ယူကရိန်းကို အမေရိကန်က နောက်ထပ်စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာတစ်ဘီလျံ ပေးအပ်မည်

ယူကရိန်းကို အမေရိကန်က နောက်ထပ်စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာတစ်ဘီလျံ ပေးအပ်မည်
သြဂုတ် ၈ ရက်က  ရုရှားက ခါကိဗ်မြောက်ပိုင်းကို ရော့ကတ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသော အိမ်တစ်ခုမှ အပျက်အစီးအပိုင်းအစကိုကိုင်ထားသည့် ယူကရိန်းစစ်သားအား တွေ့ရစဉ် (Photo-AFP)
သြဂုတ် ၈ ရက်က  ရုရှားက ခါကိဗ်မြောက်ပိုင်းကို ရော့ကတ်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသော အိမ်တစ်ခုမှ အပျက်အစီးအပိုင်းအစကိုကိုင်ထားသည့် ယူကရိန်းစစ်သားအား တွေ့ရစဉ် (Photo-AFP)
Published 9 August 2022
Ref:AFP

ရှေ့တန်း၏ နောက်ကွယ်က အလွန်းဝေးသောနေရာများတွင်ရှိနေသော ရုရှားတပ်များကို ယူကရိန်းတပ်ဖွဲ့များကတိုက်ခိုက်ရာတွင် အထောက်အကူပြုသော Himars စနစ်အတွက် ပစ်မှတ်တိကျသော နောက်ထပ်ဒုံးကျည်များအပါအဝင် ယူကရိန်းအတွက် လောလောလတ်လတ် စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ပေးရန် သြဂုတ် ၈ ရက်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာက ထုတ်ပြန်ခဲ့သည်။

ရုရှားလေယာဉ်များနှင့် ရော့ကတ်များကို ခုခံကာကွယ်ရေးအတွက် နောက်ထပ်မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ နောက်ထပ် Javelin သံချပ်ကာယာဉ်ဖျက်ရော့ကတ်များနှင့် အခြားလက်နက်ခဲယမ်းများလည်း ပါဝင်သည်ဟု ပင်တဂွန်ထုတ်ပြန်ချက်အရ သိရသည်။

“အရှေ့ပိုင်းမှာ ရုရှားထိုးစစ်ကို ခုခံရာမှာ ယူကရိန်းတွေကို အကူအညီဖြစ်စေဖို့နဲ့ တောင်ပိုင်းနဲ့ အခြားနေရာတွေမှာ ပြောင်းလဲနေတဲ့အနေအထားတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ယူကရိန်းတွေကို အထောက်အကူဖြစ်စေဖို့ ဒါတွေဟာ အားလုံးအရေးပါတဲ့စွမ်းရည်တွေရှိနေကြပါတယ်” ဟု အမေရိကန်ဒုတိယကာကွယ်ရေးဝန်ကြီး ကိုလင်ခါးလ်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ပြီးကတည်းက အမေရိကန်က ယူကရိန်းကို ပံ့ပိုးပေးသော လုံခြုံရေးအကူအညီပမာဏမှာ အမေရိကန်ဒေါ်လာ ၉.၁ ဘီလျံရှိလာပြီဖြစ်သည်။

“ရုရှားကျူးကျော်မှုကို ဆန့်ကျင်ရာမှာ ယူကရိန်းအနေနဲ့သူ့ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံခိုင်မြဲရေးကို အထောက်အကူပြုဖို့ အရေးပါတဲ့ လုံခြုံရေးအကူညီကို ပ့ံပိုးပေးကြတဲ့ နိုင်ငံ ၅၀ ထဲက မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုဟာ အတူရပ်တည်နေတာဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင်က ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ဟာ ယူကရိန်းနဲ့အတူ နီးကပ်စွာတိုင်ပင်ဆွေးနွေးတာတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဘလင်ကင်က ဖြည့်စွက်ဖော်ပြထားပြီး စစ်မြေပြင်၌ ယူကရိန်းအခြေအနေကောင်းစေရန်လည်းကောင်း၊ စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်း၌ ယူကရိန်းအနေအထားကောင်းမွန်စေရန်လည်းကောင်း နောက်ထပ်ရရှိနိုင်သောစနစ်များနှင့် စွမ်းရည်များကို ဆက်လက်တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သီးခြားအနေဖြင့်လည်း ယူကရိန်းအတွက် အမေရိကန်ပြည်ထောင်စုက ပေးအပ်သည့် အကူအညီ အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံကို သြဂုတ် ၈ ရက်တွင် ကမ္ဘာ့ဘဏ်က ကြေညာခဲ့သည်။

အဆိုပါရန်ပုံငွေများသည် ရုရှားကျူးကျော်မှုကြောင့် ဖြစ်လာသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ပြေလျော့စေရေးအတွက် အရေးပါသော ရန်ပုံငွေများဖြစ်ကာ ယူကရိန်းကအစိုးရက ဝန်ဆောင်မှုများနှင့် ပင်စင်များအတွက် အသုံးပြုရာတွင် အကူအညီဖြစ်စေမည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

“ရုရှားရဲ့အကြောင်းမဲ့ ကျူးကျော်စစ်ကနေ သူတို့ရဲ့ဒီမိုကရေစီကို ခုခံကာကွယ်ရာမှာ ယူကရိန်းပြည်သူတွေကို အထောက်အပံ့ဖြစ်စေဖို့ အခုစီးပွားရေးဆိုင်ရာ အကူအညီဟာ အရေးပါနေပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ယာနက်ရယ်လန်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရုရှားက ယူကရိန်းကျူးကျော်မှု ခြောက်လပြည့်ခါနီး၌ ရုရှားသည် ယူကရိန်းကို ပြတ်ပြတ်သားသား တိုက်ခိုက်နိုင်ခြင်းမရှိသေးပေ။ ယူကရိန်းဘက်ကလည်း ပြန်လည်ထိုးစစ်ဆင်နေသည်ဟု သိရသည်။

 

Most Read

Most Recent