တာလီဘန်တစ်နှစ်ပြည့်နှင့် အာဖဂန်အပြောင်းအလဲ

တာလီဘန်တစ်နှစ်ပြည့်နှင့် အာဖဂန်အပြောင်းအလဲ
Photo: AFP
Photo: AFP
Published 11 August 2022
ရာဇ 

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်ရလာခဲ့သည်မှာ တစ်နှစ်ပြည့်တော့မည့်အချိန်တွင် တာလီဘန်ခေါင်းဆောင်များက ပြုပြင်ပြောင်းလဲမှုများကို မည်မျှအထိခွင့်ပြုပေးနိုင်မည်နည်းဆိုသည့် အချက်နှင့်ပတ်သက်ပြီး အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ အနည်းငယ်ဖြစ်ပွားနေသည်။

အာဖဂန်ကို တာလီဘန်တို့ ပထမအကြိမ်အုပ်ချုပ်ခဲ့သည့် ကာလများအတွင်း လူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အတင်းအဓမ္မဖိနှိပ်ခဲ့သဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပြီး ယခုအကြိမ်တွင်မူ ၎င်းတို့၏အုပ်ချုပ်ပုံကို ပြောင်းလဲသွားမည်ဟု ကတိပြုခဲ့သည်။

တာလီဘန်တို့၏ ပြုပြင်ပြောင်းလဲမှုများမှာ အပေါ်ယံသာဖြစ်သည်ဟု ဆိုရစေကာမူ အချို့အရာများတွင်မူ အမှန်တကယ်ပြောင်းလဲခဲ့ဖွယ်ရှိသည်။ ကဘူးမြို့တော်ရှိ တာလီ ဘန်အရာရှိများသည် နည်းပညာကို လက်ခံယုံကြည်ခဲ့ပြီး ခရစ်ကတ်ပြိုင်ပွဲများတွင်လည်း ပရိသတ်အပြည့်ဖြင့် မြင်တွေ့ရသည်။

တာလီဘန်အစိုးရ၏ ပထမအကြိမ် အုပ်ချုပ်ချိန်ကာလက ရုပ်မြင်သံကြားများကို ပိတ်ပင်ထားသော်လည်း လက်ရှိတွင် အာဖဂန်ပြည်သူများသည် အင်တာနက်နှင့် လူမှုမီ ဒီယာများကိုပင် အသုံးပြုခွင့်ရရှိလာခဲ့သည်။

မိန်းကလေးများသည်လည်း မူလတန်းကျောင်းနေခွင့်ရရှိခဲ့ပြီး အမျိုးသမီးဂျာနယ်လစ်များသည်လည်း အစိုးရအရာရှိများကို အင်တာဗျူးခွင့်ရရှိခဲ့သည်။ ယင်းအခြေအနေများမှာ တာလီဘန်တို့ ပထမအကြိမ် အာဏာရသည့် ၁၉၉၀ ပြည့်နှစ်များအတွင်းက စိတ်ကူးဖြင့်ပင်တွေးကြည့်နိုင်ခြင်းမရှိသည့် အခွင့်အရေးတစ်ချို့ဖြစ်သည်။

တာလီဘန်တို့၏ သဘောထားတင်းမာသည့် ၀ါရင့်တိုက်ခိုက်ရေးသမားများကမူ သိသာထင်ရှားသည့် သဘောထားရေးရာ ပြောင်းလဲမှုသည် အနောက်နိုင်ငံများရှိ ၎င်းတို့၏ရန်သူများကို အလျှော့ပေးသည့် လက္ခဏာတစ်ရပ်ဖြစ်သည်ဟုယူဆခဲ့ပြီး အယူအဆရေးရာ ပြောင်းလဲမှုကို ဆန့်ကျင်နေကြသည်။

“ခင်ဗျားဟာ ပြုပြင်ပြောင်းလဲမှုတွေလို့ ထင်ရတဲ့ အရာတွေကို ရှေ့တိုးလုပ်ဆောင်နေတဲ့ တာလီဘန်စခန်းတစ်ခုမှာရှိနေမယ်ဆိုရင် ခင်ဗျားတို့စခန်းကလုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အရမ်းကို သိသာထင်ရှားပြီး လိုတာထက်ပိုနေပြီလို့ နောက်ထပ်တာလီဘန်စခန်းတစ်ခုက ရှုမြင်ပါလိမ့်မယ်”ဟု နိုင်ငံတကာအကျပ်အတည်းဖြေရှင်းရေးအဖွဲ့ (ICG) မှ အာဖဂန်နစ္စတန်အရေးကျွမ်းကျင်သူ အီဘရာဟင် ဘာဟစ်က ပြောကြားခဲ့သည်။

အာဖဂန်တွင် နှစ်ပေါင်း ၂၀ ကြာ တပ်စွဲခဲ့သည့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများသည် အာဖဂန်တွင် တာလီဘန်တို့၏ ပြုပြင်ပြောင်းလဲမှုအခြေအနေကိုသုံးသပ်ပြီး ပြည်ပနိုင်ငံများတွင်ရှိသည့် အာဖဂန်၏ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားကာ ကမ္ဘာလုံးဆိုင်ရာ ဘဏ်စနစ်ထဲကလည်း အာဖဂန်ကို ထုတ်ပယ်ခဲ့သည်။

တာလီဘန်တို့၏ ပြုပြင်ပြောင်းလဲမှုများသည် သိသာထင်ရှားစွာ တိုးတက်မှုမရှိပါက အာဖဂန်ပြည်သူများသည် စီးပွားရေးကျပ်တည်းနေဦးမည်ဖြစ်ပြီး အချို့မိသားစုများသည် ငွေကြေးပြဿနာကို ဖြေရှင်းရန် ၎င်းတို့၏ကိုယ်တွင်းအင်္ဂါများကို ထုတ်ရောင်းခြင်း သို့မဟုတ် ၎င်းတို့၏ မွေးကင်းစကလေးငယ်များကို ရောင်းချခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

တာလီဘန်တို့အနေဖြင့် ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်နိုင်စွမ်းရှိသည့်တိုင် မကြာသေးမီက ၎င်းတို့၏ မူဝါဒအပြောင်းအလဲများသည် မပြောပလောက်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

“တာလီဘန်တွေရဲ့ မူဝါဒအပြောင်းအလဲတစ်ချို့ရှိတယ်ဆိုတာ ကျွန်တော်တို့ တွေ့မြင်ခဲ့ရပေမယ့် ရှေးရိုးစွဲဆန်ပြီး တရားသေအယူဝါဒကို ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ တာလီဘန်တွေကို ကျွန်တော်တို့ ဆက်လက်စောင့် ကြည့်နေဆဲဖြစ်ပါတယ်”ဟု အမေရိကန်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် Wilson Center မှ အာဖဂန်အရေး အထူးကျွမ်းကျင်သူ မိုက်ကယ် ကူဂဲလ်မန်းက ပြောကြားခဲ့သည်။

မိန်းကလေးများအတွက် အလယ်တန်းကျောင်းအများစုမှာ ပိတ်ထားဆဲဖြစ်သည်။ အမျိုးသမီးအများစုသည် အစိုးရအလုပ်များမှထွက်ရန် ဖိအားပေးခံခဲ့ရပြီး အများစုမှာ အ ကြောက်တရားနှင့် အရဲစွန့်ပြီး အလုပ်လုပ် ကိုင်နေရကာ တာလီဘန်တို့၏ ရိုက်နှက်အ ပြစ်ပေးမည့်အရေးကိုလည်း တွေးပူနေရသည်။

ဂီတ၊ ရှီရှားနှင့် ဖဲချပ်ကစားနည်းများကဲ့သို့ သာမန် စိတ်အပန်းဖြေနည်းများမှာ ရှေးရိုး စွဲအဆန်ဆုံးနေရာဒေသများတွင် တင်းကျပ်စွာ ထိန်းချုပ်ခံခဲ့ရပြီး ဆန္ဒပြမှုများမှာလည်း နှိမ်နင်းခံရကာ ဂျာနယ်လစ်များသည် မကြာခဏဆိုသကဲ့သို့ ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံရခြင်းတို့နှင့် ရင်ဆိုင်နေရသည်။

ပေါင်းစုံပါဝင်သည့် အစိုးရဖွဲ့စည်းရန် အနောက်နိုင်ငံများ၏ တောင်းဆိုမှုမှာ မျက်ကွယ်ပြုခံခဲ့ရပြီး ပြီးခဲ့သည့်သီတင်းပတ်က ကဘူးတွင် အယ်ကေဒါခေါင်းဆောင်လုပ် ကြံသတ်ဖြတ်ခံရသည့်အချက်သည် တာလီဘန်အဖွဲ့နှင့် ဂျီဟတ်အဖွဲ့များအကြား ဆက်ဆံရေးများ ဆက်လက်တည်မြဲနေသည့် အချက်ကို မီးမောင်းထိုးပြသရာရောက်ခဲ့သည်။

တာလီဘန်တို့၏ အာဏာအခြေစိုက်စခန်းဟု ခေါ်ဆိုနိုင်သည့် ကန်ဒါဟာတွင် တာလီဘန်အဖွဲ့၏ လျှို့ဝှက်စွာနေထိုင်တတ်သည့် အမြင့်ဆုံးခေါင်းဆောင် ဟိုင်ဘာတူလာအက်ခန်ဇာဒါသည် ၎င်း၏ အာဏာမြင့်မားသည့် အတွင်းစည်းမှ တိုက်ခိုက်ရေးသမားများနှင့် ဘာသာရေးခေါင်းဆောင်များနှင့်အတူ တွေ့ဆုံလေ့ရှိကာ အစ္စလာမ္မာစ်ဥပဒေကို ပြင်းထန် စွာအဓိပ္ပာယ်ဖွင့်ဆိုထားသည့် စည်းကမ်းချက်များကို ချမှတ်လေ့ရှိသည်။

သူတို့အတွက်မှာမူ သဘောတရားရေးရာ စိုးရိမ်ပူပန်မှုများသည် နိုင်ငံရေးသို့မဟုတ် စီးပွားရေးမောင်းနှင်အားများကြောင့် သက်ရောက်မှုရှိသည့် အပြောင်းအလဲတစ်ခုအပေါ် အလေးသာသွားမည်ကို စိုးရိမ်နေကြခြင်ဖြစ်သည်။

“အာဖဂန်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကလိုပဲ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေအောင် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်“ ဟု အက်ခန်ဇာဒါကို အကြံပေးသည့် ဘာသာ ရေးခေါင်းဆောင်များကောင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုဟာမက် အိုမာခီတာဘီက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

၄င်း၏ အတွေးအမြင်များသည် ကန်ဒါဟာ၏ ဒုစရိုက်နှင့်သုစရိုက်ရေးရာဌာနမှ ညွှန်ကြားရေးမှူး အဗ္ဗဒူ ရာမန် တာယာဘီ၏ အတွေးအမြင်များနှင့် ထပ်တူကျနေသည်။

“ကျွန်တော်တို့ ပြည်သူတွေက တခြားနိုင်ငံက ပြည်သူတွေလိုမျိုး အများကြီးမတောင်းဆိုပါဘူး”ဟု အက်ခန်ဇာဒါ၏ အနီးကပ် လက်ထောက်ဖြစ်သည့် တာယာဘီက ပြောကြားခဲ့သည်။

မတ်လအတွင်းက အက်ခန်ဇာဒါသည် မိန်းကလေးများအတွက် အလယ်တန်းကျောင်းများ ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့သဖြင့် အာဖဂန်မိသားစုများကို ထိတ်လန့်စေခဲ့သည်။

ထို့ပြင် ယင်းလုပ်ဆောင်ချက်ကြောင့် နိုင်ငံတကာက တာလီဘန်အဖွဲ့ကို ဝေဖန်ရှုတ်ချခဲ့ပြီး နိုင်ငံတကာငွေကြေးစီးဆင်းမှုများကို ပုံမှန်ပြန်လည်ဖြစ်စေရေး မျှော်လင့်ချက်သည်လည်း ပျက်ပြားခဲ့ရသည်။

အနောက်နိုင်ငံများမှ သံတမန်များနှင့် တာလီဘန်ဝန်ကြီးများအကြားဆက်ဆံရေးမှာ ပုံမှန်ရှိနေသော်လည်း အက်ခန်ဇာဒါနှင့် အနောက်အုပ်စုအကြား အဆက်ပြတ်နေမှုက တာလီဘန်အဖွဲ့အတွက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိစေရန် ကြိုးပမ်းအားထုတ်မှုကို အဟန့်အတားဖြစ်စေခဲ့သည်။

“တာလီဘန်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပြောင်းလဲချင်တဲ့ပုံမပေါ်ပါဘူး”ဟု အမည်မဖော်လိုသည့် အနောက်နိုင်ငံမှ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

တာလီဘန်အဖွဲ့အတွင်း အက်ခန်ဇာဒါ၏ သြဇာအာဏာကို ပွင့်ပွင့်လင်းလင်းစိန် ခေါ်ရဲသူတစ်ဦးမှမရှိသော်လည်း အောက်ခြေအဆင့်များတွင် သဘောထားမတိုက်ဆိုင်မှုများမှာ ပိုမိုမြင့်တက်နေသည်။

“တာလီဘန် အစောင့်တပ်သားတွေက သူတို့လစာတွေ နောက်ကျမှရတာ၊ လစာတွေနည်းနေတာကို မကြိုက်ကြပါဘူး”ဟု ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် အခြေချသည့် အမည်မဖော်လိုသည့် ရာထူးအလယ်အလတ်ရှိသည့် တာလီဘန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့ကြောင့် တာလီဘန်အဖွဲ့ဝင်အများစုသည် သူတို့နေထိုင်ရာ ကျေးရွာများသို့ပြန်ခြင်း သိ့ုမဟုတ် ပါကစ္စတန်သို့သွားရောက်ခြင်းတို့ရှိခဲ့ပြီး အခြားအလုပ်များကို လုပ်ကိုင်ခဲ့ကြသည်ဟု အခြား တာလီဘန်အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်းကလည်း နိုင်ငံမြောက်ပိုင်းတွင် ကျောက်မီးသွေးတွင်း တူးဖော်မှုများနှင့်ပတ်သက်ပြီး တာလီဘန်အဖွဲ့နှင့် တာလီဘန်တပ်မှူးဟောင်းဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့မှုက တာလီဘန်ခေါင်း ဆောင်ပိုင်းကို ဖိအားများ ပိုမိုကျရောက်စေခဲ့သည်။

“တစ်ကယ်လို့ တာလီဘန်ခေါင်းဆောင်ပိုင်းဟာ နိုင်ငံရေးအရ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် လက်တွေ့ကျပြီး စစ်မှန်တဲ့ခြိမ်းခြောက်မှုတွေကို စတင်ခံစားလာရပြီဆိုရင် အပြောင်းအလဲတွေ လုပ်ဆောင်ပါ့မလား။ ဟောင်းနွမ်းတဲ့ သဘောတရားရေးရာထဲမှာပဲ ပိတ်နေတာဟာ အလုပ်မဖြစ်ပါဘူး”ဟု လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent