အရင်က တစ်ပိဿာကို ၂,၉၀၀ လောက်ရှိပေမဲ့ လက်ရှိမှာတော့ တစ်ပိဿာကို ၈,၅၀၀ အထိ ဖြစ်နေပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အခြေခံလူတန်းစား အများစု စားသုံးနေရတဲ့ စားအုန်းဆီစျေးနှုန်းဟာ တစ်ပိဿာကို စျေးနှုန်း သုံးဆလောက်  တက်သွားတာကို တွေ့ရမှာပါ။

အသားစျေးနှုန်းကလည်း အရင်စျေးထက် လက်ရှိမှာ တစ်ပိဿာကို သုံးထောင်နဲ့ ငါးထောင်ဝန်းကျင်ကြား မြင့်တက်နေပါတယ်။ ဘဲဥ၊ ကြက်ဥစျေးနှုန်းတွေကလည်း တစ်လုံးကို တစ်ရာလောက် မြင့်တက်လာတဲ့အပြင် အသီးအရွက် စျေးနှုန်းကလည်း လိုက်ပါမြင့်တက်နေတာကြောင့် ပြည်သူတွေအတွက်တော့ နေ့စဉ်ဝမ်းရေးက လွယ်ကူတဲ့ အခြေအနေမှာ ရှိမနေပါဘူး။

“ဆန်တစ်ပြည်ကို သုံးရက်မစားရဘူး။ အရင်ကတော့ အိတ်လိုက် မဆွဲနိုင်ပေမဲ့ ပြည်လိုက်ဝယ်စားတယ်။ တစ်ခါဝယ် လေး၊ ငါး၊ ခြောက်ပြည်ပေါ့။ အခုတော့ အစစအရာ ရာ စျေးတက်နေချိန် ဆန်လည်း များများမဝယ်ထားနိုင်ဘူး။ ခြင်ဆေးခွေ တစ်ဘူးတောင် ၆၅၀၊ ၇၀၀ ဗျာ။ ဘဲဥ တစ်လုံး ၂၅၀၊ ကော်ဖီမစ်တစ်ထုပ် ၂၀၀၊ ကန်စွန်းရွက်တစ်စည်း ၄၀၀၊ ပြောင်းဖူးတစ်ဖူး ၃၀၀၊ ၃၅၀။ အဲဒီတော့ ဘာလုပ်စားကြမလဲ”လို့ အနှေးယာဉ်မောင်းတစ်ဦးဖြစ်သူကို ကျော်မိုးက ပြောပါတယ်။

လက်ရှိ အခြေခံစားသောက်ကုန်စျေးနှုန်းတွေအရ မိသားစု သုံးယောက်ရှိတဲ့ အိမ်တစ်အိမ်မှာ နံနက်စာနဲ့ ညစာအတွက် အနိမ့်ဆုံးငွေ ၅၀၀၀ နဲ့ ၈၀၀၀ ကြား မသုံးရင် စားလို့မရနိုင်တဲ့ အခြေအနေပါ။

ဒါတောင် အသားဟင်းတစ်ခွက်၊ အရွက်ကြော်တစ်ပွဲ၊ အရည်သောက်တစ်ခွက်နဲ့ ထမင်းပဲ ရနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒါဟာ မိသားစုသုံးယောက်အတွက် ထမင်းနဲ့ ဟင်းဖိုးပဲ ရှိပါသေးတယ်။ တခြား မုန့်ပဲသရေစာဖိုး မပါသေးပါဘူး။

“အရင်ကဆို စျေးဖိုးက တစ်ပတ်စာ သုံးသောင်းလောက်ဆို လောက်တယ်။ အခုဆို တစ်ပတ်စာကို စျေးဖိုးက လေးသောင်းခွဲ၊ ငါးသောင်းလောက်မှ လောက်တယ်။ ဒါတောင် လျှော့ဝယ်ရတာတွေရှိလို့ ဒီလောက်နဲ့လောက်တာ။ ပုံမှန်အတိုင်း ဝယ်မယ်ဆို မလောက်ဘူး”လို့ အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။

မုန့်ပဲသရေစာအပြင် လက်ဖက်ရည်၊ ကော်ဖီမစ်စတဲ့ စျေးနှုန်းတွေ ဟာလည်း နှစ်ဆလောက် တက်လာတဲ့အတွက် ပြည်သူတွေအတွက်တော့ မိအေးအခါခါ နာနေရတယ်လို့ ဆိုရမှာပါ။ လက်ရှိမှာ လက်ဖက်ရည် တစ်ခွက်ကို ဆိုင်မှာသောက်ရင် ၈၀၀ ပေးရပြီး ပါဆယ်ထုပ်ရင် ၁၂၀၀ ရှိပါတယ်။

“အရင်က လမ်းဘေးဆိုင်မှာ လက်ဖက်ရည်တစ်ခွက်ကို ၃၀၀ ပဲရှိတယ်။ ဆိုင်ကြီးတွေမှာဆို တစ်ခွက် ၄၀၀၊ ၅၀၀ အလွန်ဆုံးပဲ။ အခုတော့ လမ်းဘေးဆိုင်တောင် တစ်ခွက် ၆၀၀ ဖြစ်နေပြီ။ ဆိုင်ကြီးတွေမှာဆို တစ်ခွက် ၈၀၀၊ ၁၀၀၀ ဆိုတော့ ဒီအတိုင်းဆို ရှေ့လျှောက် လက်ဖက်ရည်တောင် နပ်မမှန်နိုင်ဘူး”လို့ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောပါတယ်။

မုန့်ဟင်းခါး အလွတ်တစ်ပွဲကို ၈၀၀၊ အကြော်နဲ့ဆို ၉၀၀၊ ၁,၀၀၀။ အ သုပ်တစ်ပွဲကို ၈၀၀ နဲ့ ၁,၀၀၀ ကြားရှိ တဲ့အတွက် လူတစ်ယောက်ရဲ့ မနက်စာဟာ လက်ထဲမှာ ၂,၀၀၀ လောက်မှ မရှိရင် စားလို့မရတဲ့ အခြေအနေပါ။ ဒါတောင် ဒီစျေးနှုန်းတွေက သာမန်လမ်းဘေးမှာ ရောင်းတဲ့ဆိုင်တွေက စျေးနှုန်းဖြစ်ပြီး ဆိုင်ကြီးကနားကြီးမှာ သွားစားမယ်ဆိုရင်တော့ ဒီထက်မက ပေးရမှာ ဖြစ်ပါတယ်။

“မနက်ဆို ဘာစားစား လက်ထဲမှာ အနိမ့်ဆုံး နှစ်ထောင်လောက်ရှိမှ စားလို့ရတယ်။ အရင်က မုန့်ဟင်းခါး အလွတ်တစ်ပွဲကို ၅၀၀၊ အကြော်နဲ့ဆို ၆၀၀၊ အသုပ်တစ်ပွဲကို ၅၀၀ ၊ ငါးဖယ်တို့ အကြော်တို့ ထည့်သုပ်မှ ၇၀၀၊ ၈၀၀။ အခုကျတော့ မုန့်ဟင်းခါးတောင် အလွတ် ၈၀၀၊ အသုပ်အလွတ် တစ်ပွဲ ၈၀၀။ နှစ်ပွဲဆို ၁၆၀၀ ဖြစ်နေပြီ”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

ဒါက မုန့်ပဲသရေစာအတွက် ဖြစ်ပြီး အပြင်ဆိုင်မှာ လူတစ်ယောက် ထမင်းစားမယ်ဆို တစ်နပ်ကို အနိမ့်ဆုံး ၂,၀၀၀ ကုန်ကျပါတယ်။ ဒါဟာ လမ်းဘေးထမင်းဆိုင်မှာ စားတဲ့စျေးနှုန်းပါ။ ထမင်းဆိုင်ကြီးတွေမှာ သွားစားမယ်ဆိုရင်တော့ ပိုက်ဆံ ၂၀၀၀ နဲ့ဆို ဆိုင်အရိပ်တောင် နင်းလို့ရမှာ မဟုတ်ပါဘူး။ စျေးသည်တွေဘက်က ကြည့်တော့လည်း ဒီစျေးနဲ့မှ မရောင်းရင် သူတို့အတွက် အမြတ်ကျန်ဖို့က မလွယ်ကူလှတဲ့ အခြေအနေပါ။

“ဆန်စျေး၊ ဆီစျေးအပြင် ကျန်တဲ့ ကုန်စျေးနှုန်းတွေကလည်း မတရားတက်တော့ ကိုယ်တွေလည်း ဒီစျေးနဲ့မှ မရောင်းရင် မလွယ်ဘူး။ တစ်ခါတလေ ကိုယ့်ဖောက်သည်စားသုံးသူတွေကိုတောင် ပြန်ပြီး အားနာနေရတယ်။ ကိုယ်က စျေးမတက်ချင်ပေမဲ့ ကုန်စျေးနှုန်းက တက်နေတော့ လိုက်မတက်လို့လည်း မရဘူးလေ”လို့ ထမင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားတဲ့ တစ်နိုင်ငံလုံး စားသုံးသူ စျေးဆနှုန်းဟာလည်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက်ပိုင်းမှာ မြင့်တက်လာတာကို တွေ့ရပါတယ်။

၂၀၁၂ ခုနှစ်ကို အခြေခံနှစ်နဲ့ တွက်ချက်ထားတဲ့ တစ်နိုင်ငံလုံးရဲ့ စားသုံးသူစျေးဆနှုန်းကို လေ့လာကြည့်ရင် နိုင်ငံရေးအပြောင်းအလဲမဖြစ်မီ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ၁၆၂ ဒသမ ၅၃ ပဲ ရှိခဲ့ပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး တစ်နှစ်ပြည့်တဲ့အချိန် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ တစ်နိုင်ငံလုံးရဲ့ စားသုံးသူ စျေးဆနှုန်းဟာ ၁၈၆ ဒသမ ၈၂ရှိ လာခဲ့ပြီး ဗဟိုစာရင်းအင်းက နောက်ဆုံး ထုတ်ပြန်ထားတဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာတော့ တစ်နိုင်ငံလုံးရဲ့ စားသုံးသူ စျေးဆနှုန်းဟာ ၁၉၆ ဒသမ ၀၁ အထိ ရှိလာခဲ့ပါတယ်။

ဗဟိုစာရင်းအင်းရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး တစ်နှစ်ကျော်အတွင်းမှာ တစ်နိုင်ငံလုံးရဲ့ စားသုံးသူစျေးဆနှုန်းဟာ ၃၃ ဒသမ ၄၈ တက်လာတာကို တွေ့ရမှာပါ။

ဒီလို ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့ကြားက တစ်ဖက်မှာလည်း စီးပွားရေးအခြေအနေမကောင်းတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေက ဝန်ထမ်းလျှော့ချတာတွေ၊ လစာ အပြည့်အဝမပေးတာတွေ ရှိလာတာကြောင့် အလုပ်လက်မဲ့များပြားလာသလို ဝင်ငွေလျော့ကျ မှုတွေကိုလည်း အခြေခံပြည်သူတွေက ခါးစည်းခံနေရပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြည်တွင်းနဲ့ ပြည်ပဖိအားတွေကြောင့် ယခင်နှစ်ကတည်းက သိသိသာသာ ကျုံ့သွားခဲ့ပြီး ပြန်လည်နာလန်ထူရေး နှောင့်နှေးလျက်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ပါတယ်။

စီးပွားရေး ပြန်လည်ဦးမော့လာဖို့ သိသိသာသာမရှိသေးတာကြောင့် ၂၀၂၂ ခုနှစ်ရဲ့ ဂျီဒီပီဟာ ၂၀၁၉ ခုနှစ်က ရှိခဲ့တဲ့နှုန်းနဲ့ နှိုင်းယှဉ်ရင် ၁၃ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေမှာ ဖြစ်ပြီး လုပ်ငန်းတွေနဲ့ နာလန်ထူရေး ဆောင်ရွက်ချက်တွေကို သိသိသာသာ အနှောင့်အယှက်ဖြစ်စေလို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

ဒါကြောင့်လည်း ၂၀၂၂ ခုနှစ် မှာ မြန်မာနိုင်ငံရဲ့ လူဦးရေရာခိုင်နှုန်း ၄၀ ဟာ ဆင်းရဲနွမ်းပါးမှုမျဉ်း အောက်ရောက်ရှိနေပြီး ဆယ်စုနှစ် တစ်ခုစာ ဆင်းရဲမှုလျော့ကျရေး ဆောင်ရွက်ချက်တွေဟာ နောက်ပြန်လှည့်နေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အိမ်ထောင်စုဝင်ငွေ လျော့နည်းလာခြင်း၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ခုသာခံသာစေမယ့်နည်းလမ်းတွေ နည်းလာခြင်း၊ ပြည်တွင်းပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပိုမိုဆင်းရဲလာခြင်းဆိုတဲ့ အကြောင်းအချက်တွေက မြန်မာနိုင်ငံပြည်သူ ပြည်သားတွေရဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှုစွမ်းအားကို ဆက်လက် စိန်ခေါ်နေပါလိမ့်မယ်”လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် မာရီယမ်ရှာမန်က ဆိုပါတယ်။

အစိုးရရဲ့ အားနည်းတဲ့ စီးပွားရေး လုပ်ဆောင်မှုတွေကြောင့် မြန်မာ့စီးပွားရေးမှာ ကျယ်ပြန့်လှတဲ့ အခက်အခဲ အတားအဆီးတွေ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။

ဒီကြားထဲ ယူကရိန်းစစ်ပွဲရဲ့ ရိုက်ခတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပြည်ပသွင်းကုန် သွင်းအားစုတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ စျေးမြင့်လာခြင်း၊ ပြည်တွင်းပဋိပက္ခ ပိုမိုဆိုးရွားပြင်းထန်လာခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ၊ သယ်ယူပို့ ဆောင်ရေးနဲ့ ဘဏ္ဍာရေးကဏ္ဍအခက်အခဲတွေ ဆက်လက်တည်ရှိနေတာတွေလည်း ပါဝင်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ဒါ့အပြင် လတ်တလောထုတ် ပြန်တဲ့ မူဝါဒအပြောင်းအလဲတွေကလည်း စီးပွားရေးလုပ်ငန်းတွေကို စိန်ခေါ်မှု ပိုမိုဖြစ်ပေါ်စေပြီး  ဝန်ပိစေတဲ့ ကုန်သွယ်လိုင်စင် ကန့်သတ်ချက်တွေ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်း ကိန်းရှင်ထားမှုကို ဖျက်သိမ်းလိုက်တာတွေနဲ့ နိုင်ငံခြားငွေတွေကို မဖြစ်မနေ မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရမယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်လိုက်တဲ့အတွက် အဓိကပြည်ပသွင်းကုန် သွင်းအားစုတွေ နှောင့်နှေးပြတ်တောက်သွားစေပြီး ပြည်ပပို့ကုန်သမားတွေကို အခက်အခဲတွေ့စေခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

လတ်တလောထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခြင်း၊ ဖြေလျှော့မှုတွေကို တစ်ဖန်ပြန်လည်ရုပ်သိမ်းခြင်းစတဲ့ မူဝါဒ ညွှန်ကြားချက် အသစ်အသစ်တွေ အလျင်အမြန် ချမှတ်နေတဲ့အတွက် စီပွားရေးလုပ်ငန်းလုပ်ကိုင်ရာမှာ မရေရာမှုတွေ မြင့်တက်လာတယ်လို့  ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

“မြန်မာနိုင်ငံအနေနဲ့  မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေးကျုံ့မှုကို ရင်ဆိုင်ခဲ့ရပြီး ဒီနှစ်မှာလည်း စီးပွားရေးဆောင်ရွက်ရာမှာ အခက်အခဲတွေ ဆက်လက်ရှိနေတဲ့အတွက် တခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် စီးပွားရေးပြန်လည်နာလန်ထမှုမှာများစွာ နောက်ကျနေတာကို လေ့လာတွေ့ရှိရပါတယ်”လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် မာရီယမ်ရှာမန်က ဆိုပါတယ်။

မြွေပူရာ ကင်းမှောင့်ဆိုသလို စီးပွားရေးကျုံ့နေတဲ့ အခြေအနေမှာ ငွေကြေးဖောင်းပွမှုနှုန်း ထိုးတက်သွားတာက စီးပွားရေးလုပ်ငန်းအားလုံးကို ထိခိုက်စေခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံရဲ့ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၀ ဒသမ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ယခင်နှစ်ကာလတူထက် ကိုးရာခိုင်နှုန်းလောက် မြင့်တက်ခဲ့တယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံရဲ့ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းဟာ၂ ဒသမ ၁၇ ရာခိုင်နှုန်းသာ ရှိရာကနေ ၂၀၂၂ ခုနှစ် ဧပြီလမှာတော့ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၀ ဒသမ ၇၂ ရာ ခိုင်နှုန်းအထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

 ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်လာမှုကလည်း ပြည်တွင်းလောင်စာဆီစျေးနှုန်းနဲ့ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေကို မြင့်တက်လာစေတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ပါတယ်။

ရုရှား-ယူကရိန်း ပဋိပက္ခအကျိုးဆက်ကြောင့် မြန်မာနိုင်ငံမှာလည်း စက်သုံးဆီစျေး အဆမတန် မြင့်တက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) ရဲ့ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှာ ပြည်တွင်းစက်သုံးဆီစျေးနှုန်းဟာ ဒီဇယ်တစ်လီတာကို ကျပ် ၆၆၀၊ ပရီမီယံဒီဇယ်တစ်လီတာကို ကျပ် ၆၇၀၊ အောက်တိန်း 92 Ron တစ်လီတာကို ကျပ် ၆၂၀၊ အောက်တိန်း 95 Ron တစ်လီတာ ကို ကျပ် ၇၅၀ သာရှိခဲ့ပါတယ်။                              

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှာတော့  ဒီဇယ်တစ်လီတာကို  ၁၆၅၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာကို  ၁၆၆၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာကို ကျပ်  ၁၇၂၀ ရှိခဲ့တာကြောင့် တစ်နှစ်ကျော် အတွင်း စက်သုံးဆီစျေးဟာ သုံးဆနီးပါး ခုန်တက်သွားတာကို တွေ့ရမှာ ပါ။

ကမ္ဘာ့ရေနံစျေး (WTI) ဟာ ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်မှာ တစ် စည်ကို ၁၁၁ ဒသမ ၆၇ ဒေါ်လာရှိခဲ့ချိန်မှာတော့ မတ် ၁၁ ရက်က ရန ကုန်မြို့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဒီဇယ်တစ်လီတာကို ၂၃၇၅ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာကို ကျပ် ၂၁၀၀၊  အောက်တိန်း 95 Ron တစ်လီတာကို ၂၁၆၅ ကျပ်အထိ  စျေးမြင့်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ် ၁၀ ရက်မှာ ကမ္ဘာ့ရေနံစျေး (WTI) ဟာ  တစ် စည်ကို ၉၀ ဒသမ ၁၃ ဒေါ်လာရှိခဲ့ ပေမဲ့ ရန်ကုန်မြို့ စက်သုံးဆီဆိုင် အချို့မှာတော့ ဒီဇယ်တစ်လီတာကို ကျပ် ၂၁၂၀ ၊ အောက်တိန်း 92 Ron တစ်လီတာကို ကျပ် ၁၈၆၀၊ အောက်တိန်း  95 Ron တစ်လီတာကို ကျပ် ၁၉၂၀ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စက်သုံးဆီစျေး မြင့်တက်မှုက အခြေခံပြည်သူတွေ ရဲ့ နေ့စဉ်ဘဝအပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။             

                   

မြန်မာ့စီးပွားရေးကျဆင်းနေ ချိန်မှာ ဒေါ်လာစျေး၊ စက်သုံးဆီ စျေးနဲ့ ကုန်စျေးနှုန်း မြင့်တက်မှုတွေက အကျပ်အတည်းကြားက ပြည်သူတွေကို ထပ်ဆင့်ထိုးနှက်လိုက်တာ ဖြစ်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

စက်သုံးဆီစျေး မြင့်တက်မှုက အခြေခံပြည်သူတွေရဲ့ နေ့စဉ်သွားလာမှုအပေါ်မှာ သက်ရောက်မှု ရှိခဲ့ပြီး အဓိကçကတော့ အခြေခံပြည်သူတွေ နေ့စဉ်တိုးစီးနေရတဲ့ လိုင်းကားခတွေ စျေးတက်သွားခြင်းပါပဲ။

ရန်ကုန်မှာ အရင်က လိုင်းကားခဟာ မြို့တွင်းဆို ဂိတ်စဂိတ်ဆုံး ၂၀၀ သာရှိပေမဲ့ လက်ရှိမှာတော့ ၄၀၀ သတ်မှတ်လိုက်ပါတယ်။ နောက်ပြီး အရင်ကခရီးတိုဆိုရင် ၂၀၀ နဲ့ ပြီးပေမဲ့ ခုချိန်မှာတော့ ကားသမားတွေက ၃၀၀ တောင်းတဲ့အတွက် ပြည်သူတွေရဲ့ သွားလာရေးစရိတ်ဟာ တက်လာပါတယ်။

“လိုင်းကားခက အရင်ကဆို ၂၀၀ ပဲ။ အခုတော့ ဘယ်စီးစီး ၃၀၀။  ဂိတ်စဂိတ်ဆုံး ၄၀၀ သတ်မှတ်တာ မကြာသေးပေမဲ့ ကျွန်တော်တို့ ၃၀၀ ပေးစီးနေရတာ ကြာနေပြီ။ အသွားအပြန်ဆို ၂၀၀ ပိုကုန်တာပေါ့။ တစ်နေ့ ၂၀၀ နဲ့ဆို တစ်လကို ၆၀၀၀ လောက်က ပိုထွက်သွားတာပေါ့”လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါက မြို့တွင်းသွားလာစရိတ်ပဲ ရှိပါသေးတယ်။ မြို့ပြင်ကနေ မြို့ထဲကို လာပြီး အလုပ်လုပ်ရသူတွေ အတွက်တော့ ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှာ လိုင်းကားခက သုံးဆလောက်တက် သွားပါတယ်။

“ကိုဗစ်မဖြစ်ခင်တုန်းကတော့ ကားခက ၅၀၀ ပဲ။ ကိုဗစ်ဖြစ်တော့ ၁,၀၀၀ ဖြစ်သွားတယ်။ ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲကြား ကားခ က ၂,၀၀၀ အထိ တက်သွားတယ်။ အခုတော့ ၁,၅၀၀ ပဲ ပေးရတယ်။ အရင်က အသွားအပြန်မှ ၁,၀၀၀ ပဲ ကုန်တယ်။ အခုကတော့ အသွားအ ပြန်ဆို ၃,၀၀၀ ကုန်တာပေါ့”လို့ လှည်းကူး-ရန်ကုန် လိုင်းကားစီးနေ တဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။                                      

ဒီလို ကားခက သုံးဆလောက် ခုန်တက်သွားတဲ့အတွက် လစဉ်အပိုထွက်ငွေဟာလည်း သုံးသောင်းနဲ့  ငါးသောင်းကြားရှိလာတယ်လို့ သူက ဆိုပါတယ်။

စရိတ်စကတွေ ကြီးမြင့်လာပေမဲ့ သူ့ရဲ့ဝင်ငွေကတော့ မြင့်တက်လာခြင်းမရှိဘဲ သူ့ကုမ္ပဏီက  စီးပွားရေးမကောင်းတာကို အကြောင်းပြပြီး တစ်လကို မူရင်းလစာထဲကနေ ခုနစ်သောင်းနဲ့ တစ်သိန်းကြား ဖြတ်နေတယ်လို့ သူက ပြောပါတယ်။

ကိုက်လားဆိုတော့ မကိုက်ဘူး။ ဒါပေမဲ့ အလုပ်ထွက်လိုက်ရင်လည်း ထွက်တာပဲ အဖတ်တင်မှာ။ လစာအပြည့်မရတာ ကိုဗစ်စဖြစ်ကတည်းက။ အခုလည်း ဖြတ်နေတုန်းပဲ။ ရတဲ့လစာထဲက စားစရိတ် သွားလာစရိတ် နုတ်လိုက်ရင် တစ်လ တစ်လ ကိုယ့်အိတ်ထဲကတောင် စိုက်ရသေးတယ်။ ဒီအချိန်က မလုပ်လို့လည်း မဖြစ်တော့ ဒီအတိုင်း မှေးလုပ်နေရတာပဲ။ တခြားအလုပ်ပြောင်းဖို့ကလည်း အဆင်မှမပြေတာ”လို့ သူက ဆိုပါတယ်။

လက်ရှိမှာ အထွေထွေကုန် စျေးနှုန်းကြီးမြင့်လာမှုဟာ အခြေခံ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ ခြောက်လှန့်လို့ နေပါတယ်။ အဓိကç ကတော့ ပြည်သူတွေအနေနဲ့ ဝင်ငွေနဲ့ ထွက်ငွေ မမျှတမှုကြားမှာ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေရတဲ့ အခြေအနေပါ။ ဒီအခြေအနေထက် ထပ်ပြီးဆိုးလာမယ်ဆိုရင်တော့ ပြည်သူတွေအနေနဲ့ ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာ မတွေးရဲစရာ ဖြစ်နေပါပြီ။

“ဝင်ငွေကလျော့လာ၊ ကုန်စျေးနှုန်းက တစ်နေ့တစ်နေ့ စျေးတက်နေတာနဲ့ ရှေ့ကို ဘယ်လိုဘယ်ပုံ စားရသောက်ရမလဲတောင် မသိတော့ပါဘူးဗျာ"လို့ တောင်ဒဂုံမြို့နယ်မှာ ဆိုင်ကယ်ကယ်ရီမောင်းနေသူ တစ်ဦးက စိတ်ပျက်လက်ပျက် ပြောကြားပါတယ်။    

Most Read

Most Recent