အမေရိကန်က အယ်ခိုင်ဒါခေါင်းဆောင် ဇာဝါဟီရီကို သုတ်သင်ခဲ့ခြင်းနှင့် နောက်ဆက်တွဲ မေးခွန်းများ

အမေရိကန်က အယ်ခိုင်ဒါခေါင်းဆောင် ဇာဝါဟီရီကို သုတ်သင်ခဲ့ခြင်းနှင့် နောက်ဆက်တွဲ မေးခွန်းများ
Photo-NBC
Photo-NBC
Published 8 August 2022
ဖြိုးဟိန်းကျော်

တာလီဘန်တို့ အုပ်ချုပ်နေသည့် အာဖဂန်နစ္စတန်နယ်မြေထဲတွင် အယ်ခိုင်ဒါအကြမ်းဖက်ခေါင်းဆောင် အေမန်အယ်-ဇာဝါဟီရီအား ဒရုန်းဖြင့် သုတ်သင်ရှင်းလင်းမှုကို အမေရိကန်ပြည်ထောင်စု၏ အစွန်းရောက်ဝါဒတိုက်ဖျက်ရေးအတွက် ကြီးမားသောအောင်ပွဲအဖြစ် ယူဆထားကြသည်။

ဇာဝါဟီရီအား တိုက်ခိုက်ရန် အပြီးသတ်အတည်ပြုပေးခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် အဆိုပါအကြမ်းဖက်ခေါင်းဆောင် သေဆုံးသွားပြီဖြစ်ကြောင်း သြဂုတ် ၁ ရက်တွင် ကြေညာခဲ့သည်။

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုမတိုင်မီကပင် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၅ သန်း ဆုကြေးထုတ်ပြန်ခြင်းခံထားရသည့် ဇာဝါဟီရီသည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်နေဆဲဖြစ်သည်ဟု ဆိုသည်။

ဇာဝါဟီရီသည် ဆယ်စုနှစ်များနှင့်ချီကာ ကမ္ဘာ့အကြမ်းဖက်ကွန်ရက်ဖြစ်သည့် အယ်ခိုင်ဒါအုပ်စု၏ နောက်ကွယ်မှ အဓိကစီစဉ်ညွှန်ကြားသူအဖြစ် ရှိနေခဲ့သော်လည်း သြဇာကြီးမားသည့် အယ်ခိုင်ဒါတည်ထောင်သူ အိုစမာဘင်လာဒင် လက်ထက်က အခြေအနေမျိုး ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေ။

အီဂျစ်နိုင်ငံတွင်မွေးဖွားခဲ့သည့် အသက် ၇၁ နှစ်အရွယ် မျက်စိဆရာဝန် ဇာဝါဟီရီသည် အယ်ခိုင်ဒါအုပ်စု၏ အထင်ကရ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်သည့် ၁၉၉၈ ခုနှစ်က ကင်ညာနှင့် တန်ဇန်းနီးယားနိုင်ငံတို့ရှိ အမေရိကန်သံရုံးများ တိုက်ခိုက်ခံရမှုနှင့် လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရသည့် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

သို့ရာတွင် အယ်ခိုင်ဒါအုပ်စုကို ၎င်းဦးဆောင်ခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း အလွန်ရက်စက်ကြမ်းကြုတ်သည့် Islamic State (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့က ဂျီဟတ်လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီး အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ရှိ နယ်မြေအများအပြားကို သိမ်းယူကာ အစ္စလာမ္မစ်နယ်မြေ ကြေညာခဲ့သည့်အတွက် ၎င်းအနေဖြင့် အယ်ခိုင်ဒါ၏အရှိန်အဝါကို ပြန်တည်ဆောက်နိုင်ခဲ့ခြင်း မရှိပေ။

သို့ဖြစ်ရာ အသက်အရွယ် ကြီးရင့်လာသည့် ဇာဝါဟီရီအနေဖြင့် ယမန်နှစ်သြဂုတ်လတွင် အာဖဂန်နစ္စတန်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် တာလီဘန်တို့နှင့် မဟာမိတ်ဖွဲ့ကာ အယ်ခိုင်ဒါအဖွဲ့ကို အားသစ်လောင်းရန် ကြိုးပမ်းနေပုံရကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ ၂၀၁၁ ခုနှစ်တွင် ပါကစ္စတန်၌ အယ်ခိုင်ဒါအုပ်စု တည်ထောင်သူ အိုစမာဘင်လာဒင် အမေရိကန်နေဗီဆီးလ်တပ်ဖွဲ့ဝင်များ၏ စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီးနောက်တွင် ဇာဝါဟီရီသည် အယ်ခိုင်ဒါအုပ်စု၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

အယ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့တည်ထောင်သူ အိုစမာဘင်လာဒင်၏ ကာလရှည်လက်ထောက်ဖြစ်ခဲ့သည့် ဇာဝါဟီရီ သုတ်သင်ခံရမှုနှင့်ပတ်သက်၍ မေးခွန်းပေါင်းများစွာ ကျန်ရစ်နေဆဲဖြစ်ပြီး အဓိကမေးခွန်းမှာ တာလီဘန်တို့ အုပ်စိုးနေသည့် အာဖဂန်နစ္စတန်သည် စစ်သွေးကြွအုပ်စုများနှင့် အကြမ်းဖက်အဖွဲ့အစည်းများအတွက် ခိုလှုံရာနေရာအဖြစ် ဆက်ရှိနေသလားဟူသည့် မေးခွန်းပင်ဖြစ်သည်။

ထို့ပြင် အမေရိကန်အနေဖြင့်လည်း အကြမ်းဖက်အုပ်စုများကို တိုက်ဖျက်သည့်စစ်ဆင်ရေးများ လုပ်ဆောင်ရန်အတွက် အာဖဂန်နစ္စတန်၌ တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားရန် လိုအပ်ပါမည်လော။

တာလီဘန်တို့၏ ပြစ်တင်ရှုတ်ချမှု

တာလီဘန်တို့ကမူ အာဖဂန်နယ်မြေထဲတွင် ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အမေရိကန်၏ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ယင်းသည် အာဖဂန်၏အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါတိုက်ခိုက်မှုသည်၂၀၂၀ ခုနှစ်က အမေရိကန်နှင့် တာလီဘန်အုပ်စုအကြား လက်မှတ်ရေးထိုးခဲ့သည့် ဒိုဟာသဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း တာလီဘန်တို့က အခိုင်အမာစွပ်စွဲခဲ့သည်။

တာလီဘန်တို့၏ ပြောခွင့်ရ ဇာဘီဟူလာမူဂျာဟစ်ကလည်း အာဖဂန်နစ္စတန်အနေဖြင့် မည်သည့်အကြောင်းရင်းကြောင့်ပင်ဖြစ်စေ ၎င်းတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း တွစ်တာမှ ပြောကြားခဲ့ပြီး ယင်းသည် ဒိုဟာသဘောတူညီချက်နှင့် အပြည်ပြည်ဆိုင်ရာ အခြေခံစည်းမျဉ်းများကို ထင်ထင်ရှားရှား ချိုးဖောက်ခဲ့သည့်လုပ်ရပ်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဒိုဟာ သဘောတူညီချက်အရ တာလီဘန်တို့သည် အာဖဂန်ပိုင်နက်အတွင်း အကြမ်းဖက်အုပ်စုများကို ခြေချခွင့်ပေးမည်မဟုတ်ဟု လုံခြုံရေးအာမခံချက်ပေးထားသော်လည်း လက်တွေ့တွင်မူ ၎င်းတို့အနေဖြင့် ကတိအတိုင်း လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။

ဥပမာအားဖြင့်ဆိုရသော် ပါကစ္စတန်အစိုးရက ထပ်ကာတလဲလဲ မေတ္တာရပ်ခံထားသည့်တိုင် တာလီဘန်တို့အနေဖြင့် တရားမဝင် အဖွဲ့အစည်းဖြစ်သည့်Tehreek-e-Taliban Pakistan (TTP) ၏ လှုပ်ရှားမှုများကို ပိတ်ပင်ဟန့်တားခဲ့ခြင်း မရှိပေ။ သို့ဖြစ်ရာ တာလီဘန်တို့ ထိန်းချုပ်ထားသည့် အာဖဂန်နစ္စတန်သည် TTP အဖွဲ့အတွက် ဘေးကင်းလုံခြုံသည့် ခိုလှုံရာတစ်ခုဖြစ်နေခဲ့ပြီး အာဖဂန်တွင် အခြေပြုကာ အိမ်နီးချင်းပါကစ္စတန်နိုင်ငံအတွင်း၌ လုပ်ဆောင်မည့် အကြမ်းဖက်တိုက်ခိုက်မှုများကို စီမံလုပ်ဆောင်ခဲ့သည်။

တာလီဘန်တို့က ပါကစ္စတန်အစိုးရနှင့် TTP အဖွဲ့အား စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းပေါ် ရောက်လာစေရန် ကြိုးပမ်းနေသည့်တိုင် လူမျိုးစုဒေသမှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပေးရေး၊ ခီဘာပါ့ခ်တန်ဝါ ပြည်နယ်နှင့် လူမျိုးစုဒေသများအား ပေါင်းစည်းရေးကို ရှေ့တိုးလုပ်ဆောင်ခြင်းမပြုရေး အစရှိသည့် TTP ၏ တောင်းဆိုချက်များကို လက်ခံခဲ့သည်။

ယင်းကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ မြင့်တက်လာသည့်အခြေအနေကို မဆိုထားနှင့် အာဖဂန်နစ္စတန်နယ်မြေအတွင်း အကြမ်းဖက်အဖွဲ့အစည်းများ တည်ရှိနေခြင်းသည်ပင်လျှင် ဒိုဟာသဘောတူညီချက်ကို ချိုးဖောက်နေခြင်းဖြစ်သည်။ ကုလသမဂ္ဂက မကြာသေးမီကပင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင်လည်း အယ်ခိုင်ဒါနှင့်Islamic State-Khora-san Province  အဖွဲ့တို့သည် အာဖဂန်နစ္စတန်ထဲတွင် ပိုမိုအားကောင်းလာခဲ့ပြီး အခြားသောနိုင်ငံများအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သည်ဟု သတိပေးထားသည်။

ထို့ပြင် ဇာဝါဟီရီသည် အာဖဂန်နစ္စတန်နိုင်ငံထဲတွင် နေထိုင်လျက်ရှိပြီး လွတ်လပ်စွာ ဆက်သွယ်လှုပ်ရှားလျက်ရှိကြောင်းလည်း အဆိုပါအစီရင်ခံစာတွင် အတည်ပြုဖော်ပြထားသည်။ အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်ခဲ့ခြင်း၊ တာလီဘန်တို့ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့အတွင်း အယ်ခိုင်ဒါ၏ အဓိကမဟာမိတ်များ သြဇာကြီးထွားလာခြင်းနှင့် အာဖဂန်နယ်မြေထဲတွင် ဇာဝါဟီရီ ပိုမိုလွတ်လပ်စွာ ဆက်သွယ်လှုပ်ရှားလာနိုင်ခဲ့သည့် အခြေအနေတို့သည်လည်း တိုက်ဆိုင်နေခဲ့သည်။ ဇာဝါဟီရီအနေဖြင့် ထိုကဲ့သို့ လွတ်လပ်စွာဆက်သွယ်လှုပ်ရှားနိုင်ခဲ့ခြင်းကပင် နောက်ဆုံး၌ ၎င်း၏ပျက်သုဉ်းမှုကို ဦးတည်စေခဲ့ပုံရသည်။

အာဖဂန်နစ္စတန်တွင် အမေရိကန်က အကြမ်းဖက်တိုက်ဖျက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်လော

အယ်ခိုင်ဒါခေါင်းဆောင် ဇာဝါဟီရီအနေဖြင့် ပုန်းအောင်းနေထိုင်ခဲ့သည့် ကာလအတွင်း မည်သည့်အခန်းကဏ္ဍတွင် ပါဝင်လှုပ်ရှားခဲ့သည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဇာဝါဟီရီကို သုတ်သင်မှုသည် ယမန်နှစ်တွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း ၎င်းနိုင်ငံထဲတွင် အမေရိကန်က ပထမဆုံးအကြိမ် ဒရုန်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

တိုက်ခိုက်မှုအောင်မြင်ခဲ့ခြင်းသည် အမေရိကန်အနေဖြင့် မြေပြင်တွင် တပ်ဖွဲ့ဝင်များကို ထိထိရောက်ရောက် ဖြန့်ကြက်ထားခြင်း မရှိသည့်တိုင် အကြမ်းဖက်မှုတိုက်ဖျက်သည့် စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နိုင်စွမ်းရှိကြောင်း လက်တွေ့ပြသလိုက်ခြင်းလည်းဖြစ်သည်။

သို့ရာတွင် အယ်ခိုင်ဒါနှင့်အခြားအကြမ်းဖက်အဖွဲ့အစည်းများ ဆက်လက်လှုပ်ရှားနေဆဲဖြစ်သည့်အတွက် အမေရိကန်အနေဖြင့် စစ်ဒဏ်သင့် အာဖဂန်နစ္စတန်နိုင်ငံထဲတွင် ဒရုန်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်လား၊ ပါကစ္စတန်အစိုးရအနေဖြင့်လည်း အာဖဂန်နစ္စတန်ရှိ အစွန်းရောက်များကို ဒရုန်းဖြင့် ချေမှုန်းသည့် လူအများ၏ ဝေဖန်ခြင်းခံနေရသော စစ်ဆင်ရေးတွင် အမေရိကန်နှင့်အတူ ပူးပေါင်းပါဝင်လာမည်လားဟူသည့် မေးခွန်းများ ကျန်ရှိနေဆဲပင်ဖြစ်သည်။

Ref:CNA

Most Read

Most Recent