ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ် 

ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ် 
Published 14 August 2022
ဒေါက်တာလွင်သန့်

 မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်မတိုင်မီက ရာသီဥတုဆိုးရွားလို့ ရေကြီးရေလျှံကာ ကမ်းပြိုတာ၊ လူသေဆုံးကာ ရှားမှရှားပါပဲ။ သဘာဝသစ်တောကြီး ၇၀ ရာခိုင်နှုန်း အုပ်ဆိုင်းထားတော့ တော်ရုံပြင်းထန်တဲ့ မုန်တိုင်းလောက်ကို မမူကြပါဘူး။ မိုးကြိုးပစ်လို့သေတာ၊ ရေကြီးရေလျှံရေနစ်လို့သေတာ ရှားပါတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ သစ်တောဧက ၅၇ ရာခိုင်နှုန်း၊  ၂၀၁၅ ခုနှစ်မှာ သစ်တောဧက ၄၃ ရာခိုင်နှုန်းအထိ သဘာဝသစ်တော တွေပျောက်ဆုံးကာ သဘာဝဘေးဆိုး ရေကြီးရေလျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေ အခြားသစ်တောပြုန်းတီးနိုင်ငံ တွေလို ခပ်စိပ်စိပ်ကြုံလာရပါတယ်။

လက်ရှိမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနဲ့ လမ်းညွှန်မှုနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းအဖြစ်၊ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေအပါ အဝင်ကျပ် သိန်းနဲ့ချီထောက်ပံ့နိုင်ခဲ့ကြောင်း၊ ဆက်လက်ထောက်ပံ့မှုများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အညာဒေသအချို့မှာ မိုးခေါင်လို့၊ လွန်ဆွဲကာ မိုးခေါ်နေကြရပေမဲ့ ဧရာဝတီ၊ ချင်းတွင်းမြစ်၊ မြစ်ငယ်မြစ်တို့၊ ရေဝင်ကြမ်းကာ ရေကြီးရေလျှံမှုတွေ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ဆက်လ

က်ဖြစ်တည်နေမှာပဲဖြစ်ပါတယ်။

ကမ္ဘာသစ်တောပြုန်းတီးမှုမှာ ဘရာဇီး-ပထမ၊ အင်ဒိုနီးရှား-ဒုတိယနဲ့ မြန်မာ-တတိယဖြစ်ပါတယ်။ တစ်ခုရှိတာက ဘရာဇီးက အမေဇုန်တော၊ အင်ဒိုနီးရှား မိုးသစ်တောကြီးတွေ လက်ဆုပ်လက်ကိုင်ကျန်နေတဲ့တိုင် မြန်မာနိုင်ငံမှာ ကန္တာရဆန်လာပါတယ်။ ရာသီဥတုမမှန်လို့စိုက်ပျိုးရေး၊ မွေးမြူရေးတွေ သိပ်အလုပ်မဖြစ်တော့ပါဘူး။ ခေတ်အဆက်ဆက် မှိုင်းညို့နေတဲ့ ထန်းတောကြီးတွေ၊ ထန်းတစ်ပင် ကျပ်တစ်သောင်းနဲ့ ခုတ်ရောင်းလို့ မိုးနည်းရပ်ဝန်းဒေသမှာ ကန္တာရဒေသဖြစ်ဖို့များလာပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမြောက်ပိုင်းက ကျောက်စိမ်း၊ ရွှေ၊ သတ္တုတူးဖော်မူတွေ စည်းမဲ့ကမ်းမဲ့လုပ်နေပြီး မြေစာပုံတွေမြစ်ချောင်းထဲစွန့်ပစ်လို့ မြစ်ကြောင်းပြောင်းခြင်း၊ ရေတိမ်ခြင်းက ရေကြီးရေလျှံဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။

 မြန်မာနိုင်ငံ အနှံ့အပြား မုတ်သုံအားကောင်းလာမှုနဲ့စံချိန်တင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ လမ်းတံတားများပျက်စီးခြင်း၊ မြေပိသေဆုံးခြင်း၊ မြစ်ချောင်းများရေလျှံခြင်း၊ လှေသမ္ဗန်များရေစီးနဲ့မျောခြင်း၊ သောက်ရေသန့်ပြတ်လပ်ခြင်း၊ ရက်လွန်၊ အမှည့်လွန်၊ ယင်နားစာစားသုံးမှုကြောင့်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ တိုက်ဖွိုက်ရောဂါ၊ အသည်းရောင် အသားဝါအေနဲ့ လက်ပတိုစဖိုင်ရိုးဆစ်ရောဂါဖြစ်နိုင်သလို ၂၀၁၇ ခုနှစ်ဇူလိုင်၊ ဩဂုတ်လက လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ “လူ့တုပ်ကွေး” A(H¹N¹)ဖြစ်နိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ဒီဇင်ဘာ တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်ခဲ့တဲ့ ကိုဗစ်(COVID-19)ရောဂါက အသွင်ပြောင်းဗီဇနဲ့တတိယလှိုင်းအနေနဲ့ မြန်မာမှာလည်း ကူးစက်ပျံ့နှံ့သေဆုံး‌နေလို့ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုရေ၊ ဆပ်ပြာတို့နဲ့စက္ကန့်နှစ်ဆယ်ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦးခြောက်ပေခွာခင်း၊ လူစုလူဝေးရှောင်ခြင်း၊မလိုအပ်ဘဲ အပြင်မထွက်ခြင်းတို့လိုက်နာပါကကိုဗစ်နဲ့တုပ်ကွေးရောဂါတို့မှကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေးများထိုးနှံသင့်ပါတယ်။

 မိုးများပြီး ချောင်းရေ၊ မြောင်းရေလျှံမှုကြောင့် လူနေအိမ်များ ရေမြုပ်ကုန်ပြီး ကုန်းမြင့်ရပ်ရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်း၊ အသင်းတော်များစတဲ့ ဘာသာရေးလူမှုရေးအဆောက်အအုံတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ဖို့လိုလာပါတယ်။ အများသောက်သုံးတဲ့သောက်ရေကန်၊ ရေတွင်းများကလိုရင်း ခတ်ခြင်း၊ ရေတွင်း၌အညစ်အကြေး၊ အမှိုက်သရိုက်ဆယ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလိုအပ်ပါတယ်။

 ရေကျသွားရင် နေအိမ်များစနစ်တကျ ရေဆေးကြောသန့်စင်ပြီး မြွေ၊ ကင်း၊ အမှိုက်များ ရှင်းလင်းရမည့်နည်းတူ ရေတွင်း၊ ရေကန်များ၊ ရေခပ်ထုတ်ခြင်း၊ အမှိုက်ဆယ်ခြင်း၊တိရစ္ဆာန်အသေကောင်များဖယ်ပြီး မြေမြှုပ်ခြင်း၊ ကလိုရင်းခတ်ခြင်းတို့ လိုအပ်ပါတယ်။ သောက်ရေသန့်မရရင် ရေကိုကျိုချက်ပြီးမှ သောက်သုံးသင့်ပါတယ်။

 ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့အစားအစာနဲ့ သောက်သုံးရေတို့မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ရာသီမရွေးဖြစ်လေ့ရှိပြီး အဲဒီလို မိုးဦးကျ၊ မိုးအကုန်ဆောင်းအကူးမှာ အဖြစ်များလေ့ရှိတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ အီကိုလိုင်း၊ အမီဘား၊ ဘက်စလေလီ(E.coli,Amoeba, Bacillary)ပိုးကြောင့်ဖြစ်နိုင်သလို အသည်းရောင်၊ အသားဝါအေဗိုင်းရပ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါမှ ကြိုတင်ကာကွယ်ဖို့ ရေကိုချက်ပြီးသောက်သုံးသင့်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမူ ဂရုပြုရမည့်အစားအစာကို ပူပူနွေးနွေးစားသောက်ရပါမယ်။ ယင်မနားအောင် ဖုံးအုပ်ထားရမယ်။ အစာမစားမီနဲ့ အိမ်သာမှအဆင်းမှာ လက်နှစ်ဖက်စလုံး ဆပ်ပြာ၊ ရေတို့နဲ့အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆေးကြောရမယ်။ ခြင်၊ယင်မပေါက် ပွားစေဖို့ ပတ်ဝန်းကျင်သန့်ရှင်းရေးကိုဂရုပြုဆောင်ရွက်ရပါမယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဓာတ်ဆားရည် အလွယ်တကူသောက်သုံးနိုင်ဖို့ စီစဉ်ပေးရပါမယ်။ နီးစပ်ရာကျန်းမာရေးဌာန သတင်းပို့ပြီး ထိရောက်တဲ့ကုသမှု ခံယူကြဖို့လိုအပ်ပါတယ်။

 မြစ်ကမ်းနံဘေးနေသူတို့အနေနဲ့ ရေကူးတတ်ဖို့လိုပါတယ်။ ရုတ်တရက်ရေကြီးရင် အရေးတကြီးယူဆောင်ရမယ့် စာရွက်စာတမ်းနဲ့ အရေးတကြီးပစ္စည်းတွေကိုယ်စီရယူဖို့ လိုအပ်ပြီး လက်နှိပ်ဓာတ်မီး၊ ဖုန်းဘက်ထရီအပိုများ၊ ဓာတ်ခဲသုံးရေဒီယို ၊ သောက်ရေသန့်  ခုနစ်ရက်စာ(သို့မဟုတ်) ၁၀ ရက်စာအစားအစာရိက္ခာ တို့စုဆောင်းရပါမယ်။

မြစ်ရေကြီးခြင်းသတိပေးချက်ရရင် မိမိတို့မိသားစု၊ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေ ဘေးလွတ်ရာအမြန် ရွှေ့ဖို့လိုအပ်ပါတယ်။ ရေဒီယိုမှ မိုးလေဝသနှင့်မြစ်ရေကြီးခြင်း သတိပေးချက်နားထောင်ဖို့၊ အန္တရာယ်ရှိတဲ့နေရာကိုသွားခြင်းမပြုဖို့၊ သောက်ရေသိုလှောင်ထားဖို့၊ အရေးကြီးတဲ့ကိုယ်ပိုင်ပစ္စည်းများလုံခြုံတဲ့နေရာပြောင်းရွှေ့နိုင်ရေး ဥပမာ ကုန်းမြင့်၊ ဘုန်းကြီးကျောင်းပြောင်းရွှေ့သင့်ပါတယ်။ မုတ်သုံမိုးကောင်းလို့ ချောင်းဖျားမိုးကောင်းနေရင်မြစ်ချောင်းရေလျှံတတ်လို့ နေ့စဉ်မိုးလေဝသတင်း နားထောင်ရပါမယ်။ ရေနစ်မြုပ်တဲ့နေရာကို အရဲစွန့်သွားလာခြင်းမလုပ်သင့်ပါဘူး။ မြွေ၊ ကင်းစတဲ့အဆိပ်ရှိသတ္တဝါတိုသတိထားသင့်ပါတယ်။ ဒူးထက်မြင့်တဲ့ရေစီးကြောင်းကိုတောင် မဖြတ်သင့်ပါဘူး။

 မြစ်ရေကြီးလို့ ကယ်ဆယ်ရေးစခန်းပြောင်းရွှေ့ရရင် သောက်ရေသန့်(သို့မဟုတ်) ရေကျက်အေးသောက်သုံးသင့်ပါတယ်။ ယင်နားစာ အမှည့်လွန်အသီး၊ ရက်လွန်အစာတွေရှောင်ရပါမယ်။ ဝမ်းသွားဖျားခြင်းရှိရင် ဆေးခန်းပြရပါမယ်။ ညဘက်မှာ လက်နှိပ်ဓာတ်မီး သုံးပြီးသွားလာသင့်ပါတယ်။ မြစ်ရေကြီးရင် ဆည်တမံကျိုးပေါက်ခြင်းဖြစ်နိုင်ပါတယ်။ နေအိမ်အဆောက်အအုံများ ရုတ်တရက် ရေနစ်မြုပ်ပျက်စီးနိုင်ပါတယ်။ လယ်ယာမြေများ၊ ငါးကန်များနဲ့အခြားစီးပွားရေးလုပ်ငန်းတွေ ရေနစ်မြုပ်ပျက်စီးနိုင်ပါတယ်။ မိုးလေဝသတင်း နေ့စဉ်နားထောင်သင့်ပါတယ်။

 မုန်တိုင်းသတင်းကြေညာထားရင် မိသားစုအားလုံးအသိပေးရပါမယ်။ တစ်စုတစ်ဝေးတည်းနေရမယ်။ အချိန်မှီနားခိုသင့်တဲ့ မုန်တိုင်းခံအဆောက်အအုံ(Cyclone shelter) တွေကို ပြောင်းရွှေ့နေသင့်ပါတယ်။ စိတ်တည်တည်ငြိမ်ငြိမ်ထားရှိရပါမယ်။ ကြိုတင်ပြုလုပ်ထားတဲ့ အစီအစဉ်အတိုင်းဆောင်ရွက်ရမယ်။ပြင်ဆင်ချက်ပြုတ်မှု၊ ရေကျက်အေးသောက်သုံးမှု အရေးကြီးပါတယ်။မုန်တိုင်း အန္တရာယ်ကျရောက်ပြီး လေငြိမ်တဲ့အချိန်မှာ မိသားစုဝင်တွေ စိစစ်ရပါမယ်။ ပတ်ဝန်းကျင်သန့်ရှင်းရေးကအစ မိမိနေအိမ်ပျက်စီးမှုတို့ကို ဘေးဒဏ်၊ မိုးဒဏ်ခံနိုင်အောင် ပြန်ဆောက်ရပါမယ်။ မုန်တိုင်းသတင်း နားထောင်ရမယ်။ လျှပ်စစ်မီးတွေစစ်ဆေးခြင်းမရှိဘဲ ဖွင့်လှစ်သုံးစွဲခြင်းမပြုရပါဘူး။ ဓာတ်လိုက်တတ်လို့ လျှပ်စစ်ဝန်ထမ်းအကူအညီယူပြီးမှ သုံးရပါမယ်။

 မြစ်ရေကြီးခြင်း၊ ရေကြီးရေလျှံခြင်းတွေမှာ အားကောင်းတဲ့ ရေစုပ်မော်တာနဲ့ ပြန်စုပ်ယူတဲ့အစီအစဉ် တွေထားရှိသင့်ပါတယ်။ “တာရိုး” များပိုမိုမြင့်မားခိုင်ခံ့အောင် တည်ဆောက်ဖို့လိုပါတယ်။ အိမ်ခြေတံမြင့်မြင့် ဆောက်လုပ်နေသင့်ပါတယ်။ ခြင်ကြောင့်ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ဆင်ခြေထောက်ရောဂါ၊ အရေပြားယားနာဝဲရောဂါဖြစ်နိုင်သလို ယင်ကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်း၊ တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင်အသားဝါဖြစ်နိုင်ပါတယ်။ ကြွက်ကြောင့် ပလိပ်ရောဂါ၊ လက်ပတိုစပိုင်လိုဆစ်ရောဂါမျိုးဖြစ်နိုင်ပြီး ခွေးနဲ့ကြောင်ကြောင့် ခွေးရူးပြန်ရောဂါ၊ ဒေါင့်ဆန့်ရောဂါကြောင့် သေဆုံးတဲ့ ကျွဲ၊ နွား အသားစားမိရင်

“ဒေါင့်သန်းရောဂါ” ရနိုင်ပါတယ်။

  မြစ်ချောင်းအင်းအိုင်တွေ ရေကြီးရေလျှံတဲ့အခါ ယင်းဒေသက လူတွေရဲ့ အခြေခံစီးပွားရေးအားလုံးပျက်စီးရတာကြောင့် နေရာပြန်လည်ချထား ရေးမှာရေကြီး၊ ရေလွှမ်းဒဏ်ခံနိုင်မယ့် အိမ်မြင့်မြင့်ဆောက်ရပါမယ်။ သက်ဆိုင်ရာဒေသန္တရအစိုးရနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်လုပ်ကိုင်သင့်ပြီး မိုးလေဝသတင်းနေ့စဉ်နားထောင်ဖို့လိုအပ်ပါတယ်။ 

Most Read

Most Recent